စပါးနှံတွေ မသီးပွင့်တဲ့
လယ်ကွင်းတွေ မရှိတဲ့
ဟီရိသြတပ နားမလည်တဲ့ အရပ်ဒေသက
ဇိမ်ခံပစ္စည်းတွေကြား
ပကာသန အငွေ့အသက်တွေ
ဟန်ဆောင်ပန်ဆောင် အသုံးအနှုန်းတွေ
ဝတ္တရားကျေ အပြုံးတွေ
ကျနော် လူမဖြစ်ချင်တော့ဘူး
အသက်မပါတဲ့ အစဉ်အလာတွေနဲ့
အေးစက်စက် ပွေ့ဖက်မှုတွေကြား
ကျနော်မပျော်ပါဘူးဗျာ
အိမ်ပြန်ရက်ကိုသာ လက်ချိုးရေနေခဲ့မိတာ
အများသူငါ အားကျနေတဲ့ နေရာမှာ
ခက်ခက်ခဲခဲ အသက်ရှူနေရတယ်
လူတစ်ချို့ ဂုဏ်ယူတတ်ကြတဲ့ အမိုးအကာအောက်
စားနေရတဲ့ ထမင်းလုတ်တောင်
ကျနော် မြိုမကျဘူး
ပကာသနနဲ့ လက်လက်ထနေတဲ့
အစွယ်ထွက်ဘီလူးတွေကြား
နံနက်ဖြန်အကြောင်းတွေးလိုက်မိတိုင်း
သက်ပြင်းမောနဲ့ကျနော်
နှစ်ကိုယ့်တစ်စိတ် ဖြစ်လို့...
ကိုယ့်နေရာမဟုတ်တဲ့ဒေသမှာ
သူတို့ပျော်နေတာ မြင်ရတော့
ဒေါင်းယောင်ဆောင်သော ကျီး ဥပမာကို
ကျနော် သတိရတယ်
မေမေ
တကယ်ဆို
ကျနော်တို့အရပ်မှာ
သဘာဝတွေ ပေါပါတယ်
လတ်ဆတ်ခြင်းတွေ လှိုင်လှိုင်ထရင်း
ရိုးသားဖြူစင်မှုတွေ ဆယ့်နှစ်ရာသီ အခိုင်လိုက် ပွင့်ကြတယ်
ပြောရင်းဆိုရင်းပါပဲ
မေမေရယ်
ကျေးတောနံ့ကို ကျနော် ချဉ်ချင်းတပ်မိတယ်
တကယ်ပါ မေမေ
မိဘဆိုတဲ့ ထမ်းပိုးသာ ကျနော့်ပခုံးထက် ရှိမနေခဲ့ရင်
ကျနော်ဆိုတာ
အမိမြေမှာသာ မြေကြီးဖြစ်ချင်ခဲ့တဲ့ကောင်။
ဇော်။
1 comment:
*တကယ်ပါ မေမေ
မိဘဆိုတဲ့ ထမ်းပိုးသာ ကျနော့်ပခုံးထက် ရှိမနေခဲ့ရင်
ကျနော်ဆိုတာ
အမိမြေမှာသာ မြေကြီးဖြစ်ချင်ခဲ့တဲ့ကောင်*
အကြောင်းကြောင်းကြောင့် ကိုယ်ဟာကိုယ်ဘာမှမရေးဖြစ်တော့ပေမယ့် ဒီလိုကဗျာကောင်းတွေကြောင့် တစ်ခုခုတော့ရေးဖြစ်သွားတယ်။ ကဗျာအသုံးအနှုံးတွေ အခုနောက်ပိုင်းတော်တော်လှလာတယ်။ တစ်ကြောင်းဆိုတစ်ကြောင်း ရင်ထဲရောက်တယ်။ ကျေးဇူး ဇော်....
Post a Comment