အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Saturday, May 14, 2011

နှုတ်ဆက်ချိန်

အလင်းကို စမြင်ဖူးကတည်းက
ကျနော်တို့ ဆုံခဲ့ကြတယ်
အခု မျက်စိတွေ မမှိတ်ကြသေးပါဘူး
လက်တွေကတော့ အကြိမ်ကြိမ်ပြခဲ့ရပြီ။

ရင်ဘတ်ချင်းတွေ တူညီကြလို့
ကျနော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်
အကြောင်းတရားတွေကြားမှာ
အကျိုးတရားကို ကျနော်တို့ အတူဖွာရှိုက်ခဲ့ကြတယ်
မထင်ပါဘူး မေမေရယ်
လျှောက်နေတဲ့ လမ်းတွေ မတူညီရုံနဲ့
ဝေးကြရပြန်ပြီ... တဲ့။

တစ်ယောက်လဲမဟုတ် နှစ်ယောက်လဲမဟုတ်
လမ်းတွေကို ချဲ့ထွင်ရင်းနဲ့ နှုတ်ဆက်ရဖန်များလာတော့
နေ့တွေက အရင်လို မချိုမြိန်ကြတော့ဘူး မေမေ
ဝမ်းသာပါတယ်
ငြိမ်းချမ်းစွာသွားပါ .... လို့
ပြုံးပြီးပြောရတဲ့ အဖြစ်ကို ကျနော်စက်ဆုပ်တယ်။

ကျနော့်ကို ထားသွားတဲ့သူတွေနဲ့
ကျနော်က ထားခဲ့ရမယ့်သူတွေ
တကယ်ပါ မေမေ
စိုစွတ်နေတဲ့ ကျနော့်မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။

ဟန်ဆောင်ငွေ့တွေ အူနေတဲ့
နှုတ်ဆက် မီးခိုးတွေကြား
ကျနော် ခေါင်းမူးတယ် မေမေ
နဂိုကတည်းက ပူတတ်လွန်းတဲ့ နွေရာသီမှာ
ဒီနေ့အပူဆုံးမို့
ကျနော် မပြုံးချင်တော့ဘူး
ကံကြမ္မာကို ရိုးမယ်ဖွဲ့ဖို့ကျတော့လဲ
ကျနော်က ဘာကောင်မှမဟုတ်ခဲ့တော့
မေမေရယ်
ကျနော့်နာရီကလေးက ကျနော့်ကိုပြောတယ်
နောက်ဆုံးတော့
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ... တဲ့။


ဇော်။

( ဤကဗျာကို အကိုကြီး ကိုချမ်း ( ဘလော့ဂါ ချမ်းလင်းနေ) နှင့် အမပွင့် တို့အတွက် အမှတ်တရအဖြစ်မေလ ၁၃ရက် ၂၀၁၁၊ သောကြာနေ့ (ဒူဘိုင်းစံတော်ချိန်) နံနက် ၆နာရီ တွင် ကျနော် ရေးဖွဲ့ခဲ့ပါသည်။)

3 comments:

Angelhlaing(May everybody be happy and healthy! said...

စိုစွတ်နေတဲ့ ကျနော့်မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။...
ထိထိမိမိ ရှိလှပါဘိ...ဇော်...
အဲဒီလိုများ လုပ်လို့ရခဲ့ရင် သိပ်ကောင်းမှာနော်..
ခံစားအားပေးလျှက်ပါ...

လင်းခေတ်ဒီနို said...

ဇော် . . . အထူးတလည်ချီးမွမ်း ပြောနေစရာမလိုအောင် အကို ဘာပြောမလဲ ဆိုတာ ဇော်သိမယ်ထင်ပါ့း)))

jr said...

ကောင်းလိုက်တာဇော်ရယ် ..
တကယ်တော့လဲ ဘ၀ဆိုတာ ရေပွက်မျှသာပဲနော် ..