အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, December 21, 2010

မေမေ့လက်ဆောင်

မေမေ...
မှတ်မိသေးတယ်လေ...
ကြာခဲ့ပြီဖြစ်သော..ကျောင်းသားဘဝ
မေမေ့မေတ္တာတွေ လွယ်အိတ်ထဲထည့်...
ဘာမှမဟုတ်တဲ့ အတွေးတစ်ခုနဲ့...
ကျောင်းမှာပျော်ခဲ့တယ်
မိုးရွာတဲ့ကျောင်းဆင်းနေ့တွေ
ကျောင်းဝင်းရဲ့ဂိတ်ဝမှာ
ထီးဆောင်းရင်းအလုအယက်
မကြောက်မရှက်ဆီးကြိုနေပုံလေး
ဝေးကွာစွာကျန်ခဲ့လည်း...
မေမေ..သားမမေ့သေးပါဘူးလေ...။

လူငယ်ဘဝ
ဦးစားပေးပညာရေးကိစ္စအတွက်
အိမ်နှင့်ခွဲခွာ လက်ပြလို့နှုတ်ဆက်စဉ်က
ပီတိနဲ့မေမေ မျက်ရည်တွေ...ဝေရင်း
ဥသြသံတိုးစေခဲ့တာ
နှုတ်ဆက်ချိန်ဘူတာကြီးမှာ...။

လွမ်းလွန်းလို့အိပ်မပျော်
အိမ်အကြောင်းတွေးရင်းအချိန်တွေကြာ
ချမ်းအေးတဲ့ ပြင်ဦးလွင် December က
ထပ်ဆင့်ကာဝေး..တွေးမရတဲ့မိုင်တွေဆီ
ရောက်လာပြန်ပြီတစ်ခါ....
ဒီတစ်ခါသွားရမှာဟိုးအဝေးက ရေမြေခြားဆီမို့
လေယာဉ်ကွင်းထဲလွမ်းမဆုံးနိုင်...
အချိန်လုစကားပြောခဲ့..
ဟောဟိုမှာ...
လေယာဉ်ကြီးလည်းပန်ကာလည်ပြီ
ည(၉)နာရီလည်းထိုးပြီ...
လေယာဉ်ကွင်းလည်းငိုနေပြီ
မေမေနဲ့အတူ...။

အချိန်တွေလည်းကြာခဲ့ပြီ
အခုထိလွမ်းရင်းဆွေး
အတွေးတွေလည်းနှစ်ချို့လို့
သို့သော်လည်းမေမေ...
သားမမေ့သေးပါဘူး..
အန္တရာယ်ကင်းစေချင်လို့...
သားချစ်တဲ့မေမေ
သားရင်ထဲကမေမေ
ပေးခဲ့တဲ့အဆောင်လေး
မပျောက်သေးပါဘူး
ဘုန်းနိမ့်မှာယောင်လို့တောင်မတွေးမိလို့...
ဒီနေ့ထိလည်ပင်းမှာဆွဲထားခဲ့တာ
မေမေ....
မေမေ့ရဲ့...အထက်ဆင်စလေးပါ...

နေပိုင်

3 comments:

Beauty Studio USA Branded Store said...

အမေ့အထက်ဆင်ဆိုပေမယ့် အမေ့ရဲ့မေတ္တာရင်ငွေ့တွေပါပဲဗျာ။
ကဗျာလေးကောင်းတယ် ဇော်ရေ။

Anonymous said...

ပြောဆို ဆုံးမ စရာ မလိုပါဘူးဗျ။ တကယ်က ကျနော့ကိုပဲ ဆုံးမရမှာ....။ ဆိုး- ပေ- တေပြီး အိမ်က ထွက်လာခဲ့တဲ့နောက်ပိုင်း အမေကို ခဏခဏ လွမ်းတယ်။ တစ်နေ့တာ အတွင်းမှာ အကြိမ်ပေါင်းက မနည်းတော့ပါဘူး။ ရက်တွေကြာလေ ပိုလွမ်းလေ၊ ပိုသတိရလေပဲ.......။ ဒီကဗျာလေး ဖတ်တော့ မျက်ရည်ဝဲမိသလိုလိုဗျာ။ ယောင်္ကျားလေး တစ်ယောက်မို့ အပြင်ကို ထွက်မလာပဲ .....မျက်ရည်က ရင်ထဲသာ ကျသွားတယ်။ လူမသိ သူမသိ ကျရတာ မို့လား တော့ မသိ။ အလုံး အရင်းနဲ့........။

ကူးယူခွင့်ပြုပါဗျာ.......။ ကျနော့ဆိုဒ်လေးမှာ အမှတ်တရ တင်ချင်လို့ပါ....။ အကြောင်းပြန်တာကို စောင့်မနေတော့ပါဘူး နော..။ တစ်ခါတည်း ယူသွားပါပြီ။ ကျေးဇူးတင်ပါတယ်။ အမေ့ဆီ ဖုန်းမဆက် ဖြစ်တာ..အကြောင်းမကြားဖြစ်တာ သုံးလ ရှိပြီ။ စိုးရိမ်နေတော့မယ်ဆိုတာ သိပေမယ့် အခြားအကြောင်းတွေကို တွေးထောက်ပြီး ပေ-နေခဲ့တာ.။ အခုတော့ အမေ ကျောင်းဝက ထီးကလေးမိုးပြီး မရှက်မကြောက် စောင့်နေတယ်ဆိုတဲ့ စကားလေး တိုက်ဆိုင်လို့ ပြန်မြင်ယောင်ရင်း .....မနေနိုင်တော့ဘူးဗျာ။ ကျနော် စာမေးပွဲဖြေတော့......ကျောင်းဝကနေ သုံးလေးနာရီ မနားတမ်း ရပ်စောင့်နေရှာတဲ့ အမေ့ကို .... အားရပါးရသာ ပြေးဖက်ထားလိုက်ချင်တော့တယ်။ ရင်ထဲမှာတော့ ပြိုကုန်ပါပြီဗျာ........။

sandviper said...

လာလည်သွားပါတယ် .. ကျွန်တော်လည်းလွမ်းတယ် ဗျာ ... အမေ့နဲအဖေကို ..