( I )
" ပူညံ ပူညံ မလုပ်ပါနဲ့ကွာ.... နားပူတယ်။ "
အဝေးက အော်မြည်သံတွေ ကျနော် ကြားနေရတယ်။ လေတိုက်သံလား၊ တောလားခေါ်သံလား။ သေချာ မသဲကွဲပေမယ့် လေထုဟာ ခုနကထက် ပိုပူလာတယ်။ ငေးမိငေးရာ ငေးနေမိတဲ့ ကောင်းကင်ကဗ္ဗလာမှာ ကြယ်တွေက မှိတ်တုတ်မှိတ်တုတ်နဲ့ အလင်းတောက်စားပြနေကြ။
ယောင်ရမ်းမှိတ်လိုက်မိတဲ့ မျက်ဝန်းအစုံအောက် ရင်ဘတ်တစ်ခုလုံး အပြိုင်းအရိုင်း ... ကြွေ..။
" အကို ... အကို့ကို လူတစ်ယောက်က သိပ်ချစ်နေခဲ့ရင် အကို ဘယ်လို ခံစားရမလဲဗျာ ... "
" ပျော်တာပေါ့ကွာ ... ဒါပေမယ့် စိတ်ကျဉ်းကျပ်တယ် ... "
လွတ်လပ်စွာ လွင့်ဝဲနေတဲ့ သစ်ရွက်တစ်ရွက်ကို ကျနော်က ကြိုးတစ်ချောင်းနဲ့ ချည်ဖို့ ကြိုးစားခဲ့မိတာ။
ကောင်းကင်ရဲ့ တစ်ဘက်ခြမ်းမှာ မိုးရွာနေပေမယ့် အခြားတစ်ဘက်ခြမ်းမှာ နေခြစ်ခြစ်တောက် ပူရင် ပူနေမှာပေါ့။
သိပ်ချစ်မိရင် နာကျင်ရတာ ရိုးရာတစ်ခုဆို .............
ခြောက်သွေ့အက်ကွဲ ကန္တာရထဲပေါက်တဲ့ စွန်ပလွန်ပင်လို ချိုရဲရဲနဲ့ ရိုးတံကျဲတယ်။
( ကိုယ့်အယူအဆအရ ပြောရရင် ) အချစ်ဆိုတာ မမြင်ရတဲ့ နွံအိုင်တစ်ခုလို... ခြေချော်ပြီး ပြုတ်ကျမိပြီဆိုတာနဲ့ လှုပ်လေ မြုပ်လေ။
သက်ပြင်းပဲ ရှိုက်လိုက်မိသလား။ အသက်ရှူပဲ ပြင်းသွားတာလား။ အယောင်ယောင်အမှားမှားနဲ့ ကျနော်ခေါင်းမော့မိတော့ ဘာမှ မမြင်ရတဲ့ ကောင်းကင်ကြီးက ဘာမှမရှိတဲ့ ကျနော့်ကို ထွေးပွေ့ဖို့ ဟန်ရေးတကြွကြွ။
ရုတ်တရက် ကျနော့်မျက်ဝန်းမှာ ကြယ်တစ်ပွင့် ဝေ့ကနဲ လွင့်ကြွေ။
" ချိုချိုသာသာ အေးအေးဆေးဆေးပြောမှပေါ့။ စကားပြောတယ်ဆိုတာ သူများနားဝင်အောင် အေးအေးဆေးဆေးနဲ့ အသံပုံမှန်နဲ့ တည်တည်ငြိမ်ငြိမ် ပြောနိုင်ရင် အကောင်းဆုံးပဲတဲ့ .. သိလား။ ကိုယ့်ချစ်သူက အေးအေးသက်သာနဲ့ ပြောတာလေးကို နားထောင်ချင်တာပေါ့ "
အလန့်လန့်အဖြန့်ဖြန့်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်မိတယ်။ ကျနော့်ရင်ဘတ်က အသည်းနှလုံးတစ်ခြမ်း၊ သူတစ်ခြမ်းနဲ့ အလင်းမဲ့ဇုန်တစ်ခုလို။
" သိပ်ချစ်ရပါတယ် "
ခပ်ဖွဖွ ရေရွတ်သံမှာတင် ကျနော့်မီးအိမ် ဟုတ်ခနဲ ... ငြိမ်း ...။
တကယ်ဆို သူဟာ မိုးပျံပူပေါင်းတစ်လုံးပါ။ ကျနော်ကသာ သူပျံမှာကို စိုးရွံ့စွာ အပ်ချည်ကြိုးမျှင် ... တန်းမိခဲ့လျှက်။
( သွားပါကွယ်။ ကျနော် ကြိုးဖြေပေးလိုက်တယ်....။
ထိန်းထားတဲ့ကြားက လက်တွေတောင် တုန်လို့။ )
( II )
မီးလောင်ရင် ရေနဲ့ ငြိမ်းရတယ်ဆိုတဲ့ နိယာမတစ်ခုကြောင့် ကျနော် ရေပန်းအောက် ၀င်ရပ်ခဲ့မိတယ်။
" မင်းအသိုင်းအ၀ိုင်းက လူတွေကို အကိုမှ စိတ်မ၀င်စားတာ။ မင်းက တစ်ခါလာလဲ ဒီအကြောင်း၊ တစ်ခါလာလဲ ဒီအကြောင်း ... အကိုက အဲ့လိုကြီးကျ ပျင်းတယ်။ မင်းအမျိုးတွေကို စိတ်မ၀င်စားဘူး။ သူတို့အတွေးအခေါ်တွေ ကောင်းရင်ကောင်းမယ်။ Talent ဖြစ်ရင်ဖြစ်မယ်။ အကိုတော့ စိတ်မ၀င်စားဘူး။ "
( မိန်းကလေးမဆန်တဲ့ ကျနော်က ကျနော့်အသိုင်းအ၀ိုင်းနဲ့ ကျနော့်အပေါင်းအသင်းတွေအကြောင်းကလွဲရင် ပြောစရာစကား မရှိခဲ့ဘူး။ ရပါတယ်။ ပြောစရာစကားမရှိလို့ မေးထူးခေါ်ပြောဆိုလဲ ကျနော် အဆင်ပြေပါတယ်။ ချစ်နေခွင့်ရရင်ကိုပဲ ကျနော် ကျေနပ်တတ်ခဲ့တယ်။ )
အေးစက်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့မိတဲ့ ရေစီးကြောင်းတွေက အငွေ့တထောင်းထောင်းထလို့ ပွက်ပွက်ဆူနေကြ ...။
နိယာမအတိုင်း မီးတော့ ငြိမ်းပါရဲ့။ ခေါင်းကနေ ခြေဖျားအထိ ကျဆင်းသွားတဲ့ ရေမှုန်တွေကြား ကျနော် ပျောက်ဆုံးသွားတယ်။
တဝေါဝေါကျနေတဲ့ ရေသံတွေကြားမှာ ကျနော် ဆွံ့ ____ အ။
ရေပန်းက ရေကျသလို ကျနော့်မျက်ဝန်းကလဲ ရေကျတယ်။ ရေပန်းကရေနဲ့ မျက်ဝန်းကရေ ... ရောပြီး ကျနော် ချိုးပစ်လိုက်တယ်။ သေချာပါတယ်။ ကျနော် မလန်းတော့ဘူး။
ကျနော်က တောင်တန်းတွေပေါ်ကနေ ပင်လယ်ဆီ ဖိနပ်မပါဘဲ ခြေထောက်ချည်းသက်သက် ခုန်ချခဲ့တဲ့ကောင်။
တစ်ကိုယ်ရည်ချလိုက်တဲ့ အခိုင်အမာဆုံးဖြတ်ချက်တွေက ရင်ထဲမှာ အုတ်အော်သောင်းနင်း။
(အခုဆို သူ့ရှေ့မှာ ကျနော် ဘုရားမရှိခိုးတော့ဘူး။ ကိုယ်ကိုယ်ကိုယ်လဲ နာမည်ထည့်မပြောတော့ဘူး။ )
နောင်တရဲ့ အစိုင်အခဲတွေ မီးကျီလို ရဲရဲနီနေကြ ။
(သိမ်ငယ်ရလွန်းပါတယ်။ အမှားတွေနဲ့ ဆင်ယင်ပြီး သူ့ရှေ့မှာ ခစားနေရတာကို ယူကြုံးမရ တွေးမိတိုင်း မွန်းကျပ်နေခဲ့။ )
လေပြည်ရယ် ... ငါလဲ မင်းလို ပြန်သန်းချင်တယ်... မိုးကုတ်စက်ဝိုင်းတွေဆီ။
( III )
ဒိုရေမီဖာဆိုလာတီပိုကို ကျနော် မရင်းနှီးပါဘူး။ အနုပညာကိုတော့ ရူးမူးတတ်ခဲ့တယ်။
" အကို လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ဖူးလား... "
" ချစ်ဖူးတယ် "
ကျနော့်မျက်နှာမှာ အပြုံးတစ်ပွင့် နှစ်နှစ်ခြိုက်ခြိုက် ဖူးပွင့်ခဲ့။
ဟာလာဟင်းလင်းဖြစ်နေတဲ့ နှလုံးသားကတော့ ( ခေါင်းငိုက်စိုက်ကျစွာ ) တီးတိုးဆိုတယ်။
နင် မဟုတ်ဘူး .... တဲ့။
( တကယ်ဆို ကျနော်က စိတ်ကူးတွေနဲ့ သေနေတဲ့ ပိတုန်းကောင်။ မထိုက်တန်မှန်းသိပေမယ့် သူ့အနားမှာ ၀ဲလည် ... အမှတ်မရှိ ငေးရီနေခဲ့မိ။ )
ဖြည်းလေးစွာ ခေါင်းခါရင်း နှလုံးသားဆီ အားပေးစကားပြောဖို့ ကြိုးစားမိတယ်။
အားမငယ်ပါနဲ့ကွာ။ စကားပုံတစ်ခုပေါ့။ သူချစ်လာအောင် မလုပ်နိုင်ပေမယ့် ကိုယ်ကတော့ ချစ်ခွင့် ရှိနေတာပါပဲ ...။
အလိုက်မသိတဲ့ကျနော်က အလိုက်မသိစွာ စကားတင်းဆိုဖို့ ကြိုးစားမိလေတိုင်း ကျနော့် မဉ္ဖူသကလေး မျက်နှာညိုတယ်။
ကျနော်က အလွဲပေါင်းများစွာနဲ့ မတည့်မတ်ခဲ့တဲ့ကောင်။
ကျနော်ညှိနေတဲ့ကြိုးက ကျနော့်ကို ပြန်ပြန်ညှိသွားတိုင်း ကျနော့်မှာ သံစုံမြည်ပြီး ဆူညံခဲ့ရ...။
အထိတ်ထိတ် အလန့်လန့်နဲ့ ကျီးလန့်စာစား ကျနော် အနေအထိုင်မတတ်ခဲ့လေသမျှ ကျနော့်နှလုံးသားက ကျနော့်ကို ပြန်ပြီး စိတ်ပျက်လက်ပျက် ဖြစ်လို့....။
တတ်နိုင်ပါဘူးလေ။
သူ ( ကျနော့်နှလုံးသား) က တစ်ချက်ကလေးမှ အငြိမ်မနေခဲ့ဘဲ။
သူသာငြိမ်နေခဲ့ရင် ကျနော်လဲ အသက်ရှူစရာ မလိုတော့ဘူးပေါ့ ....။
ခုတော့ .....။
( IV )
ကျနော်ဖတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခု သတိရမိတယ်...။
" ချစ်မိသူဆိုတာ စစ်အရှုံးဆုံးလူပါပဲ။ "
ဇော်။
2 comments:
အက်ဆေးလေးတစ်ပုဒ် ဖတ်သွားတယ် 'ဇော်' ရေ။
အချစ်ဆိုတာ အလျားနဲ့အနံလို အသွားအပြန် ရှိတယ်ဆိုပေမယ့် တစ်ဖက်သတ်အချစ်ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကျပြန်တော့ ဆန့်ကျင်ဘက် သက်ရောက်သွားပြန်တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မာနမဲ.လှချေလားလို. တို.ကို တို.သူငယ်ချင်းကပြောဖူးတယ်။ ဇော်ကို တစ်ဦးတစ်ယောက်ကအဲလိုပြောဖူးလားဟင်။
Post a Comment