အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, July 21, 2011

ကျနော်နှင့် ...... ကျနော် (သို့မဟုတ် ) မိုင်တိုင်နံပါတ် ၂၄။

တိတ်ဆိတ်၍ ရေငွေ့ပျံနေသော အခန်းကျဉ်းလေး၏ ကုတင်တစ်လုံးပေါ်၌ ငြိမ်ငြိမ်သက်သက် ကျနော် ထိုင်နေခဲ့သည်။ ကျနော့်မျက်စိရှေ့တွင် ဖြူလွလွ နံရံတစ်ခု။ နံရံပေါ်တွင် ကပ်ထားခဲ့သော ဓါတ်ပုံတစ်ပုံ၌ ထင်ပေါ်နေသော ဖေဖေ ... မေမေ နှင့် သားငယ်တို့၏ အပြုံးများ...။
Blockquote
လေအေးပေးစက်မှ လွင့်ပျံလာသော အေးစက်စက် လေထု၏ ရိုက်ခတ်မှုအောက် တစ်ချောက်ချောက်မြည်နေသော နာရီသံမှ အပ ၀န်းကျင်သည် ပကတိ သုညံလျှက်...။
ဖြစ်တည်ခဲ့ပြီးသော အတိတ်၏ ခြေရာများ။
လျှောက်လှမ်းဆဲ ဖြစ်သော ရေပြင်ညီ။
မှုန်ပျပျ နံနက်ဖြန်။
စက်ဝိုင်းတစ်ခုလို လည်နေခဲ့သော အစနှင့် အဆုံး။

မေမေ .....။

ရင်ထဲမှ တီးတိုးရေရွတ်သံတစ်ခု နားထဲတွင် ဆူညံစွာ ပေါက်ကွဲတော့ ကျနော် အထိတ်တလန့်ဖြစ်ရသည်။
သြော်.... ကျနော်ဆိုသော သစ်တစ်ပင်သည် လေရူးတွင် ရော်ရွက်တွေနှင့် တလွင့်လွင့် လှုတ်ခတ်လျှက် ရှိခဲ့ပြီ။

ဝေ့၀ဲနေသော အတွေးများတွင် ဆုပ်ကိုင်ရခက်ခဲသော ဒဏ်ရာတစ်ခုစီရှိခဲ့သည်။
ကျနော်လုပ်ခဲ့သော အပိုကိစ္စများနှင့် ကျနော်ရှူခဲ့သော အပိုလေများ၊ ကျနော့်ကို ၀င်တိုက်သွားကြသော ခလုတ်များနှင့် ကျနော်က ၀င်တိုက်ခဲ့သော ခလုတ်များ။
အပြစ်မတင်ခဲ့ပါ။ သို့သော် အမာရွတ်တော့ ထင်ကျန်သည်။

မေမေ .... ရိုးသားဖို့ ကြုးစားရင်း မရိုးမသားနဲ့ အသက်ရှူနေရတာကိုက မွန်းကြပ်လွန်းလှပါတယ်ဗျာ....။

ရိုးသားခြင်းကို တစ်ခါ ငတ်မွတ်တိုင်း ကျနော့်ရှေ့တွင် မိုးခါးရေတစ်ပုလင်း အဆင်သင့် ရှိနေတတ်ခဲ့သည်။ အတွေးတွေကို သတ်ဖို့ ဓါးထက်ထက်တစ်လက် ကျနော်သွေးတိုင်း အတွေးတွေက ကျနော့်နယ်မြေတွင် အလံဖြူစိုက်၍ သိမ်းပိုက်ကြသည်။ တစ်စက္ကန့်ရှင်လိုက် တစ်စက္ကန့်သေလိုက်နဲ့ အမှတ်မရှိ ကျနော် မွေ့ပျော်သည်။ ကျနော်နှင့် ခပ်လှမ်းလှမ်းတွင် မရဏမင်းက ကျနော်၏ အလစ်အငိုက်ကို မုဆိုးချောင်း ချောင်းလျှက်။
ကိုယ့်ကိုယ်ကိုယ် သားကောင်လား မုဆိုးလားပင် ရေရေရာရာ မသိသော ကျနော်က
မေမေရယ်... သမီး ငယ်ပါသေးတယ် .... တဲ့
အရှက်မရှိ ပြောထွက်ခဲ့ဖူးသည်။

၂၄ နာရီများရှိ မိနစ်နည်းနည်းတို့တွင် တိတ်တဆိတ် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရသမျှ ကျနော့်ကို လောင်နေသော မီးများ၊ ကျနော်၏ မငြိမ်းသော မီးများသည် ကျနော်ကိုယ်တိုင်ရှို့သော ရှို့မီးများသာဖြစ်ကြောင်း ကျနော်သိလိုက်ရသည့်နောက် ကျနော့်ကိုယ် ကျနော် အထင်သေး၍ စက်ဆုပ်ရွံရှာမိသည်။
တယ်ပြီး ... ငါ ... မိုက်လုံးကြီးပါပကော...။
သို့သော် လက်ကတော့ ရှို့မီးကို ကိုင်ထားဆဲ။ ခန္ဒာလောင်စာကို မီးညှိဖို့ ကြိုးစားနေခဲ့ဆဲ...။

မမြဲခြင်း အုတ်တိုင်တွေနှင့် ဘောင်ကွတ်ထားသော သြကာသလောကထဲတွင် မြေမှုန်လူသား မိခင်မှ မြေမှုန်လူသားကျနော့်ကို မွေးဖွားခဲ့သည်။ သေးငယ်သော မြေမှုန်ကလေးများဖြင့် ဖြစ်တည်နေသော ကျနော်သည် စွဲလန်းခြင်းများဖြင့် ခန္ဒာဖွဲ့သည်။ မာနကို အုတ်မြစ်ချသည်။ ဘ၀င်တစ်ခုကို ခြေထောက်ပြုသည်။ ထို့နောက်မှ ငါဆိုတော့ အတ္တသည် ကျနော့်မျက်နှာ၏ ထောက်တိုင် လည်ပင်း အဖြစ် တည်ရှိလာခဲ့သည်။ သို့သော် ကျနော် မသိသော၊ ကျနော်မမြင်နိုင်သော ကျနော်၏ နောက်ကျောတွင် လောင်ကျွမ်းနေသော ဖွဲမီးများ.... လေးပင် မောပန်းလွန်းစွာ ကျနော် ထမ်းထားနေခဲ့ရဆဲ။

မေမေ .... ကေလာသနဲ့ နေမိန္ဒရကို သမီး သတိရတယ်..။ ပြီးတော့ ရိုးမတောင်ခြေ.. ငါးဆူတောင် တောင်ပေါ်က ချမ်းမြေ့ဂုဏ်ဝေ ကို လွမ်းတယ်..။

တိတ်ဆိတ်စွာ တိုက်ခတ်လာသော လေပြည်အေးများ၊ ငြိမ့်ညောင်းစွာ လှုတ်ခတ်နေသော သစ်ရွက်များ၏ ဂီတ၊ ကျနော်ရပ်နေခဲ့ဖူးသော သဲမြေပြင်၏ ပူပူနွေးနွေးအာရုံ၊ လွင့်ပျံလာသော ကြေးစည်သံ...၊
မြေမှုန်တွေထဲ၌ လွန့်လူးစွာ တည်ရှိနေသော အသက်ငွေ့၏ စိတ်အစဉ်တွင် အာရုံတစ်ခုသာ ထင်ဟပ်နေခဲ့သည်။ မွတ်သိပ်စွာ ဆာလောင်နေခဲ့သော အရာ...။
ငြိမ်းချမ်းခြင်း..။

မေမေ ... ဒီနေ့ သမီး လူ့လောကထဲကို ၀င်ရောက်လာခဲ့တာ ၈၇၆၆ ရက် ဖြစ်ခဲ့ပြီ။ သမီး ဘာတွေ လုပ်ခဲ့ပြီးပြီးလဲ...။

ရှင်သန်နေရသော ဒီနေ့တွင် ကျနော် နောင်တကင်းချင်ပါသည်။ မသေချာသော နံနက်ဖြန်၏ အာရုံဦးထက် ဒီနေ့၏ နံနက်ခင်းကို ကျနော် အားရပါးရ နှုတ်ဆက်ချင်သည်။ မရှိတော့သော အတိတ် ဒဏ်ရာများ၏ နာကျင်နေရမှုအစား ဒီနေ့ ကျနော် ကျေနပ်စွာ ပြုံးချင်သည်။
ပြောခဲ့ဖူးသော စကားတစ်ခွန်းကို ကျနော်သတိရမိသည်။
ဘယ်သူ့ကိုမှ ဘယ်တော့မှ အပြစ်မတင်တော့တဲ့သူ ဖြစ်ချင်ပါသည်။

လောင်နေသော မီးများ၏ အောက် ငြိမ်ငြိမ်သက်သက် အေးချမ်းချင်သည်။ ရှူရှိုက်မိသော အပိုလေများ၊ မရိုးသားသော အသက်တာအတွက် လူမသိသူမသိ အခိုင်အမာဆုံးဖြတ်ချက်တစ်ချို့နှင့်အတူ ကိုယ့်စိတ်ကို ကိုယ် တံမြက်လှည်း၍ ဖုန်ခါချင်သည်။

မေမေ ... မောဟိုက်နွမ်းနယ်နေတဲ့ စိတ်ခန္ဒာအတွက် သမီး အသက် ၀၀ ရှူချင်တယ်...။

တည်ငြိမ်ခြင်း၊ ငြိမ်သက်ခြင်း၊ ပစ္စုပန်၊ သတိ။
ထိုသူများနှင့် ကျနော် မိတ်ဆွေဖွဲ့ပါမည်။ ငြိမ်းချမ်းခြင်း၊ သိမ်မွေ့ခြင်း၊ စိတ်လျှော့ခြင်းနယ်ပယ်များသို့ ကျနော့် ခရီးကို ဦးတည်ပါမည်။ ကြမ်းတမ်းသော ခရီးလမ်းတွင် ထမ်းနေရသော ၀န်များ ငှက်မွေးတစ်ချောင်းပမာ ဖြစ်စေဖို့ ကျနော် တာဝန်ယူချင်သည်။ ပိုင်ဆိုင်ရာ ဘာမှမရှိခဲ့သော မြေမှုန်လူသားကျနော်သည် အနောက်ဘက်ကမ်းတွင် နေသူရိန် မေးတင်သောအခါ မြေကြီးအောက်တွင်သာ အိပ်စက်နားခိုရပါလိမ့်မည်။

မေမေ ... ဒီနေ့ သမီး.. ၂၄ နှစ် ပြည့် ခဲ့ ပြီ ....။


(ဇူလိုင်လ ၂၂ရက် ၂၀၁၁ တွင် ကျရောက်သော ၂၄နှစ်ပြည့်မွေးနေ့အတွက် ကျနော် ဖွဲ့ဆိုပါသည်။ )
ဇော်။

No comments: