ကွန်ပြူတာကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သော အကြည့်များ၊ စားပွဲပေါ်မှ စာရင်းစာအုပ်များနှင့် လုံးထွေးနေခဲ့ရသော အချိန်များ ကုန်ဆုံးသွားခဲ့ကြပြီ။ ပြောင်းလဲနေသော နာရီလက်တံများနှင့်အတူ နိုက်ဒျူတီလဲ ကုန်ဆုံးသွားခဲ့ပြီ။ ဖုန်းထဲဝင်လာသော ဟက်ပီးဘက်ဒေး နှုတ်ဆက်စာတစ်စောင်၏ အော်မြည်သံကြောင့် ဒီနေ့ ကျနော့်မွေးနေ့မှန်း သတိရမိသည်။
ကုန်ဆုံးသွားသော အချိန်တွေနှင့်အတူ ကျနော်လဲ တစ်စစ ကုန်ဆုံးနေခဲ့ပြီ။
ထိုင်နေရသည်မှာ ကြာလွန်းခဲ့၍ နာကျင်ကိုက်ခဲနေသော ခန္ဒာကိုယ်ကို တစ်ချက်အညောင်းဆန့်ရင်း ထိုင်ရာမှ ဖြည်းညင်းစွာ ကျနော် ထရပ်လိုက်သည်။ ကျနော်နှင့်အတူ ကျနော့် စိတ်အစဉ်သည်လဲ ထိုင်နေရာမှ ထရပ်ခဲ့ပါပြီ။ အာရုဏ်သည် နံနက်ခင်းကို သောင်းသောင်းဖျဖျ ကြိုဆိုရန် အားယူနေခဲ့သည်။
သိမ်းဆည်းစရာ ရှိသည်များ သိမ်းဆည်း၍ ကျနော် အိမ်ပြန်ရန်ပြင်ဆင်ချိန်၌ မောနင်းဒျူတီအတွက် လူများ တစ်ဖွဲဖွဲရောက်လာခဲ့ကြပြီ။ ဟက်ပီးဘက်ဒေး နှုတ်ဆက်သံ .. မောနင်းဟု အော်မြည်သံများသည် လက်ပံပင်ပေါ် ဇရက်ကျသည့်နှယ် ရုံးတစ်ခုလုံး ပြန့်ကျဲလျှက်။ တစ်စစီလိုက်ကောက်ရလျှင် အမှိုက်ကား တစ်စီးစာလောက် ရနိုင်မည်လားမသိ။ ကျနော် ပါးပါးလေး တွေးဖြစ်ခဲ့သေးသည်။ မွေးနေ့၏ နံနက်ခင်းသည် ဆူညံပွက်လောရိုက်နေသည်ကတော့ အမှန်။
ရုံးမှထွက်လာသော လမ်းတစ်လျှောက် ကျနော်ရင်ဆိုင်လာရသော မျက်နှာများသည် အလျှံမီးမီးထင်ဟပ်လျှက် ရှိကြသည်။ နွေရာသီ၏ အခိုးအငွေ့ တံလျှပ်များကို ထိုသူများ၏ မျက်နှာ ကြမ်းပြင်ပေါ်၌ ကျနော် မြင်တွေ့နေရသည်။ ကျနော်ရော ငြိမ်းချမ်းပါရဲ့လား။
ကိုယ့်ကိုယ်ကို တိုးတိုးဖွဖွ ကျနော်မေးမိတော့ လေပူတွေနှင့် အိုက်လှောင်ဆဲ။
ထိုင်ခုံနေရာတစ်ခုအတွက် စစ်ကြေငြာနေကြသောသူများကို ကျနော် မြင်ရသည်။ မလိုအပ်သော စကားအပိုများနှင့် မျက်နှာသစ်ကြသော သူများကိုလဲ ကျနော်မြင်ရသည်။ ဖြာကျလာသော နေရောင်ခြည်နှင့်အတူ " ငါ " ပေါင်းများစွာ ကျနော် မြင်နေရသည်။ ကျနော် သိမ်ငယ်လိုက်လေခြင်း။
မွေးနေ့မတိုင်ခင် နံနက်ခင်းတစ်ခုတွင် နံနက်စာစားရင် ( ကျနော့်လက်ထောက် ) အကိုကြီး ဂျွန် နှင့် ပြောခဲ့မိသော အကြောင်းအရာလေး ကျနော် အမှတ်ရမိသည်။ အရင်တုန်းကလဲ ကျနော်တို့ တစ်ရက်တွင် ၂၄နာရီ အပြည့်ရခဲ့သည်။ အခုလဲ ကျနော်တို့ ၂၄နာရီအပြည့်ရနေကြသည်။ ဘာ့ကြောင့် အခု ကျနော်တို့ အချိန်မရှိရသနည်း။ အရင်တုန်းကလဲ ကျနော်တို့ အစားအစာ၊ ရေ၊ အောက်ဆီဂျင် နှင့် အရှက်လုံရန် ရာသီဥတုနှင့် လိုက်လျောညီထွေသော အ၀တ်အစားများသာ လိုအပ်ခဲ့ကြသည်။ အခုလဲ အစားအစာ၊ ရေ၊ အောက်ဆီဂျင် နှင့် အရှက်လုံရန် ရာသီဥတုနှင့် လိုက်လျောညီထွေသော အ၀တ်အစားများ သာ လိုအပ်နေကြဆဲဖြစ်သည်။ ဘာ့ကြောင့်များ အဓိက မဟုတ်သော အကြောင်းအရာတွေ ကျနော်တို့ ပို၍ လိုချင်နေကြရပါသနည်း။
စဉ်းစားရင်း ကျနော် ထမင်း နင်သွားခဲ့ရဖူးပါသည်။ ကျနော်လဲ လိုအပ်တာထက် ပိုစားလိုက်မိ၍ပဲ ဖြစ်ရမည်။
နေသည် တစ်ဖြည်းဖြည်း နံနက်ခင်းကို ပို၍ အသက်ဝင်လာနေစေခဲ့သည်။ ကျနော်သည်လဲ တစ်ဖြည်းဖြည်း ရုပ်လုံးကြွလာခဲ့ပါပြီ။ ထို့အတူ အရေးအကြောင်းများလဲ ထင်ဟပ်လာခဲ့သည်။ ပြောင်းလဲနေသော သဘောသဘာဝကြီးထဲတွင် ကျနော်တစ်ယောက်တည်း ရပ်နေ၍ မရမည့်အတူတူ လမ်းလျှောက်ချင်သည်။ စိတ်အေးလက်အေးသာ လမ်းလျှောက်ချင်ပါသည်။ ဘယ်လောက်ကြာကြာ လျှောက်ရမည်လဲဆိုသည်ကို ကျနော် မစဉ်းစားချင်တော့ပါ။ လျှောက်နိုင်သလောက် ကျနော် စိတ်အေးလက်အေးသာ လျှောက်ချင်ပါသည်။
မွေးနေ့နံနက်ခင်း၌ မြင်မြင်သမျှ လူများကို ကျနော် လိုက်ကြည့်ဖြစ်ခဲ့သည်။ ကြည့်သောသူ မြင်၏ ဆိုသကဲ့သို့ ကျနော်လဲ ကြည့်သမျှ တွေ့ပါသည်။ ထိုသူများအားလုံး ဆီများဖြင့်သာ မျက်နှာများကို လိမ်းခြယ်၍ အလှဆင်ထားကြလေသည်။
နေမင်းသည် သူ၏ ထုံးတမ်းစဉ်လာအတိုင်းပင် ကောင်းကင် ထိုင်ခုံတွင် ထိုင်၍ လောက ပိတ်သားပြင်ကို ကြည့်ရှုနေခဲ့ပြီ။ ကျနော်သည်လဲ နေကြာတစ်ပွင့် ဖြစ်ချင်ခဲ့ပါသည်။
( ဇူလိုင်လ ၂၇ရက်နေ့တွင် ကျရောက်သော အကို (ဒေါက်တာ) ထက်အောင် ( ဧရာဝတီသား ဘလော့ပိုင်ရှင်) ငြိမ်းချမ်းပါစေ။)
ဇော်။
1 comment:
မွေးနေ့လက်ဆောင်လေးမိုက်တယ်။။။။
Post a Comment