အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, May 25, 2011

ကျနော် ... ရေတစ်ဘူး ... ဖိနပ်တစ်ရံ ... နွေရာသီ

မနေ့ညက ကျနော် အိပ်မက်မက်သည်။
ဖိနပ်တစ်ရံ ရေတစ်ဘူးသာပါသော ကျနော် နေပူပူအောက်တွင် အရိပ်မဲ့စွာ ဦးတည်ရာမဲ့ လျှောက်လှမ်းလာခဲ့သည်။
ခေါင်းကို ငုံ့၍ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ရင်းက စိန်ပန်းပွင့်အကြွေများကို ကျနော်တွေ့ရသည်။ နွေအပူကို အံတုပြီး ပွင့်လန်းတတ်သော စိန်ပန်းပွင့်များ ... အပင်ကပဲ လက်မခံ၍လား၊ လေပြေကပဲ ကျီစယ်၍လား .. ကျနော့်ခြေရင်းတွင် လှပစွာ လှဲလျောင်းနေကြသည်မှာ ဖဲကတ္တီပါထက် အိပ်ပျော်နေကြသည့်နှယ်။
ရုတ်တရက် ကျနော်တွေးဖြစ်ခဲ့ပါသည်။ မြေကြီးကို မကြည့်လို၍ ရင်ကော့ခေါင်းမော့နေသူများ တစ်နေ့တွင် မြေကြီး၏ ရင်ခွင်၌သာ ငြိမ်သက်စွာ လဲလျောင်းရလိမ့်မည်။ မည်သို့ပင် ၀င့်ကြွားစွာ ပင်မြင့်ယံ သဇင်ခက်ပင် ဖြစ်လင့်ကစား မြေကြီး၏ ယုယနွေးထွေးခြင်း၌သာ ခရီးဆုံးပေလိမ့်မည်။

" လတ်လတ်ရေ ..... ငါတို့တောင် လူကြီးတွေ ဖြစ်လာကြပြီနော် ...."

ရုတ်တရက် နန္ဒာက အပြုံးလေးနှင့်လာပြောသည်။ ကျနော် ဘာမှ ပြန်မပြောဖြစ်ခဲ့ပါ။ လူကြီးနှင့် လူငယ်ကြား တစ်ချို့လူများထင်သလို အသက်တစ်ခုသာ ကွာခြားတတ်သည်ဆိုလျှင် ကမ္ဘာကြီး အိုဇုန်းလွှာ ပေါက်လိမ့်မည်မထင်။ နျူကလိယကြောင့် DNA ပျက်စီးခြင်းများလဲ ကြုံရမည်မထင်။ အိုင်းစတိုင်းနှင့် နျူတန်၊ ဂရေဟမ်ဘဲလ်တို့ ဒီနေ့အထိ ရှင်သန်လိမ့်မည်မဟုတ်။
ထားပါ....။ ကျနော် ဆက်လျှောက်ခဲ့သည်။

" ဇော်ဂျီရယ်... ပျော်ပျော်နေပါဟ .... "

ပါးစပ်ကို ဆယ်လက်မခန့်ဖြဲ၍ အောင်ကျော်သူက ပြောသည်။ ပျော်ပျော်နေခြင်းဆိုသည့် ခေါင်းစဉ်အောက်၌ မနာလိုခြင်းများ၊ လောဘများ၊ ရန်လိုခြင်းများ၊ ဒေါသများ...... ကျနော် ခပ်ရေးရေး မြင်နေရဆဲ။
အောင်ကျော်သူ့ကို ကျနော် ပြန်မေးလိုက်ချင်ပါသည်။ ပျော်ပျော်နေခြင်းတွင် ကိုယ့်ကိုယ်ကိုယ် လေးစားမှုများ ရနိုင်ပါသလား။ ကျနော် မမေးဖြစ်ခဲ့တော့ပါ။ အပြုံးဖြင့်သာ ထွက်လာခဲ့လိုက်သည်။

တစ်နေရာ၌ တိုက်မိမလိုဖြစ်၍ ကျနော်မော့ကြည့်ုလိုက်တော့ ကျနော် ချစ်ခင်ရသော ညီနေပိုင်။

" မဇော် ... ညီ ကြိုးကြာ ၇၅ကောင် ရပြီ.. သိလား....။ စာရွက်ပေါ်မှာ အော်တိုရေးခိုင်းဖို့ ညီ လူလိုက်ရှာလိုက်ဦးမယ်ဗျာ.... '

ကျနော့်ဆီက တုံ့ပြန်မှုကိုတောင် သူ မစောင့်နိုင်။ ပျာယီးပျာယာဖြင့် သူ ထွက်သွားသည်။ အပိုလုပ်၍ အလုပ်ပိုနေတာ ဆိုသည့် စကားလေး ကျနော် သတိရမိသည်။ ကျနော်တို့ နေ့စဉ် လူနေမှု ဘ၀တွင် ဘယ်လောက်များ အပိုတွေ လုပ်မိ၍ အလုပ်တွေ ပိုနေခဲ့ပြီးပါပြီလဲ။ ကျနော့်အသက် ၁၇နှစ် ပြည့်သောနေ့က အကိုရဲနောင်ဝင်းမြင့် ပြောခဲ့ဖူးတာ အမှတ်ရသည်။

" Chatter box ... အပိုမလုပ်နဲ့ .. ကောင်းကောင်းနေ ... " တဲ့

ကျနော်... ညီနေပိုင်ကို အပြစ်မတင်မိပါ။ ညီသည် ကျနော့်ညီကလေးသာ ဖြစ်သည်။ ကျနော့်ညီကို ဘာပဲဖြစ်ဖြစ် ကျနော်ချစ်ရမည်သာ။

တွေးရင်း ငေးရင်း ကျနော်ဆက်လျှောက်လာခဲ့မိတော့ ရှေ့မနီးမဝေးဆီက လမ်းဘေးခုံတွင်ထိုင်နေသော နွေဦးနှင့် ဟိန်းလတ်ကို ကျနော်တွေ့ရသည်။ ကျနော် သူတို့နှစ်ယောက်ကို ပြုံးရယ်ပြရင်း နွေဦးမျက်နှာ သုန်မှုန်နေတာ သတိထားမိခဲ့သည်။

" ဇော်လတ်ရာ... ငါ အရမ်းပူလောင်နေရတယ်... လိုချင်တာတွေ အရမ်းများတော့ ပူလောင်လိုက်တာဟာ.... "

ကျနော် မျက်ခုံးတစ်ချက်တွန့်မိတော့ ဟိန်းလတ်က ရယ်သည်။

" စာများများဖတ်နော် သူငယ်ချင်း.... နင့်အိမ်ကို နင်ဖတ်ဖို့ စာအုပ်တွေ ငါ သွားပို့ထားတယ်.... "

ဟိန်းလတ်စကားသံက ကျနော့်နားထဲတွင် သကာရေအလား ချိုမြိန်လွန်းလှသည်။ ပူပြင်းသော နွေရာသီအောက် ငုတ်တုတ်ထိုင်ရင်း ပူနေသော နွေဦးနှင့် လူကြီးလုပ်ရတာ ပင်ပန်းတယ်ဟုဆိုသော ဟိန်းလတ် ... သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ကျနော် ဆက်ထွက်လာခဲ့မိသည်။

နေက ပြင်းလွန်းတော့ ကျနော် ရင်တွေ ပူလာသည်။ ရေလဲ ဆာလာသဖြင့် ရေဘူးကိုဖွင့်၍ တစ်ရှိုက်မက်မက် ကျနော်မော့သောက်လိုက်သည်။ အရသာရှိလိုက်သည့် ဖြစ်ခြင်း။
ရုတ်တရက် နောင်နောင် ကျနော့်အနား ရောက်လာခဲ့သည်။

" လတ်လတ်.... နင် ဟိုနေ့က နင်ရေးတဲ့ ကဗျာတွေနဲ့ပတ်သတ်ပြီး ငိုတော့ ငါ စိတ်မကောင်းဘူးဟာ... အဲ့ဒီ ဆိုက်က နင့်ကဗျာတွေကို တင်တာ မကြိုက်ဘူးဆိုရင် မတင်နဲ့ပေါ့ သူငယ်ချင်းရ... ဒီမှာ သူငယ်ချင်း .. ငါတို့ စာရေးတဲ့သူတွေဆိုတာ ကိုယ်ရေးလိုက်တဲ့စာကို ဘယ်သူတွေက ဖတ်နေကြသလဲ ဆိုတာကို လိုက်ကြည့်နေဖို့ထက် ငါ အကောင်းဆုံးဖြစ်အောင် ဘယ်လိုရေးမလဲဆိုတာပဲ အရေးကြီးတယ်... ငါကတော့ ငါ့ကဗျာတွေကို တတ်နိုင်သမျှ အစွမ်းကုန်အကောင်းဆုံးဖြစ်အောင် ရေးလိုက်တယ်.... ကောင်းတယ် မကောင်းဘူးဆိုတာ ငါ့အလုပ်မဟုတ်တော့ဘူး... ဘယ်သူဖတ်တယ် မဖတ်ဘူးဆိုတာလဲ ငါ့စိတ်ထဲမှာ မရှိတော့ဘူးရယ်... မဖတ်ကြလို့လဲ ငါ မခံစားရပါဘူး... ချီးကျူးတာကိုလဲ ငါမသိတော့ဘူး...။ "

လင်းစက်ရာရယ်လို့ နင့်ကဗျာတွေ အောင်မြင်တာ နင်ထားခဲ့တဲ့ အဲ့ဒီလို စိတ်ကြောင့်များလား နောင်နောင်ရယ်..... ကျနော် တိတ်တဆိတ် တွေးဖြစ်ခဲ့မိသည်။ သောက်နေသော ရေထက် နောင်နောင့်စကားသံက ပို၍ အေးမြနေသယောင်။ အပျော်ပဲရေးရေး၊ အတည်ပဲရေးရေး... စာရေးခြင်း၌ ကျနော်ပျော်မွေ့လျှင် စာရေးသော အလုပ်သည် ကျနော့်အလုပ်သာ ဖြစ်သည်။ ကျန်သောကဏ္ဍများ၌ ကျနော်ဆိုတာ လိုအပ်သော အရာတော့ဖြင့် မဟုတ်။ စမ်းချောင်းနှင့် ပင်လယ် တစ်ချိန်တော့လဲ ပေါင်းဆုံရမည်သာ။ တမင်သက်သက် လုပ်ယူသော အရာများသည် ရေရှည်တည်တံ့ခြင်းမရှိဟု ကျနော်ကြားခဲ့ဖူးပါသည်။

" ဟုတ်ကဲ့နောင်နောင်.... နင်ပြောခဲ့တဲ့ အဲ့ဒီစကားတစ်ခွန်းကို ငါချရေးထားလိုက်ပါတယ်ဟာ.... "

ကျနော်လေးလေးနက်နက် တည်တည်ကြည်ကြည် ပြောလိုက်တော့ ရှေ့သွားလေးနှစ်ချောင်းပေါ်အောင် နောင်နောင်ပြုံးခဲ့သည်။ သူ့အပြုံးသည် သူ့ကဗျာများနှင့် လိုက်ဖက်ညီစွာ ကြည့်မွေ့လှသည်။ ကျနော်သည်လဲ စိတ်လက်ပေါ့ပါးစွာ ပြုံးရယ်ခဲ့မိသည်။

" ကိုယ်က စာရေးဖို့ စိတ်အားထက်သန်မှတော့ သူများက ဝေဖန်တာတွေ .. ခနဲ့တာတွေ.. ကဲ့ရဲ့တာတွေကို ခံနိုင်ရည် ရှိရမှာပေါ့ ဇော်လေးရဲ့ ... "

ကိုယ့်အတွေးနှင့်ကိုယ် ခေါင်းငုံ့လျှောက်လာနေရင်းက နားနားကပ်ပြောလိုက်သော နောင်ရိုးမြတ်အသံကြား၍ ကျနော် ရုတ်တရက် မော့ကြည့်လိုက်မိသည်။ နောင်ရိုးမြတ် မျက်ဝန်းများ.. စူးလက်တောက်ပနေကြ၏။

" ဇော်လေး ..... ကိုယ်လုပ်စရာရှိတာကိုသာ လုပ်.. ကိုယ်မှားရင် တောင်းပန်လိုက်.... မာနဆိုတာ နေရာတိုင်း ထားရမယ့်အရာမဟုတ်ဘူး... အဲ့ဒီလိုမှ မတောင်းပန်ချင်ဘူးဆိုရင် အဆက်အဆံ မလုပ်နဲ့တော့... "

နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြောနေသော နောင်ရိုးမြတ်ကို ကြည့်ရင်း ကျနော့်တွင် အားကျစိတ် တစ်စုံတစ်ရာ ၀င်လာခဲ့သည်။ တစ်စုံတစ်ယောက်နှင့် အဆက်အဆံမလုပ်တိုင်း ကိုယ့်ကမ္ဘာကျဉ်းမြောင်းသွားသည်ဆိုသော စကားလေးကိုလဲ သတိရမိသည်။ မာနနှင့် ဆက်ဆံရေး ကျနော် ဝေခွဲမရ ဖြစ်ရသည်။
တစ်ချို့သော နေရာများတွင် နောင်ရိုးမြတ်၏ ပြတ်သားခြင်းမျိုး ကျနော့်တွင် ရှိချင်မိသည်။

" မတွေ့ချင်တော့ဘူးဆိုတာ မှန်ကန်တဲ့ ပြဿနာ ဖြေရှင်းချက်မဟုတ်ဘူး ဇော်ရဲ့ ... "

ကိုမိုးဇော်လွင် လှမ်းပြောလိုက်သော စကားကို ကြားရတော့ ကျနော် ခလုတ်တိုက်မိမတတ် ဖြစ်သွားရသည်။ ကျနော် ရင်တွေပူလိုက်သည့်ဖြစ်ခြင်း။ တကယ်က ကျနော် မခေါ်ပြော မဆက်ဆံလို့လဲ ဘာမှမဖြစ်ပါ။ သို့သော် ညီအမဆိုသော သံယောဇဉ်က ကျနော့်ကို တင်းတင်းရင်းရင်း ရစ်ပတ်နှောင်ဖွဲ့နေသည်။ ကျနော် ဘာလုပ်ရမည်နည်း။

အမဥမ္မာလှိုင်၏ ညီအမတွေ ဆိုသော စကားလုံးသည် ကျနော့်ကို သတိပေးဆိုင်းဘုတ်တစ်ခုနှယ် ပြဆိုနေသည်။ သံယောဇဉ်သည် ဖွဲမီးနှင့်တူသည်။ နွေရာသီ၌ မီးလှုံခြင်းနှင့် တူသည်။
ကျနော့်သည်လဲ နွေရာသီ၌ မီးလှုံသော လူသား ဖြစ်ခဲ့သည်။

ကျနော်ချစ်သော အကိုချမ်းနှင့် အမပွင့်... ပြီးတော့ ဦးပီ... ခပ်ဝေးဝေးက လျှောက်လာနေကြသည်။ ကျနော် အားရ၀မ်းသာ ပြုံးပြမိတော့ အမပွင့်က ကျနော့်ကို လှမ်းပြောသည်။

" ဇော်... ဦးသုမင်္ဂလ တရားတွေ နားထောင်နော် .... "

ကျနော် နှစ်နှစ်ခြိုက်ခြိုက် ပြုံးဖြစ်ခဲ့ပါသည်။

" တကယ်က ကျနော် အသက်ရှူဖို့ လိုနေတာပါ အမပွင့်ရယ်.... "

ကျနော်တီးတိုးရေရွတ်မိချိန် အပြုံးများဖြင့် သူတို့ ဝေးဝေးမှာ ကျန်ရစ်ခဲ့သည်။

နွေသည် အလွန်တရာ ပူပြင်းလွန်းလှသည်။ ရေတစ်ဘူး ဖိနပ်တစ်ရံနှင့် လျှောက်လှမ်းလာခဲ့သော ကျနော် ဘယ်အချိန်မှာ ခရီးဆုံးမည်နည်း။ လျှောက်လှမ်းလာခဲ့သော လမ်းတစ်လျှောက် မည်သို့သော သူများနှင့် တွေ့ဆုံရဦးမည်နည်း။ မည်သို့သော စကားများဖြင့် ပြောဆို နှုတ်ဆက်ရဦးမည်နည်း။

ပသို့ဆိုစေ.. ကျနော် မသိသော ကျနော့်အိပ်မက်ထဲတွင် ကျနော်တစ်ယောက်တည်း ခရီးဆက်နေဆဲ.....။


ဇော်။

3 comments:

စော(အဝါရောင်မြေ) said...

လူတစ်ယောက်ဟာ အမြဲ နေပူထဲမှာ လျှောက်နေရတယ်လို့  မတွေးရဘူး။ အိမ်မက်ကတော့ အိမ်မက်ပေါ့။ မိဘ ဆိုတာ အိမ်ခေါင်မိုးလို မိုးကာပေးသူ၊ ဆွေမျိုးသားခြင်းဆိုတာ နံရံတွေလို ကာရံပေးသူတွေပေါ့။
အပေါင်းအသင်းတွေကတော့ တခါတရံ အရိပ်၊ တခါတရံ အရိပ်ခိုသူ၊ တခါတရံ ယှဉ်တွဲးသွားသူပေါ့။

Angelhlaing(May everybody be happy and healthy! said...

မမ စော(အဝါရောင်မြေ) ပေးတဲ့ ကွန်မန့်လေး သဘောတယ် ဇော်... ခံစားအားပေးလျှက်ပါ ..ဇော်။

Anonymous said...

ကဗျာရေး..စာရေးကောင်းလှပါတယ်။အားလဲကျမိတယ်။ကြိုးစားပြီးစာကောင်းလေးတွေရေးနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။