တကယ်ပါကွယ်
ငါ့မှာ ဘာမှမရှိပါဘူး။
မိုးတွေသည်းနေတဲ့ အဲ့ဒီ ညနေမှာ
ကိုယ့်အရိပ် ကိုယ်သယ်
ကိုယ့်ခန္ဒာ ကိုယ်ထမ်းပြီး
လောကခရီး စလျှောက်ရကတည်းက
ငါ့မှာ ဘာမှမရှိခဲ့တာပါ။
တကယ်ပါ
ငါ့မှာ ဘာမှမရှိပါဘူး
ဖြတ်သန်းခဲ့သမျှနဲ့
ရှေ့ဆက်လျှောက်နေဆဲ လမ်းတလျှောက်
ငါ တစ်ယောက်တည်းပါ။
ငါတစ်ယောက်တည်းဆိုမှတော့ကွယ်
အ၀တ်တစ်ထည် ကိုယ်တစ်ခုသာ ရှိချင်တော့တယ်
ထမ်းထားရတဲ့ အတ္တတွေ
လွယ်ထားရတဲ့ လောဘတွေ
ရွက်ထားရတဲ့ မာနတွေ
ခရီးသွား လားတစ်ကောင်တောင်
ငါ့ထက် ပေါ့ပါးပါလိမ့်ဦးမယ်။
ငါ့မှာ ဘာမှမရှိပါဘူးကွယ်
အရေခွံတွေခြုံ
သားမွေးတွေကို အပြိုင်ရုံထားကြတဲ့ အသိုင်းအ၀ိုင်းထဲ
ငါက ဘာမှမရှိတဲ့ အညတရ အမှုန်စတစ်ခုသာ
ရောက်လာသမျှတွေထဲ ပျော်ဝင်ဖို့လဲ ငါမတတ်နိုင်
ပိုင်ဆိုင်နေရသမျှ
မီးတစ်စလို ပူလွန်းရဲ့။
မပြောဘဲလဲ သိကြတဲ့နောက်
ငါ့ကို ခွဲခွါသူများ
ငါက ခွဲရမယ့်သူများ
မငိုကြပါနဲ့ကွယ်
လက်ပြရတဲ့တစ်နေ့
ငြိမ်းချမ်းစွာသွားပါ လို့ ဆုတောင်းကြရအောင်ပါ။
တစ်နေ့ပြီးတစ်နေ့ ကြွေကျတဲ့အခါ
ငါဆိုတာကိုပါ မြေကြီးအောက်မှာ ထားခဲ့ရမှာ
ဖိနပ်တစ်ဖက် ရေတစ်ဗူးတောင် ကိုင်ဆောင်ခွင့်မရှိမှတော့
ဘာတွေကိုများ....
( ........................... )
တကယ်ပါ
ငါ့မှာ ဘာမှမရှိပါဘူးကွယ်...။ ။
ဇော်။
3 comments:
ဘာမှ မရှိဘူးလို့ သိနေဖို့ ကိုပဲ
မသိနိုင်ကြသေးတဲ့ ကိလေသာစွမ်းအားက
တကယ်ကို ကြောက်စရာကောင်းပါတယ်ဗျာ ..
လိုင်းကား ကတဆင့်လာတာဗျ ..
အရင်ကလည်း ရောက်ဖူးပါတယ် ..
ခင်မင်လေးစားလျှက်
အုပ်ကြီး
ဇော်ရေ ရေးသားမှုကို အစဉ်လေးစား အားပေးလျှက်ပါ
ကောင်းသောနေ့လေးဖြစ်ပါစေ။
ဇော်
ဘလတ်ကော်ဖီ လာရောက်လည်ပတ် အားပေးသွားပါတယ်။ ကြိုးစားမှုနဲ့ အောင်မြင်မှု ထပ်တူကျပါစေဇော်။
Post a Comment