အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, September 18, 2011

သစ္စာဦးအတွက် ပွင့်မယ့်ပန်း

ဇန်န၀ါရီ ၁၄ရက်
.............
နှစ်တစ်နှစ်ရဲ့ အစပေမယ့်
ပန်းတို့ မညှိုးကြသေးဘူး
စိမ်းမြမြ သင်္ကေတတစ်ခု
နှုတ်ခွန်းဆက်သံ တစ်စွန်းတစ်စ
အဲ့ဒီရဲ့ အလင်းပျိုးမှုမှာ
ဆောင်းနှင်းတို့ ပို လူးလွန့်လာ ...

ဖေဖော်ဝါရီ ၁၈ရက်
................
စကားပန်းတွေ ပတောင်းခတ်အောင်ပွင့်ဝေ
ဆောင်းကုန်ခါနီး အေးမြနေဆဲ
အဲ့ဒီနေ့က
မခမ်းနားပေမယ့် လူနှစ်ယောက်အတွက်
အိမ်အသစ်ဆောက်ခဲ့ကြတယ်
ပြက္ခဒိန်မှာ ၀င့်ထည်စွာ ....

ဖေဖော်ဝါရီ ၂၈
................
နင်ရယ် .. ငါရယ် .. သူငယ်ချင်းရယ်
အဲ့ဒီ နွေးထွေးမှုမှာ အလင်းတစ်ပွင့်က
နာမတွေကို ပြောင်းလဲပစ်ခဲ့
ချစ်သူရယ် .. မောင်ရယ် .. ဘ၀လက်တွဲဖော်ရယ်
ရွယ်စူးကာ ရူးမိ
တူနှစ်ကိုယ်မှာ တဲအိုပျက် မရှိပေမယ့်
လျှောက်နေတဲ့လမ်း
စိတ်ကူးတွေကို ထပ်တူပြုမယ်
တိုင်တည်ခဲ့တယ်

စက်တင်ဘာ ၁၈ရက်
................
ဒီနေ့မတိုင်ခင် မနေ့ကအထိ
သင်္ခါရကို ငါတို့ အတူရှုတယ်
အတူမွှေခဲ့ဖူးတဲ့ စာအုပ်စင်တွေ
ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးအကြောင်း
တက်ကျမ်းတွေအကြောင်း
သမိုင်းတွေအကြောင်း
ဘာသာရေးအကြောင်း
ဒဿနအကြောင်း
အချိန်မှန် ဘုရားရှိခိုးသံနဲ့ တရားထိုင်
ထိခြင်းငါးပါး ကန်တော့ခန်း
ဓမ္မကို အတူနာကြားရင်း
နင်ရယ် .. ငါရယ် .. အချိန်ရယ်
ညအိပ်ယာဝင် ပုံပြင်တွေကြား
နှစ်ကိုယ့်တစ်စိတ် ဖြစ်ခဲ့ကြတယ်

နင့်မေမေဆီ ဖုန်းဆက်တော့
ငါလဲ အတူဆက်ခဲ့တယ်
ငါ့မိဘနဲ့ စကားပြောတော့
နင်လဲ အတူ ချက် (Chat) ခဲ့တယ်
မိုင်သောင်းချီဝေးနေပေမယ့်
ငါတို့တတွေ ... နီးနီးလေးပဲ
ရင်ဘတ်ခြင်းတူ လမ်းလဲတူတယ်
နှစ်ယောက်အတူ အမြဲရှိမယ်

နင့်ကြောင့် ငါရယ်ခဲ့ရတယ်
ငါ့ကြောင့်နင် ငိုခဲ့ရတယ်
ငါဟာ သစ္စာဦးအတွက်
ဘီလူးလိုလူလဲ ဖြစ်ခဲ့ဖူးတယ်
နင်ဟာ သစ္စာဦးမှာ
ရဲရင့်သူလဲ ဖြစ်ခဲ့တယ်
ခွင့်လွှတ်ပါကွယ်
စကားတစ်ခွန်းနဲ့ ငါ့ကိုယ်ငါ အဆုံးသတ်
ငါဟာ နင့်အတွက် ပွင့်မယ့်ပန်း
ရဲရဲခတ် နီစွေးရင်း
တွဲလက်တွေ ခိုင်မြဲစေ
တိုးတိတ်စွာ တောင်းဆုချွေ ....

ပြန်တွေးကြည့်ရင် မနေ့ကလိုပဲ
နင်ရယ် ငါရယ်
ချက်စ် (Chess) အတူထိုးရင်း ငြင်းကြတယ်
ကိုယ်မှန်တယ်ထင်ရင် လောင်းကြေးတွေထပ်
နင်ရှုံးလိုက် ငါရှုံးလိုက်
သံသရာကို ကိုယ့်ဘာသာကိုယ် လည်ပစ်ခဲ့ကြ
နိုးပြီလားဆိုတဲ့ ဝေါဟာရတစ်ခုကို
ဦးသူရွတ်စတမ်း
နံနက်ခင်းကို အပြိုင်အသက်သွင်း
နေ့တွေကို အတူတူလင်းပစ်ခဲ့ကြ
အဲ့ဒါဟာ အချစ်စစ်လား .... ငါမေးချင်တယ်

တကယ်ပါ
နင်နဲ့ပတ်သတ်ရင် ငါ့မှာ
ပြောစရာတွေက တောင်လိုပုံလို့
ပြောမကုန်ဘူး ... သစ္စာဦးရယ်
တန်ဖိုးမထားတတ်တဲ့ ငါ
နင့်ရင်ဘတ်ကို ဖြတ်နင်းဖူးမှ
(ကိုယ့်ကိုယ်ကိုယ်) နာကျင်လိုက်ရတာ
အခုထိ ခံစားရတုန်း

ထားလိုက်ပါတော့
ငါ့ရဲ့ ကဗျာလေးရယ် ....
စကားတင်းတွေ ငါမဆိုတော့ဘူး
ခွင့်လွှတ်မှုနဲ့ နားလည်မှုမှာ
ငါတို့ ကမ္ဗည်းတင်ပြီးကြပြီပဲ
ရာဟုအချင်းချင်း တောကိုဝင်ဖို့
လမ်းတွေကို ရှာဖွေရင်း
ဟော့ဒီမှာ ငါ့လက်တစ်ဖက်
ခိုင်ခိုင်တွဲခဲ့
ဟိုးက မိုးကုတ်စက်ဝိုင်းဆိုတာ
ငါတို့အတွက် နီးနီးလေးပဲ
ကဲ......
.............
လျှောက်လိုက်ကြစို့ .......။ ။


ဇော်။

1 comment:

သိင်္ဂါကျော် said...

ရာစုများစွာတိုင် အတူတွဲ လျှောက်နိုင်ပါစေ..