အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, June 15, 2009

ရင်ထဲက ... လူ ။

အပြင်တွင် မိုးတို့ သည်းသည်းထန်ထန် ရွာသွန်းနေခဲ့ပြီ။
မန္တလေး ဆေးရုံကြီး၏ သီးသန့် သားဖွားဆောင် အထူးခန်းရှေ့ ထိုင်ခုံ၌ ထိုက်လိုက် ထလိုက်ဖြင့် စိတ်လှုပ်ရှားနေသော
လူတစ်ယောက်။

ထိုအချိန် သူ့စိတ်ထဲတွင် ဘာတွေ တွေးနေမည်လဲ။ သားလေးလား၊ သမီးလေးလား။ ဘာပဲဖြစ်ဖြစ်ချစ်လိုက်မည်ဟူသော ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာ။

သားဖွားဆောင် ခွဲစိတ်ခန်းအတွင်းမှ ဆရာဝန်ကြီးများ ထွက်လာကြပြီ။
သမီးလေးဗျ။ အသားလေးက ဖြူဆွတ်နေတာပဲ။

သူ...
ရင်တို့ လှိုက်ခနဲ ...။ ထိုသို့ဖြင့်...။
။ .............................. ။ ..................................။

အဲ့ဒီအချိန်ကစပြီး လောကထဲကို ကျွန်တော်ဆိုသော မိန်းကလေးတစ်ယောက် ၀င်ရောက်လာခဲ့ပါတယ်။ ကျွန်တော့်ကို မွေးတော့ အဲ့ဒီနေ့က ညနေ၄နာရီ ၂၀မိနစ်အချိန်။ မိုးတို့သည်းထန်စွာ ရွာသွန်းနေခဲ့တဲ့ ဂျုလိုင်လရဲ့ ၂၂ရက်နေ့။ အဲ့ဒါကြောင့်များလားမသိ။ ကျွန်တော် မိုးရွာတာကို
အရမ်းကြိုက်တတ်ခဲ့မိတယ်။ ဒါပေမယ့် ၀တ္တုတွေ၊ ဇာတ်လမ်းတွေထဲကလို ဖေဖေက ကျွန်တော့်နာမည်ကို မိုးလို့ မပေးခဲ့ပါဘူး။ တကယ်တော့
ကျွန်တော့်နာမည်က ဖေဖေပေးတဲ့နာမည်လဲ မဟုတ်ပါဘူး။ အဖိုးက ပေးခဲ့တဲ့ နာမည်ပါ။ ဒါပေမယ့် ကျွန်တော့်ကိုတော့ ဖေဖေ သိပ်ချစ်ခဲ့ပါတယ်။

ပြောရင် ယုံမလားဗျာ။ ကျွန်တော့်ကို မွေးတော့လေ.. မေမေက ကျွန်တော့်ကို လှည့်တောင် မကြည့်ခဲ့ပါဘူးတဲ့။ ဒါကို သတိရတိုင်း အဖွား ( မေမေ့ရဲ့ အမေ ) က ပြောပြတတ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ မေမေက ကျွန်တော့်ကို သားဦး ဖြစ်စေချင်ခဲ့လို့ပါတဲ့။
ကျွန်တော့်အဖေရဲ့ အသိုင်းအ၀ိုင်းက အရှိန်အ၀ါ အရမ်းကြီးတယ်။ ကျွန်တော့်အဖေရဲ့ အမေကိုလေ ကျွန်တော်တို့ ငယ်ငယ်က မယ်မယ်ဘုရားလို့ ခေါ်ခဲ့ရတယ်။ တော်သေးတာပေါ့ သူသေတာ မြန်လို့။ နို့မို့ ခုထိ မယ်မယ်ဘုရားတုန်းဆို ကျွန်တော်နဲ့ သိပ်ပြီး ကီးကိုက်မှာ မဟုတ်ဘူး။ ကျွန်တော်က အဲ့လို ကိန်းကြီးခန်းကြီးနိုင်တဲ့ ကျွန်တော့်အဖေရဲ့ အမျိုးတွေကို ကြည့်မရဘူး။ အဟက်။

မေမေ့ကို သူ့ယောက်ခမ ( မယ်မယ် ) က ပြောခဲ့တယ်။ သားဦးလေး မွေးပေးရမယ်တဲ့။
ဖေဖေက မောင်နှမ ၇ယောက်ထဲမှာ အငယ်ဆုံး။ မယ်မယ့်ရဲ့ အလိုလိုက် အကြိုက်ဆောင်မှုကို ခံခဲ့ရတဲ့ တော်ဝင်မင်းသားတစ်ပါးလိုပါပဲ။ အဲ့လောက်ထိ မယ်မယ်က အာဏာပြင်းတယ်။ သူမွေးထားတဲ့ သားသမီး ၇ယောက်လုံးကလဲ ခု မြန်မာပြည်မှာ ထိပ်တန်း အာဏာရ ပုဂ္ဂိုလ်တွေချည်းပဲကိုး။ နောက်ပြီး သူ့ရဲ့ မွေးချင်းတွေကလဲ အဲ့ခေတ်က ရန်ကုန်မြို့ မြို့တော်ဝန်ကအစ၊ နိုင်ငံခြားရေး ၀န်ကြီးအထိ အကုန်လုံးက သူ့အကိုအရင်းခေါက်ခေါက်တွေဆိုတော့ မာန်တက်တာလဲ ပါတာပေါ့။
( အဲ့ဒါကြောင့်ထင်ပါ့။ ကျွန်တော့် ဦးလေးတွေ အကိုတွေ အမတွေက အဲ့ခေတ်က အကုန် အမေရိကားရောက်ကုန်ပြီး ခုထိ ပြန်ကိုမလာကြတော့ဘူး။ ကောင်းတယ်။ မြန်မာပြည်ကြီး မျက်စိနောက်သက်သာတယ်။ နို့မို့ ပြိုင်ဆိုင်နေကြတာနဲ့တင် အမြင်ကပ်လို့ ကျွန်တော်နဲ့ ရန်တွေဖြစ်နေကြမှာ အမြဲ။ အဟက်။ )

ဖေဖေက မေမေ့ကိုရဖို့ ၇နှစ်တိတိ ပိုးခဲ့ရတယ်။ မေမေက ရန်ကုန်တက္ကသိုလ်မှာ လေးနှစ်လုံးလုံး အလှဘုရင်မ ဘွဲ့ကို ရခဲ့တာပေါ့။ ရန်ကုန်တက္ကသိုလ် ဥပဒေဌာနကနေ မေမေ့ရဲ့ ဘီအီးဒီ အဆောင်ရှေ့ကို အမြဲသွားခဲ့ရတဲ့ ဖေဖေ့ရဲ့ခြေရာတွေကို ကျွန်တော် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ အထူးပြု မဟာသိပံ တက်တော့ ဖေဖေက ဦးချစ်ဆိုင်မှာထိုင်တိုင်း အမြဲပြောပြခဲ့တယ်။ ဖေဖေ့ရဲ့ အချစ်အကြောင်းကို။
နောက် ကျွန်တော် နိုင်ငံခြားဘာသာ တက္ကသိုလ်တက်တော့လဲ ဖေဖေက မျက်နှာချင်းဆိုင်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကို ကြည့်ပြီး သူ့ရဲ့ အချစ်ဇာတ်လမ်းကို ပြောပြတတ်ပြန်ပါသေးတယ်။
ကျွန်တော့်ဖေဖေက အချစ်ကြီးတဲ့သူတစ်ယောက်ပဲ ဆိုတာ ကျွန်တော်ငယ်ငယ်ထဲက ရင်းနှီးခဲ့ရတယ်။

သြော်.. ဆက်ပြောပါဦးမယ်လေ။ အဲ့ဒီလို ဖေဖေချစ်တဲ့ မေမေဟာ ရန်ကုန်မြို့ရဲ့ သာမာန် ပုံနှိပ်တိုက်ပိုင်ရှင် အမိအဘက မွေးလာတဲ့ သမီးတစ်ယောက်ပေါ့။ အဲ့ဒါကြောင့်မို့ မန္တလေးမှာ ကျိကျိတက်ချမ်းသာတဲ့နေရာမှာ ပြိုင်ဘက်မရှိတဲ့၊ အာဏာရ မိသားစုက မွေးဖွားလာတဲ့ ဖေဖေက ရန်ကုန်မြို့မှာ တက္ကသိုလ်လာတက်ရင်း မေမေ့ကိုကြိုက်မိခဲ့တော့ မယ်မယ်က သဘောမတူခဲ့ဘူး။ ဟဟ။
( အဲ့ဒါကြောင့်မို့ ကျွန်တော်နဲ့ မတည့်တာ။ )
ဒါပေမယ့် ဖေဖေက အရမ်းချစ်နေတော့ သားကို စိတ်ချမ်းသာစေချင်တဲ့စိတ်နဲ့ မေမေနဲ့ ပေးစားခဲ့တယ်။ အဲ့လို ပေးစားခဲ့ပေမယ့် မေမေ့ကို ယောက္ခမလုပ်သူက အမြဲနှိမ်ခဲ့တယ်။ ကျွန်တော့်အဖိုး ဖေဖေ့ အဖေကတော့ အရမ်းအေးပါတယ်။ တိုင်းတရားရုံးချုပ် တရားသူကြီးတစ်ယောက်ဆိုတော့ ခပ်အေးအေးပါပဲ။ ခက်နေတာက အဲ့ဒီ မယ်မယ်ပေါ့။
အဲ့ဒါကြောင့်မို့ မေမေက ကျွန်တော့်ကို မွေးတော့ သားဖြစ်စေချင်ခဲ့တယ်။ ယောက္ခမနှိမ်တာက လွတ်အောင်ပေါ့။ ဒါပေမယ့် ကျွန်တော်က မိန်းကလေးဖြစ်နေခဲ့တယ်။
ဒါ့ကြောင့်မို့ ကျွန်တော့်ကိုမွေးတော့ မေမေက ကျွန်တော့်ကို လှည့်မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ယုံကြည်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ မေမေ ကျွန်တော့်ကို ချစ်နေလိမ့်မယ်ဆိုတာ။

ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်မှာ မေမေက ကျွန်တော့်ကို မျက်နှာသာပေးတယ်ဆိုတာ သိပ်ရှားပါတယ်။ ကျွန်တော်နဲ့ သုံးနှစ်ပဲ ကွာတဲ့မောင်လေးနဲ့ ယှဉ်လာရင် ကျွန်တော်အမြဲ နာကျင်ရအောင် မေမေက လုပ်တတ်တယ်။ ကျွန်တော့်အတွက် မိခင်တစ်ယောက်ဆိုတာ ဘာမှန်းမသိတဲ့ ငယ်ဘ၀မှာ ကျွန်တော့်ရဲ့ အသိဥာဏ်တွေကို ဖေဖေက ပေးခဲ့တာပါ။

ကျွန်တော်က သိပ်ဥာဏ်ကောင်းတယ်လို့ ဖေဖေ အမြဲပြောခဲ့ဘူးတယ်။ နောက်ပြီး သိပ်တော်တယ် ဖေဖေ့သမီးကလို့လဲ အမြဲချီးကျူးခဲ့ဖူးတယ်။
ကျွန်တော့်ဘ၀မှာလေ ဘယ်သူကမှ ကျွန်တော့်ကို မချီးကျူးချင်နေပါစေ။ ကျွန်တော့်ဖေဖေရဲ့ ချီးကျူးမှုကိုတော့ ကျွန်တော် အမြဲလိုချင်ခဲ့တာချည်းပါပဲ။

ကျွန်တော်ငယ်ငယ် ၂တန်း( ၆နှစ်အရွယ် )ကျောင်းသားဘ၀မှာပေါ့။ ( ကျွန်တော်က ဥာဏ်ကောင်းလို့တဲ့ ကျောင်းကို ၃နှစ်ခွဲနဲ့ သူငယ်တန်းထားတယ်.. မေမေက။ ကျွန်တော်ကလဲ တစ်ခါမှ စာမေးပွဲမကျခဲ့ဖူးဘူး။ ) ကျွန်တော့်ကို ဖေဖေက စာဖတ်တာ ၀ါသနာပါဖို့ လမ်းကြောင်းပေးခဲ့တယ်။
ကျွန်တော်က အလုပ်က ပြန်လာတဲ့ ဖေဖေ့ကို ပုံပြင်ပြောပြပါလို့ သွားတောင်းဆိုခဲ့တော့ ဖေဖေက ကျွန်တော့်ကို သမီးက ပုံပြင်နားထောင်ချင်တာလားတဲ့။ ခေါင်းငြိမ့်ပြတဲ့ ကျွန်တော့်ကို ဖေဖေက စာကြည့်ခန်းကို ခေါ်သွားခဲ့ပြီး
သမီး.. ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင် ရယူတတ်ရတယ်။ သူများကို တောင်းဆိုမယ့်အစား သမီးလုပ်နိုင်တဲ့ကိစ္စကို သမီးကိုယ်တိုင် ရယူရမယ်။ နောက်ပြီး ရကို ရ ရမယ်ဆိုတဲ့ စိတ်မျိုးရှိရတယ် ..
ဆိုပြီး ကျွန်တော့်ကို ရတနာပန်းခင်း ကလေးပုံပြင်စာအုပ်တစ်အုပ်ကို ပေးပါတယ်။
အဲ့ဒီအချိန်ကစပြီး ကျွန်တော့ရင်ထဲမှာ နှလုံးသားထဲမှာ စာဖတ်ဝါသနာတင်မကပါဘူး။ ရကို ရ ရမယ်ဆိုတဲ့ စိတ်မျိုးလဲ ၀င်သွားပါတယ်။ နောက်ပြီး ကျွန်တော်မှန်တယ်လို့ ထင်တဲ့ကိစ္စတိုင်းကို ကျွန်တော်ဘယ်တော့မှ နောက်မဆုတ်တတ်ခဲ့တော့ပါဘူး။

ဒီလိုနဲ့ ကျွန်တော် ၆တန်းနှစ်ကို ရောက်လာတဲ့အခါ ပထမဆုံး လပတ်စာမေးပွဲကို ကြုံပါတယ်။
အဲ့ဒီနှစ်ကမှ စပြီး သင်္ချာ (၂)လို့ ကျွန်တော်တို့က ခေါ်ရတဲ့ ကုဗပိုင်းဆိုင်ရာ တွက်ချက်ရတဲ့ သင်္ချာဘာသာရပ်က ပါဝင်လာခဲ့တယ်။ ကျွန်တော် အဲ့ဒီဘာသာရပ်ကိုလေ တကယ်ပဲ လန့်ခဲ့မိတယ်။ အဲ့ဒီတုန်းကပေါ့။ အရမ်းခက်ခဲတယ်လို့ ထင်ခဲ့တဲ့ အဲ့ဒီဘာသာရပ်ကို ပထမဆုံး လပတ်စာမေးပွဲမှာ ကျွန်တော် ၄၀နဲ့ ကပ်အောင်ခဲ့တယ်။ ကျွန်တော်အဲ့ဒီလက Report Card ကို ကိုင်ရင်း ဖေဖေနဲ့ မျက်နှာချင်းမဆိုင်ရဲခဲ့ဘူး။ ကျွန်တော့်စိတ်ထဲမှာ ဖေဖေ ကျွန်တော့်ကို အထင်သေးလိုက်မှာ ကျွန်တော်ကြောက်တယ်။ ဒါနဲ့ ကျွန်တော် ဖေဖေ့လက်မှတ်အတုထိုးပြီး ဆရာမကို ပြန်ပေးခဲ့လိုက်တယ်။ ဒါပေမယ့် နောက်နေ့ ဖေဖေ ပြန်သိသွားတယ်။

ခင်ဗျားထင်တယ်ဟုတ်.. ကျွန်တော့်ကို ဖေဖေက အရမ်းဆူပြီး ရိုက်တော့မယ်လို့လေ။ အဟက်။ လွဲတယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လဲ အဲ့လိုပဲ ထင်ခဲ့တာ။
ဒါပေမယ့် ဖေဖေ ကျွန်တော့်ကို တစ်ခွန်းနဲ့ တစ်အုပ်ပဲ ပေးခဲ့တယ်။ တစ်ခွန်းက
သမီး တဲ့။ လိမ်တယ်ဆိုတာ ကိုယ့်အတွက် တကယ်တမ်း အကျိုးရှိမှ လိမ်ရတယ် တဲ့။ ခု ကိစ္စက သမီးအတွက် ဘာမှ သိပ်ပြီး အကျိုးမရှိပဲ သမီးလိမ်တော့ အမြတ်မရှိဘူးပေါ့ကွာ တဲ့။ လိမ်တယ်ဆိုရင်လဲ လိမ်မှန်းမသိအောင် ပိပိရိရိ လုပ်တတ်ရတယ်။ မလိမ်ရင်လဲ လုံးဝ မလိမ်နဲ့ တဲ့။ ဟစ်တလာကို သမီးအားရင် အချိန်ယူပြီး လေ့လာကြည့်လိုက်ပါဦး တဲ့။
ကျွန်တော့်ကို ဟစ်တလာရဲ့ အတ္တုပတ္တိစာအုပ် တစ်အုပ် ပေးခဲ့တယ်။ ခုထိ အဲ့ဒီ စာအုပ် ကျွန်တော့်ဆီမှာ ရှိနေခဲ့တုန်းပါပဲ။

ဖေဖေက ဆက်ပြောခဲ့တယ်။ ဒါပေမယ့် လိမ်တာရဲ့ နောက်ဆက်တွဲကလဲ ဟစ်တလာလိုပဲ နဂုံးချုပ်ရတတ်တယ်နော် တဲ့။ အဲ့ဒါလေးလဲ မမေ့နဲ့ပေါ့ကွာ တဲ့။
ပြောပြီး ဖေဖေ ကျွန်တော့်အနားက ထွက်သွားခဲ့တယ်။ ဖေဖေ့မျက်နှာက တည်တည်ငြိမ်ငြိမ်ပါပဲ။

အဲ့ဒီနေ့ကလေ။ ကျွန်တော် ဘာစာမှ မကျက်ပဲ တစ်ညလုံး အဲ့ဒီ ဟစ်တလာစာအုပ်ကို သဲကြီးမဲကြီး ဖတ်ဖြစ်ခဲ့တယ်။ ၆တန်းကျောင်းသားဘ၀။ အသက်(၉)နှစ်အရွယ်။ ဟစ်တလာမပြောနဲ့ ၀ိတိုရိယ ဘုရင်မကြီးတောင် ဘာမှန်းမသိသေးတဲ့ အချိန်။ ဖေဖေ ကျွန်တော့်ကို ဂျူးတို့ရဲ့ စစ်ပွဲကို ပေးသိခဲ့တယ်။ နောက်ပြီး တစ်ကမ္ဘာလုံးကို အကြီးအကျယ် လိမ်ညာခဲ့တဲ့ သူတစ်ယောက်နဲ့လဲ မိတ်ဆက်ပေးခဲ့တယ်။
အဲ့ဒီ ၆တန်းနှစ်မှာပါပဲ။ ကျွန်တော် တစ်နိုင်ငံလုံး ထူးချွန်ထက်မြက် စာမေးပွဲမှာ ဒုတိယနဲ့ ပါခဲ့လို့ ပညာသင်စရိတ်ရခဲ့တယ်။ ကျွန်တော့်အဖေ ကျွန်တော့်ကို ပြုံးပြီး ကြည့်ခဲ့တယ်။
လူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူတတ်ရတယ် သမီးရ။ လူရယ်လို့ဖြစ်လာပြီး ကိုယ့်တာဝန်လေးလောက်မှ ကိုယ်မယူနိုင်ရင် သူများနဲ့ ပတ်သတ်တဲ့ တာဝန်တွေ တစ်နေ့ယူလာရတဲ့အခါမျိုးမှာ လူမပီသနိုင်တော့ဘူး။ ဒါ့ကြောင့်မို့ ဘယ်အလုပ်ကိုမဆို ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ရတယ် သမီး
လို့ အဲ့ဒီနေ့ ပြန်လာတော့ ကားပေါ်မှာ ပြောခဲ့တဲ့ ဖေဖေ့ရဲ့ စကားသံကို ခုထိ ကျွန်တော့်နားထဲက မထွက်ခဲ့ဘူး။

ကျွန်တော် ၈တန်းရောက်တော့ ရသစာပေတွေနဲ့ ပေးတွေ့ပေးခဲ့တယ်။ ချစ်ဦးညို။ ဒေါက်တာမင်းတင်မွန်။ ဂျာနယ်ကျော်မမလေး။ မစန္ဒာ။ မြသန်းတင့်။ ဒဂုံရွှေမျှား။ ရွှေဥဒေါင်း။ အစုံပါပဲ။ နောက် ကျွန်တော့်ရဲ့ ၈တန်း ၁၁နှစ်ပြည့်မွေးနေ့မှာ ဖေဖေ ကျွန်တော့်ကို တစ်ခုပဲ လက်ဆောင်ပေးခဲ့တယ်။ ဈေးက သိပ်ပေါပါတယ်။ အဲ့ခေတ်ငွေနဲ့ ၈၀၀ကျပ်တဲ့။ စာအုပ်တစ်အုပ်ပါပဲ။ မြသန်းတင့်ဘာသာပြန်တဲ့ လူလေးသို့ပေးစားများ စာအုပ်လေ။
ယဉ်ကျေးသိမ်မွေ့တဲ့ သားကောင်းတစ်ယောက်ဖြစ်ဖို့ ဂျာမနီမှာ နေခဲ့ရတဲ့ အဖေလုပ်သူ နိုင်ငံခြားရေး ၀န်ကြီးက အင်္ဂလန် ၀ိတိုရိယ ဘုရင်မကြီးလက်အောက်က တက္ကသိုလ်မှာ ကျောင်းသွားတက်နေတဲ့ သားဖြစ်သူဆီကို လှမ်းရေးခဲ့တဲ့ စာတွေပါ။ ဖေဖေက အဲ့ဒီ စာအုပ်ကို မျဉ်းတွေတားပြီး ပေးခဲ့တယ်။ ကျွန်တော် ခုထိ မှတ်မိနေပါသေးတယ်။
သား.. လိမ္မာယဉ်ကျေးတဲ့သူတစ်ယောက်ဟာ အပြောအဆိုကအစ သိမ်မွေ့တယ်။ လူကြီးလူကောင်းဆန်တယ်။ ဘယ်တော့မှ သူများကို မကဲ့ရဲ့ဘူး။ အပြစ်မတင်ဘူး။ နှိမ့်ချတတ်တယ်။ ရိုသေလေးစားတတ်တယ်။ ကိုယ့်ဂုဏ်သိက္ခာကို တန်ဖိုးထား မြတ်နိုးတတ်တဲ့သူတစ်ယောက်ဖြစ်တယ် တဲ့။
အဲ့ဒီ စာသားကို ဖေဖေက ကွင်းခတ်ပြီး လိုင်းကို ထူထူ တားထားတာပါ။ ဖေဖေက တစ်ခါတလေ ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောပဲ အဲ့လိုမျိုး စကားထက် ထိရောက်တာမျိုးကို လုပ်တတ်ပါတယ်။

ကျွန်တော်ငယ်ငယ် ( ခုထိပါပဲ ) ရန်ကုန် မန္တလေး မီးရထားစီးပြီး ခရီးသွားရရင် သိပ်ပျော်ပါတယ်။ လမ်းမှာ ဖေဖေနဲ့ စကားတွေ အေးအေးဆေးဆေး ပြောရလို့လေ။
ကျွန်တော့်အသက် ၁၈နှစ်မှာ ဖေဖေ့ရဲ့ အသက်၅၀ အတွေ့အကြုံကို ရနေခဲ့ပါပြီ။ ဘ၀မှာ နောက်ကျောကို ဓါးနဲ့ ထိုးနေတဲ့သူတွေ၊ ချောက်တွန်းတဲ့သူတွေ၊ ကိုယ့်ဖို့တစ်ခုထဲပဲ သိပြီး လှေကားလို နင်းချင်တဲ့သူတွေ၊ အဲ့လိုလူတွေကို ကျွန်တော် လက်တွေ့မကြုံခဲ့ရသေးပေမယ့် ကျွန်တော်စာတွေ့တော့ ဖေဖေ့ဆီက သင်ခဲ့ရပြီးပါပြီ။
နူးညံ့စရာရှိရင်လဲ သူများနဲ့ မတူအောင် နူးညံ့သိမ်မွေ့ပြီး ရက်စက်စရာရှိရင်လဲ သွေးအေးအေးနဲ့ နောက်ပြန်လှည့်မကြည့်စတမ်း ရက်စက်တတ်ဖို့ ဖေဖေက ကျွန်တော့်ကို သင်ပေးခဲ့တယ်။
အမှန်တော့ လက်ဦးဆရာ မြည်ထိုက်စွာ ဆိုတဲ့ အမိအဘမှာလေ.. ကျွန်တော့်အတွက်ကတော့ ဖေဖေသာလျှင် တကယ့်ကို ကျွန်တော့်ရဲ့ စာကြည့်တိုက်၊ ကျွန်တော့်ရဲ့ ဘ၀တက္ကသိုလ်၊ ကျွန်တော့်ရဲ့ အလေးစားဆုံးဆရာ၊ ကျွန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း၊ ကျွန်တော့်ရဲ့ လမ်းပြ မီးအိမ် ဖြစ်ခဲ့တာပါ။

အရက်မသောက်၊ ဆေးလိပ်မသောက် တတ်ခဲ့တဲ့ ဖေဖေဟာ မေမေ့ကို သိပ်ချစ်တယ်။ စကားမာမာတောင် မေမေ့ကို မပြောခဲ့ဖူးဘူး။ ဖေဖေ့ကြောင့် ဘယ်တုန်းကမှ ကျွန်တော်တို့ မျက်နှာမငယ်ခဲ့ရဖူးဘူး။ အဲ့လိုမျိုး ချစ်သူအပေါ်ရော မိသားစုအပေါ်မှာပါ တာဝန်ကျေတတ်ခဲ့တဲ့ ဖေဖေက ကျွန်တော့်ကိုလဲ တာဝန်ကျေစေချင်တယ်လေ။ ဖေဖေက ပြောခဲ့ဖူးတယ်ဗျ။ ကိုယ့်ရဲ့ ချစ်ခြင်းကိုလဲ တန်ဖိုးထား မြတ်နိုးရမယ်ဆိုပဲ။
ကျွန်တော့်ကို ( ကျွန်တော် ကိုနဲ့ စကြိုက်တာ သိတော့ ) ချစ်တတ်အောင်လဲသင်ပေးခဲ့တယ်။ ချစ်သူကို တန်ဖိုးထားတတ်အောင်လဲ သင်ပေးတယ်။ ကျွန်တော်က ကိုနဲ့ ပတ်သတ်ပြီး ဘာပြောပြော ဖေဖေက သေချာနားထောင်တယ်။ နောက် ကျွန်တော့်ကို ဝေဖန်တယ်။ နောက် ကျွန်တော့်ကို သေချာပြန်စဉ်းစားခိုင်းတယ်။ အဲ့လိုမျိုး ဖေဖေ အမြဲလုပ်တယ်။ ကျွန်တော့်အတွက်ကတော့ ဖေဖေက ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဗျ။ အဟဲ။

ဘ၀မှာလေ.. ကျွန်တော်အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်တိုင်း၊ ကျွန်တော့်ကို ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတစ်ယောက်ယောက်က ဇော်က သိပ်တော်တယ်။ စဉ်းစားဥာဏ်ရှိတယ်။ ထက်မြက်တယ်။ အသက်ငယ်ပေမယ့် အရမ်းတော်တယ်လို့ အပြောခံရတိုင်းမှာ ကျွန်တော်အရင်ဆုံး ဖေဖေ့ကို သတိရမိတယ်။ ပြီးတော့ ကျေးဇူးတင်မိတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေဟာ ဖေဖေ့ဆီက ရတာပါ။ ကျွန်တော်တကယ် ကိုယ့်ဟာကိုယ် စဉ်းစားတတ်ခဲ့လို့ မဟုတ်ပါဘူး။

လူတိုင်းမှာ လေးစားရတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။
ကျွန်တော်ငယ်ငယ်တုန်းက နပိုလီယံကို သိပ်ကြိုက်ခဲ့ဖူးတယ်။ နပိုလီယံရဲ့ စစ်မြေပြင်ကနေ ချစ်ဇနီးဆီကို ပို့တဲ့စာတွေကို စပြီးလေ့လာရာကနေ နပိုလီယံရဲ့ မာကျောတယ်လို့ထင်ရတဲ့ နှလုံးသားထဲက နူးညံ့တဲ့ချစ်ခြင်းကြောင့် စိတ်ဝင်စားသွားမိတာပါ။ အဲ့ဒါလဲ ဖေဖေပဲ ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တာဗျ။
မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးကို အရူးတွေရဲ့ အဘိဓါန်မှာပဲ ရှာတွေ့နိုင်တယ် ( Impossible is a word to be found only in the Dictionary of Fools ) လို့ ပြောတတ်ခဲ့တဲ့ နပိုလီယံကို ကျွန်တော်တကယ်ပဲ ကြိုက်ခဲ့မိတယ်။

ဒါပေမယ့် ကျွန်တော် အခုအသက်အရွယ် တစ်ယောက်ထဲ မိသားစု အသိုင်းအ၀ိုင်းနဲ့ ဝေးရာမှာ ရပ်တည်နေရတဲ့အချိန် ကျွန်တော် ရင်ထဲ နှလုံးသားထဲက ပိုပြီး သိလာရတာကလေ ... ကျွန်တော့်ရဲ့ အလေးစားရဆုံးနဲ့ အားအကျမိဆုံး ပုဂ္ဂိုလ်ဟာ ကျွန်တော့်ဖေဖေပါပဲဗျာ...။

20 comments:

Anonymous said...

၁ လေးအရင်ယူမယ်။ :D

Anonymous said...

ညီမလေး ဇော်ရေ .. ပို့စ်လေးထဲက နာယူသင့်တဲ့ အကြောင်းအရာတွေ အများကြီး ရတယ်ကွာ .... တစ်ကြောင်းချင်း ဆွဲထုတ်ပြရရင်တော့ ပို့စ် တစ်ပုဒ်လုံး နီးပါး ဖြစ်သွားမှာ စိုးလို့ မထုတ်ပြတော့ပါဘူး .. သားသမီးတစ်ယောက်လိမ်တာကို ပိပိရိရိစနစ်တကျ စာအုပ်တစ်အုပ်ပေးပြီး သိမ်းသွင်း ပြောဆိုပုံ ၊ ပုံပြင်စာအုပ်ပေးပြီး ကိုယ်လိုချင်တာကို ကိုယ်ရအောင် ယူတတ်ဖို့ တိုက်တွန်းပုံ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် ထိန်းကျောင်းပြောဆိုပုံတွေက ပို့စ် တစ်ခုလုံးရဲ့ အသားတွေပါပဲ .. ဒီအနှစ်သာရတွေကို ခံစားချက်နဲ့ ကလောင်လက်ရာစွမ်း ပေါင်းလိုက်တော့ တုနှိုင်းဖက်ပြိုင်မှု ကင်းလောက်တဲ့ ခံစားချက်ရသစာကောင်း တစ်ပုဒ် စာဖတ်သူအတွက် ဖြစ်လာတာပေါ့ ... မိဘကို ချစ်ချင်မြတ်နိုးတန်ဖိုးထားတတ်တဲ့ သမီး တစ်ယောက် မိဘကျေးဇူး ကျေပြွန်စွာ ပေးဆပ်နိုင်ပါစေဗျာ ..
နေဒေးသစ်။

တလနွန် said...

ညီဇော်လေးရေ အဖေကိုချစ်တတ်တာ လိမ္မာတာ အားလုံးက ချီးကျူးစရာပါပဲ။ ဒီပိုစ့်လေးကိုသာ
ညီဇော်တို့ အဖေ ဖတ်မိရင် အရမ်းဝမ်းသာမိမှာပဲ။
ကိုည လည်း ဘလော့လည်တာ သွားတာ ပါးနေလို့ 
တစ်မျိုးမထင်နဲ့ ။ (အလုပ်တစ်ဖက် ကောင်မလေးတစ်
ဖက်နှင့်မို့ လို့  :) )

ခင်မင်ခြင်းနှင့်
ကိုည

မယ့်ကိုး said...

အဖေရတာ သိပ်ကံကောင်းတဲ့ ညီမလေးဇော်ပဲ...ဘဝမှာ ဒီထက်ပျော်ရွှင်ကံကောင်းပါစေ...

မေလေး said...

ညီမလေးရေ
အားကျမိပါတယ် . သမီးတွေက အဖေကို ပိုချစ်တတ်တယ်နော် မမလဲအဖေ သမီးဘဲ ဇော်ရဲ့
“မဖြစ်နိုင်ဘူးဆိုတဲ့ စကားလုံးကို အရူးတွေရဲ့ အဘိဓါန်မှာပဲ ရှာတွေ့နိုင်တယ် ( Impossible is a word to be found only in the Dictionary of Fools ) လို့ ပြောတတ်ခဲ့တဲ့ နပိုလီယံကို ကျွန်တော်တကယ်ပဲ ကြိုက်ခဲ့မိတယ်။ ” ဒီစာသားလေးကို မမလဲအရမ်းကြိုက်တယ်..လက်လဲလက်ခံထားတယ်လေ
ညီမငယ်လေးပျော်ရွှင်ပါစေနော်
မမမေလေး

မွန် said...

ဇော်ရေ..သိပ်တော်တာပဲ
ဇော့်ဖေဖေအကြောင်းဆိုပေမယ့် ဂန္တဝင်စာတပုးလို ရသတွေနဲ့ ဆွဲဆောင်သွားနိုင်တာရယ် စာဖတ်သူအကျိုးရှိအောင် ဗဟုသုတတွေ ရတတ်သလောက် မျှေးသွားတာတွေရယ်ဟာ ဇော့်စေတနာကိုလှစ်ပြနေတယ်
လေးစားစရာဇော့်ဖေဖေနဲ့ အဖေကိုမြတ်နိုးတဲ့ ဇော့်အချစ်တွေကတော့ တလက်လက်တဖိတ်ဖိတ်မြင်ခဲ့ရပါရဲ့

မိုးစက်အိမ် said...

ဖတ်လို. အရမ်းကောင်းတယ် မယ်မယ် ဇော်ရေ...:P
တစ်ပုဒ်လုံးဆွဲဆောင်မှု ရှိတယ် ... ( Impossible is a word to be found only in the Dictionary of Fools ) အဲစာသားလေးကို
အရမ်းကြိုက်မိတယ်...ပျော်ရွှင်ပါစေ ညီမရေ...

mgnge said...

အဖေ
အဖေ
အဖေ ဆို တာဘယ်လို မျိုး လည်း ငဇော်ရေ..အကိုတော့ သေချာ မဓိပ္ပါယ်မဖွင့်တတ်ဘူး...
ငဇော့်ဖေဖေ ကတော့ တကယ့်အားကျအတုယူစရာဖခင်ကောင်းတစ်ယောက်ပဲနော်

အားကျမိပါရဲ့
အားမှစာလာဖတ်တော့မယ့်... စာမေးပွဲမပီးသေးဘူး လေ

s said...

ဇော်ဆိုလို့ယောကျာင်္းလေးထင်နေတာ အိမ်လေးက အရမ်းလှတာပဲ၊ လင့်ခ်ထားလိုက်မယ်နော် မမ၊ နောက်မှစာတွေသေ၂ချာ၂လာဖတ်မယ်နော်။ ပျော်ရွှင်ပါစေ

Sein Lyan Tun said...

ဇူလိုင် (၂၂)ဖွား
တော်လိုက်တဲ့ ညီမလေး
လိမ္မာလိုက်တဲ့ ညီမလေး
အကိုကြီးအတိုင်းပဲနော်
ချစ်စွာဖြင့်
ဖိုးစိန်

ဂျစ်တူးလေး said...

ဇော်ရေ...
အဖေကို သိပ်ချစ်တတ်တဲ့ သမီးလေးလို့ မြင်သွားတယ်...ဂျစ် ကတော့ ပါးပါးနဲ့ မတည့်ဘူး..
ဒါပေမဲ့ ခုလိုဖေဖေနဲ့ ဝေးနေမှ ဖခင်တစ်ယောက်ရဲ့ စေတနာတွေ မြင်ရတယ်...။ညီမလေးဇော် ဂျစ်ထက် အများကြီး လိမ္မာတယ် လို့ယူဆသွားတယ်........။
ချစ်တဲ့...
ဂျစ်ဂျစ်

theinge said...

ဇော်ရေ အရေးအသားတကယ်ကောင်းတယ် နောက်တစ်ခါ ထူးထူးခြားခြား ရက်လေးတွေ ရှိရင် လည်း သဲသဲ ကိုပြောဦးနော် သဲသဲလည်း အဖေများနေ့ကို မရေးလိုက်ရဘူး။ သဲသဲက ဖေ့ဖေ့အသဲလေ အိမ်မှာ အဟိ ကြော်ငြာဝင်တာ

မငုံ said...

ဇော်ရေ..ဇော့်ဖေဖေ သိပ်တော်တာပဲလို့ ချီးကျူးပါရစေ။ လေးစားတယ်။

မြစ်ကျိုးအင်း said...

ဟုတ်တယ်ဇော်..ကလေးတယောက်လိမ်မာဘို့ အတွက်
ကြိမ်လုံးကိုင်စရာမလိုဘူး ငယ်ငယ်ထဲက စာအုပ်စာပေ
နဲ့ ရင်းနှီးအောင်ထားပါ...ညီမလေး ကိုယ်တွေ့ဖြစ်သလို
အကို ကိုယ်တွေ့လဲ ဖြစ်တယ်...။ညီမလေး ဖေဖေ ချပေးခဲ့တဲ့ ဘ၀လမ်းကြောင်းက တကယ်ကို တသက်စာ အကောင်းဆုံး အမွေလဲ ဖြစ်တယ်..။
ညီမလေးတို့ အလှည့်မှာလဲ ဒီလိုမျိုး မိဘတွေ ဖြစ်အောင်
လုပ်စေချင်တယ်...။
သားသမီးအပေါ်အကောင်းဆုံး တာဝန်ကျေတဲ့ ညီမလေးဖေဖေ့ကိုလဲ အကိုက လေးစားစွာ ဦးညွှတ် ကြောင်းပြောပေးပါ..။

Nay Lin said...

ကျွန်တော်နဲ့ မွေးတဲ့နေရာတူတူပဲ

ဝသန်မိုး said...

ဇော်လေး ရဲ့ ဖေဖေ ဒီ ပို့ စ်လေး သာ လာဖတ်ရင်
တော်တော်လေး ကို ကြည်နူးသွားမှာပဲ
ဒီစာကို လာမဖတ်နိုင်ရင်လည်း မေးလ်နဲ့ ဖြစ်၂ ပို့ ပေးလိုက်ပါလား
ဇော့်ဖေဖေ လည်း ၀မ်းသာပီတိ ဖြစ်ရတာပေါ့
အဖေနဲ့ အမေကို အကောင်းဆုံးကျေးဇူးဆပ်နိုင်တဲ့
သမီး အလိမ္မာလေးဖြစ်ပါစေ။
ခင်တဲ့
ဝသန်မိုး(မိုးမိုး)

Anonymous said...

Am............ I think something wrong, U was born in 1987 and when we were in 6th standard, it was 1998-1999. That's meaned, we were in 11 years old. Sorry for this comment.

Good luck Latt

ဇော် said...

အေးဟ ညီရ..
( နင်က အမည်မသိနဲ့ မန့်ပေမယ့် ငါ့ကို လတ်လို့ခေါ်တာ နင်တစ်ယောက်ပဲ ရှိတယ်ဆိုတာ ငါသိတယ် ညီ။ )

ငါက အမှန်က ၁၉၈၈ခုနှစ်မှာ မွေးတာပါ။ ဒါပေမယ့် ငါ့ကို မေမေက မွေးသက္ကရာဇ်လိမ်ပြီး ကျောင်းထားခဲ့တာ။ အဲ့ဒါကြောင့်။ ဒါပေမယ့် ငါဘယ်တော့မှ ၁၉၈၈ လို့မသုံးဘူး။ ၁၉၈၇လို့ပဲ သုံးတယ်။ ဘာလို့လဲဆိုတော့ ငါ့မှတ်တမ်းတိုင်းက ၁၉၈၇ ဖြစ်နေလို့ပဲ။ ဒီတစ်ခုတော့ နင် ငါ့ကို မသိလိုက်ဘူး။ နင်နဲ့ငါနဲ့ မူလတန်းထဲက ပေါင်းတာဆိုပေမယ့် နင်မသိတဲ့ ငါ့အကြောင်းအရာတွေ အများကြီးရှိပါသေးတယ် ညီရ။ =)

chitpalone said...

ကိုလတ်ရေ သမီးမမန့်ပဲမနေနိုင်ဘူးဗျာ။ ကိုလတ်အဖေပျော်ရွှင်ပါစေ။ ပါးလုံး အားကျတယ်ဗျာ။ ကိုလတ်အဖေရဲ့ဆုံးမစကားတွေကို စာအုပ်ထဲကို ကူးထည့်ထားပြီး နှလုံးသားထဲထိ ထည့်သွားပါတယ်။ ကိုယ့်အလှည့်ရောက်တဲ့အချိန် အသုံးချနိုင်အောင်ပါ။
ညီမလေးပါးလုံး

မိုးခါး said...

အရမ်းကောင်းတယ်
အရမ်းအရမ်းကိုကောင်းပါတယ်
မှတ်သားသွားတယ်ဇော်ရေ
ဇော်ဖေဖေကိုရော ဇော့်ကိုရော လေးစားမိပါတယ်
း)