အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, June 17, 2009

ကွက်လပ် .. ဖြည့်ပါ ...။

လူရယ်လို့ဖြစ်လာရင် လူသားတိုင်းမှာ မျိုးနွယ်အဖြစ် ဘိုးဘွားဘီဘင်ဆိုတာ ရှိတတ်ကြစမြဲပါ။ ဒါဟာလဲ လောကနိယာမ တစ်ခုပဲ ထင်ပါရဲ့။
လောကမှာ လူသားအဖြစ် မွေးဖွားလာတဲ့အချိန် အဖိုးအဖွားမရှိတဲ့သူရယ်လို့ မရှိခဲ့ပါဘူး။ လူတိုင်းမှာ အမှတ်တရ အနေနဲ့ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့အနေနဲ့ပဲ ဖြစ်ဖြစ် အဖိုးအဖွားဆိုတဲ့ ဝေါဟာရကို ထိတွေ့ခဲ့ကြဖူးပါတယ်။ နောက် အဲ့ဒီ ဝေါဟာရတွေနဲ့ ပတ်သတ်နေတဲ့ လူသားတွေနဲ့လဲ ဆက်ဆံခဲ့ကြဖူးပါတယ်။
တန်ဖိုးထားတာခြင်းသာ ကွာခြားကောင်း ကွာခြားနိုင်ပေမယ့် အဖိုးအဖွားဆိုတာ လူတိုင်းမှာ ရှိခဲ့ကြဖူးပါတယ်။
အဲ့ဒီထဲမှာ ကျွန်တော်လဲ တစ်ယောက်အပါအ၀င် ဖြစ်တယ်ဆိုတာ ... ။


မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ်၊ ၀ါဆိုလဆုတ် ၁၂ရက်၊ ၁၉၈၇ ခုနှစ် ဂျူလိုင်လ ၂၂ရက် ဗုဒ္ဒဟူးနေ့ ညနေ၄နာရီနဲ့ ၂၀မိနစ် ..
မိုးတွေ သည်းထန်စွာ ရွာသွန်းနေတဲ့အချိန် ..
လူ့လောကထဲကို ကျွန်တော်ဆိုတဲ့ လူသားတစ်ဦး ရှင်သန်ဖို့ရာ ၀င်ရောက်လာခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော်နဲ့ ပတ်သတ်တဲ့
သမိုင်းစာမျက်နှာ စတင်ပါတော့တယ်။
လူသားတိုင်းမှာ ကိုယ်တိုင်ရေး သမိုင်းကိုယ်စီရှိတတ်ကြပါတယ်။ ကိုယ့်သမိုင်း ကိုယ်ရေးတယ်ဆိုတဲ့ စကားဟာ မွေးဖွားတဲ့အချိန်ကနေ စတင်တယ်လို့ ကျွန်တော်ကတော့ ယူဆမိတယ်။ အဲ့ဒီ သမိုင်းစာမျက်နှာတိုင်းရဲ့ မျက်နှာပြင်ပေါ်မှာ ကိုယ်နဲ့ပတ်သတ်တဲ့သူတိုင်းရဲ့ ကဏ္ဌတစ်ခုဆီ ပါဝင်နေမယ်ဆိုတာ မလွဲပါဘူးလေ။
ကျွန်တော့်ဘ၀ရဲ့ အစောပိုင်း စာမျက်နှာတစ်ချို့မှာတော့ ကျွန်တော့်အတွက် မရှိမဖြစ်အရေးပါခဲ့တဲ့ သူနှစ်ယောက်ရှိခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ ...


ကျွန်တော့်ကို မွေးဖွားတဲ့နေ့က စပြီး ကျွန်တော့်မေမေက ကျွန်တော့်ကို သိပ်ဂရုမစိုက်ခဲ့ပါဘူး။ ဒါပေမယ့် သူမ ကျွန်တော့်ကို ချစ်တယ်ဆိုတာတော့ ကျွန်တော်ယုံကြည်ပါတယ်။ ဖေဖေက အလုပ်တစ်ဖက် မေမေကလဲ အလုပ်တစ်ဖက်နဲ့ဆိုတော့ မိဘတွေနဲ့ ကျွန်တော် မရင်းနှီးခဲ့ဘူး။
အဲ့ဒီအချိန်မှာ ကျွန်တော့်အတွက် အားကိုးရာက မေမေ့ရဲ့ အဖေနဲ့အမေဖြစ်တဲ့ ကျွန်တော့်ရဲ့ အဖိုးအဖွားကသာ ကျွန်တော့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေခဲ့တာပါ။

ကျွန်တော့်ရဲ့ အရာအားလုံးက အဖိုးအဖွားပဲ ဖြစ်ခဲ့ဖူးပါတယ်။ ဘယ်လောက်ထိလဲဆိုရင်လေ.. အဖေနဲ့ အမေကို အဖေ အမေရယ်လို့ မသိဘဲ အဖိုးအဖွားကိုသာ အဖေ အမေလို့ ခေါ်ပြီး အသိအမှတ်ပြုတဲ့အထိကို ငယ်ဘ၀မှာ ဖြစ်ပျက်ခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ အရာအားလုံးမှာ ဖိုးနဲ့ဖွားပဲ ရှိခဲ့ဖူးတာဟာ ကျွန်တော်ရှစ်တန်းနှစ်ရောက်တဲ့အထိပါပဲ။ ကျွန်တော့်အဖေနဲ့ ကျွန်တော် ဖေဖေအားတိုင်း စကားတွေပြောရင်း အချိန်ကုန်ခဲ့ဖူးပါတယ်။ မေမေနဲ့ ကျွန်တော် စာသင်ချိန်တွေမှာ ထိတွေ့ဆက်ဆံခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကျန်တဲ့အချိန်တော်တော်များများမှာတော့ ကျွန်တော့်အတွက် အဖော်တွေဟာ ဖိုးနဲ့ဖွားပဲ ဖြစ်နေတတ်ခဲ့ပါတယ်။

ကျွန်တော်ငယ်ငယ်က သူများကလေးတွေတန်းတူ အိမ်ပြင်ထွက်ဆော့ခွင့် မရှိခဲ့ဘူး။ နောက်ပြီး သူများကလေးတွေလိုမျိုးလဲ ကျွန်တော်နေခွင့်မရှိခဲ့ပါဘူး။ ကျွန်တော့်ဖေဖေက ကျွန်တော်မြေကြီးပေါ်မှာဆော့တာကို မကြိုက်ခဲ့ဘူး။ ကျွန်တော့်အားလပ်ချိန်တွေမှာ သူများတွေနဲ့ ရောနှောပြီးဆော့နေတာမျိုးလဲ မကြိုက်ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်က အိမ်ပေါ်မှာပဲ ဆော့ခဲ့ရတယ်။ ကျွန်တော်က မိန်းကလေးသာဆိုတာနော်။ ကျွန်တော့်ရဲ့ဖိုးက ကျွန်တော့်ကို မိန်းကလေးပီပီ အိုးပုတ်တွေ အရုပ်တွေနဲ့ ဆော့တာကို မကြိုက်ဘူး။ ယောက်ျားဆန်ဆန် သူနဲ့ စစ်တိုက်တမ်းကစားရတယ်။ နောက်ပြီး သူနဲ့ အပြိုင် ကျွန်တော်တို့ အရုပ်ဆက်ကြတယ်။

ကျွန်တော်မှတ်မိပါသေးတယ်။ ကျွန်တော် ၄တန်းနှစ် ကျွန်တော့်ရဲ့ ၈နှစ်မြောက် မွေးနေ့မှာ ကျွန်တော့်ဖေဖေက ကျွန်တော့်ကို လက်ဆောင်တစ်ခု ပေးလာပါတယ်။ ချက်စ် ထိုးတဲ့ အရုပ်လေးတွေနဲ့ ချက်စ်ခုံတစ်ခုပဲ ဖြစ်ပါတယ်။ ဖေဖေ့ရဲ့ရည်ရွယ်ချက်က သူများထက် တစ်ကွက်ကြိုမြင်အောင်ပါတဲ့။ ကျွန်တော့်ဖေဖေက ပေးခဲ့တဲ့ အဲ့ဒီလက်ဆောင်ဟာ ကျွန်တော်နဲ့ ကျွန်တော့်ဖိုးအတွက် အဖော်ကောင်းတွေ ဖြစ်လာခဲ့တယ်။ ဖေဖေက ပေးခဲ့ပေမယ့် တကယ်တမ်း သင်ပေးခဲ့တာက ဖိုးပါပဲ။ နောက် .. ဘောလုံးပွဲကြိုက်တတ်တဲ့ ဖိုးက ကျွန်တော့်ကို ဘောလုံးပွဲတွေနဲ့ ရင်းနှီးစေခဲ့ပြန်တယ်။ ပြီးရင်တော့ သူနဲ့ နှစ်ယောက် နဖူးတောက်ကြေး လောင်းကြတယ်။

တစ်ခုတော့ရှိတယ်ဗျ။ ဖိုးက ကျွန်တော့်ကို မေးခဲ့ဖူးတယ်။ ချက်စ်ထိုးတာနဲ့ ဘောလုံးပွဲမှာ ကျွန်တော်ဘယ်ဟာကို ပိုကြိုက်သလဲတဲ့။ ခင်ဗျားရော ကျွန်တော့်ကို ဘယ်လိုမြင်လဲဗျာ။ ကျွန်တော်ဘယ်ဟာကို ပိုပြီး နှစ်သက်မယ်ထင်ပါသလဲ။
လူတော်တော်များများက အသဲအသန်ပြေးလွှားပြီး လူ၂၂ယောက်က ၀ိုင်းလုနေကြရတဲ့ ဘောလုံးတစ်လုံးရဲ့ လှုပ်ရှားမှုကို ပိုပြီး ကြိုက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင် ခင်းကျင်းနိုင်တဲ့ စစ်မြေပြင်ကို ပိုပြီး စိတ်ဝင်စားမိတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင် စစ်တပ်ရှိတယ်။ နောက်ပြီး ကျွန်တော်က ညွှန်ကြားရတဲ့သူ။ ကျွန်တော်က ဦးဆောင်ပြီး တစ်ဖက်က စစ်မျက်နှာပြင်ကို ကြိုတင်ခန့်မှန်းရတာမျိုး။ အဲ့ဒါကို ပိုပြီး ကြိုက်မိတယ်လို့ ကျွန်တော်ပြန်ဖြေခဲ့တော့ ဖိုးက ကျွန်တော့်ကို ပြန်ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်ဗျ။

ခင်ဗျား စိတ်ဝင်စားမိလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တစ်ခုလောက် မေးပါရစေ။ ခင်ဗျားတို့ရော ဘောလုံးပွဲကို ဘယ်လိုစိတ်မျိုးနဲ့ ကြည့်တတ်ခဲ့ကြပါသလဲ။ ကျွန်တော့်အဖိုးကတော့ ကျွန်တော့်ကို သူကြည့်တတ်ခဲ့တဲ့ ဘောလုံးပွဲနဲ့ ပတ်သတ်တဲ့ ယူဆချက်တစ်ခုကို ချပြခဲ့ဖူးပါတယ်။ ကျွန်တော်ငယ်ငယ် အသက်၈နှစ်အရွယ်မှာပါပဲ။

ဘောလုံးပွဲတစ်ခုမှာ စည်းမျဉ်းဆိုတာတွေ ရှိတယ်။ ဘောင်ထဲမှာ ၀င်အောင်ကန်ရတယ်။ နောက်ပြီး မျှတတဲ့ အခြေအနေနဲ့ အခွင့်အရေးတစ်ခုကို သူများဆီက လုယူရတယ်။ အဲ့လိုမှ မဟုတ်ပဲ သူများကို ထိခိုက်မိပြီဆိုရင်တော့ ဒိုင်လူကြီးရဲ့ ၀ီစီအောက်မှာ ကိုယ်ကျဆုံးရလိမ့်မယ်။ နောက်ပြီး ပန်းတိုင်ဆိုတာ ရှိတယ်။ အဲ့ဒီ ပန်းတိုင်ရောက်ဖို့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရတယ်။ ပင်ပန်းကြီးစွာနဲ့ ရန်သူပေါင်းများစွာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ အဲ့ဒီ ပန်းတိုင်ကိုရောက်တယ်။ အဲ့ဒီ စပ်ကြားမှာတော့ ကိုယ့်ဆီရောက်လာတဲ့အခွင့်အရေးရှိသလို ကိုယ့်ဆီက လုယူခံလိုက်ရတဲ့ အခွင့်အရေးဆိုတဲ့ ဘောလုံးလဲ ရှိခဲ့တယ်။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ဖြစ်တဲ့ ကိုယ်နဲ့ တူတူ တစ်သင်းထဲ ကစားနေတဲ့ ကစားသမားတွေနဲ့လဲ အပေးအယူ အချိတ်အဆက်ရှိရဦးမယ်။ ကိုယ်တစ်ယောက်ထဲ ရပ်တည်လို့ မရဘူး။ အဲ့ဒီလိုမှပဲ ပန်းတိုင်ဆိုတာကို အောင်အောင်မြင်မြင်ရောက်မယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ အဲ့ဒီပန်းတိုင်မှာလဲ အခက်အခဲက ကြိုတင်စောင့်နေပြန်ရော။ ( အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရဘူးပေါ့ဗျာ။ ) ဘောလုံးပွဲဟာ လောကနိယာမ တစ်ခုနဲ့တူတယ်။ ဒီဘောလုံးပွဲကပဲ လူ့ဘ၀လို ဖြစ်နေပြန်ပါရောတဲ့။

ဒါဟာ ကျွန်တော့်အဖိုးက သင်ပေးခဲ့တဲ့ ဘောလုံးပွဲ ကြည့်နည်းတစ်ခုပေါ့။ အဲ့ဒီ အချိန်ကစပြီး ကျွန်တော့်ဘ၀မှာ ဘောလုံးပွဲပေါင်းမြောက်မြားစွာကို ကြည့်ဖြစ်ခဲ့တိုင်း ဖိုးရဲ့ အဲ့ဒီစကားဟာ ရင်ထဲမှာ အမြဲတမ်းကြားယောင်နေတတ်ခဲ့တာ၊ နောက်ပြီး အခက်အခဲပေါင်းများစွာနဲ့ ကြုံတိုင်း ဘောလုံးပွဲတစ်ခုကို ကြည့်ရသလိုမျိုး ကျွန်တော်ကြည့်တတ်လာခဲ့တော့တာ ကျွန်တော့်ဖိုးရဲ့ ကျေးဇူးပေါ့ဗျာ။

ကျွန်တော့်ဖွားကတော့ ကျွန်တော့်ကို မိန်းကလေးပီသစေချင်တယ်။ ဇာထိုးပန်းထိုးကအစ သင်ပေးတာဗျ။ ဒါပေမယ့် ကျွန်တော့်ဖိုးက မရဘူး။ ကျွန်တော့်ကို လ္ဘက်ရည်ဆိုင်ကအစ ခေါ်တယ်။ ပြီးတော့ မြေးအဖိုးနှစ်ယောက် ဘောလုံးပွဲအကြောင်းတို့ ချက်စ်အကြောင်းတို့ တောင်ပြောမြောက်ပြော ဆွေးနွေးကြတယ်။ ကျွန်တော်ငယ်ငယ်က တော်တော် အူကြောင်ကြောင်နိုင်ခဲ့တာဗျ။ အဖိုးက ယောက်ျားလေးလို ဆက်ဆံပြီး အဖွားက မိန်းမပီသစေချင်တဲ့ နှစ်မျိုးကြားမှာ ကျွန်တော်က လုံးလည်ချာလည်ကို လိုက်လို့။
ဒါပေမယ့် ကျွန်တော်ကျေနပ်ခဲ့ပါတယ်။ ကျွန်တော့်ကို တကယ်ချစ်ကြတဲ့ ကျွန်တော့်ဆီက ဘာမှ ပြန်မမျှော်လင့်ပဲ ချစ်မြတ်နိုးခြင်းတစ်ခုကိုသာ ပေးခဲ့တဲ့ အဖြူရောင်သက်သက် အဖိုးနဲ့အဖွားရဲ့ ချစ်ခြင်းမေတ္တာကိုရလို့ ကျွန်တော့်ငယ်ဘ၀မှာ ပြီးပြည့်စုံခဲ့ဖူးပါတယ်။

ဒါပေမယ့်ဗျာ။ လူသားတိုင်းမှာ မျှော်လင့်ချက်ပျောက်ဆုံးသွားသလိုမျိုး ခံစားလိုက်ရတဲ့နေ့တွေ ရှိကောင်းရှိခဲ့ဖူးကြပါလိမ့်မယ်။ ရင်ဘတ်ထဲမှာ ဘာမှ မရှိတော့သလိုမျိုး ခံစားချက်မဲ့တဲ့ အခြေအနေမျိုး ရောက်ဖူးခဲ့ကြပါလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ ဘာနဲ့မှ မတူနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ နေ့ရယ်လို့ ဘ၀မှာ နှစ်ကြိမ်ကြုံတွေ့ခဲ့ရပြီးပါပြီ။ ကျွန်တော်သာ တန်ခိုးရှင်တစ်ယောက်ဆိုရင်လေ .. အချိန်တွေကို ရပ်တန့်လို့ အဲ့ဒီလို နေ့ရက်မျိုးတွေနဲ့ ရင်မဆိုင်ရအောင် ရှောင်မိမှာပါပဲ။ ဒါပေမယ့်ပေါ့ .. ဗျာ ..။

ကျွန်တော် ၈တန်းတက်တဲ့နှစ်မှာပဲ ကျွန်တော့်ရဲ့ ရွှေတောင်ကြီးတစ်လုံး ပြိုလဲသွားခဲ့ရတယ်။ ကျွန်တော့်ဖွား ဆုံးသွားတယ်လေ။ ကျွန်တော်မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရဖူးတယ်။ ကျွန်တော်ဖွားရဲ့ ရုပ်ကလာပ်ကို ကြည့်ပြီး အရာအားလုံးဆုံးရှုံးသွားရသလို ခံစားခဲ့ရဖူးပါတယ်။
ကျွန်တော့်ရင်ဘတ်ထဲမှာ ဟာလာဟင်းလင်းနဲ့ပေါ့။ ကျွန်တော့်ရှေ့မှာ ကာရံပေးမယ့် တံတိုင်းမရှိတော့ဘူး။
မေမေက ဆူတိုင်း၊ မေမေက မွေးစားသမီးလို့ပြောတိုင်း၊ မေမေက နင် ဒီစာလေးတောင် မရဘူး၊ ငါ့သမီး မဟုတ်ဘူး လို့ပြောတိုင်း၊ မေမေက ကျွန်တော့်ကို လူကြားထဲမှာ ကျွန်မသမီးက သိပ်ညံ့တာ အဆင့်၂ ပဲရတယ်လေ။ အမသမီးကတော့ သိပ်တော်တယ်နော် အမြဲတမ်း ၁ ကကို မဆင်းဘူး လို့ပြောလို့ ကျွန်တော်တစ်ယောက်ထဲ အခန်းထဲမှာ ကြိတ်ငိုရတိုင်း ကျွန်တော့်ကို ကာကွယ်ပေးတတ်ခဲ့တဲ့ ကျွန်တော့်ရဲ့ တံတိုင်းကြီး ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်တော့်ရဲ့ ရွှေတောင်ကြီး ပြိုလဲသွားခဲ့ရတယ်။ ကျွန်တော့်ရင်တစ်ခုလုံး မွမွကြေလို့ပေါ့။

အဲ့ဒီအချိန်ကစပြီး ကျွန်တော့်ရဲ့နေ့ရက်တွေဟာ ခြောက်သွေ့သွားခဲ့တယ်။ မေမေနဲ့ ကျွန်တော်ပိုပြီး စိမ်းသွားခဲ့တယ်။ မေမေက ကျွန်တော့်ကိုချစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ချစ်ခြင်းဟာ မြေကြီးအောက်မှာ မြှုပ်နှံပြီး အပေါ်က ဂူဆောက်ထားတဲ့ င်္သချိုင်းမြေတစ်ခုနဲ့ တူတယ်။
ကျွန်တော့်ဘ၀မှာလေ အဖွားနဲ့ အမေဆိုရင် အဖွားကိုပဲ ရွေးချယ်မိလိမ့်မယ် ထင်ပါရဲ့ဗျာ။

ဒုတိယအကြိမ် ကျွန်တော်ပြိုလဲခဲ့ရတာကတော့ ကျွန်တော် ၁၀တန်းဖြေတဲ့နှစ်မှာပါပဲ။ ကျွန်တော့်အဖိုး ဆုံးသွားတဲ့နေ့ကပေါ့။ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်၊ ပခုံးဖက်ပေါင်းရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသလိုပါပဲ။ ကျွန်တော့်ရဲ့ အယုံကြည်ရဆုံး တိုင်ပင်ဖော်တစ်ယောက်ကို ကျွန်တော် ပျောက်ဆုံးသွားခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်တော် ချက်စ်မထိုးဖြစ်ခဲ့တော့ဘူး။ ဘောလုံးပွဲလဲ သေချာမကြည့်ဖြစ်ခဲ့တော့ပါဘူး။

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှာ တူညီစွာ လောကကို ထာဝရ လှည့်မကြည့်တမ်းကျောခိုင်းထွက်ခွာသွားခဲ့တဲ့ ဖိုးနဲ့ဖွားတို့ရဲ့ သေဆုံးချိန်နဲ့ နေ့ရက်တွေဟာ တစ်ထပ်တည်း နှစ်ခြားပြီး ကျရောက်နေတာကတော့ တိုက်ဆိုင်လွန်းတယ်ဗျာ။ ဒါပေမယ့် ဖိုးမဆုံးခင် ကျွန်တော့်စိတ်ကို သိတဲ့ဖိုးက သတိတရနဲ့ မှာခဲ့သားဗျ။ တစ်ယောက်တည်း ရပ်တည်နိုင်အောင် ကြိုးစားပါဆိုပဲ။ ဘ၀ဆိုတာ နံနက်ခင်းလမ်းလျှောက်ထွက်တာနဲ့ တူတယ်တဲ့။ အေးအေးဆေးဆေး လျှောက်တာ အကောင်းဆုံးပဲတဲ့လေ။

ကျွန်တော့်ဘ၀မှာ အစားထိုးမရနိုင်တဲ့ ကွက်လပ်နှစ်ခုရှိပါတယ်။ လူသားတိုင်းမှာလဲ ကွက်လပ်ကိုယ်ဆီ ဘ၀ရဲ့ အစိတ်အပိုင်းတိုင်းမှာ ရှိခဲ့ကြဖူးမှာပါ။ အဲ့ဒီ ကွက်လပ်တွေကို သူတို့ ဖြည့်ကောင်းဖြည့်နိုင်ခဲ့ကြပါလိမ့်မယ်။
ဒါပေမယ့် ကျွန်တော့်ရဲ့ရင်ထဲက ကွက်လပ်နှစ်ခုကတော့ ဘာနဲ့မှ အစားထိုးမရနိုင်ခဲ့တဲ့ ကွက်လပ်လေးတွေပါ။
ကျွန်တော့်ကို ရူးနေတယ်လို့ ခင်ဗျားထင်ကောင်းထင်ပါလိမ့်မယ်။ ကျွန်တော်က နှလုံးသားထဲက ဖြည့်ဖို့ မဖြစ်နိုင်တဲ့ ကွက်လပ်တွေကိုမှ တမ်းတစွာနဲ့ ဖြည့်ချင်နေခဲ့မိတာကိုးလေ ...။ဒီလိုနဲ့ပဲ ကျွန်တော်လဲ ... ။


( ကျွန်တော့်အဖိုးနဲ့ အဖွားအကြောင်းကို တက်ဂ်ထားခဲ့တဲ့ ကိုည ( တလနွန် ) ကို ကျွန်တော် အရေးနောက်ကျသွားခဲ့ရလို့ အနူးအညွတ်တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ရင်ထဲက ကွက်လပ်တွေအကြောင်း ကျွန်တော်ချပြလိုက်ပါပြီ။ ရာမညတိုင်းကမို့ မွန်နာမည်ပေးထားခဲ့ပါတယ်ဆိုတဲ့ ကိုတလနွန်ကို ကျွန်တော်က အကိုတစ်ယောက်လိုခင်လို့ ကိုညလို့ သူများနဲ့မတူအောင်ခေါ်တတ်ခဲ့တဲ့ ကိုည တစ်ယောက် ... ကျေနပ်နိုင်မယ်ထင်ပါတယ်ဗျာ။ )

14 comments:

တလနွန် said...

နွေးထွေးတဲ့ အဖိုးအဖွားနှစ်ယောက်ရခဲ့တဲ့ ညီမလေးဇော်
သိပ်ကံကောင်းတယ်ကွာ။ ညီမလေးတို့ အဖိုးမှာခဲ့တဲ့
“တစ်ယောက်တည်း ရပ်တည်နိုင်အောင် ကြိုးစားပါဆိုပဲ။ ဘ၀ဆိုတာ နံနက်ခင်း လမ်းလျှောက်ထွက်တာနဲ့ တူတယ်တဲ့။ အေးအေးဆေးဆေး လျှောက်တာ အကောင်းဆုံးပဲတဲ့လေ။” စကားအတိုင်း လိမ္မာတဲ့ မြေးလေးဖြစ်နေပြီးမဟုတ်လား။
အိပ်ရေးပျက်ခံပြီး ရေးပေးရတဲ့အတွက် စိတ်မကောင်းဘူး။ ကျေးဇူးလည်းတင်တယ်။
ကိုည လည်း တဂ်အကြွေးဆပ်ရအုံးမယ်။ ဘယ်လိုလုပ်ရမလိမ့်။

ခင်မင်ခြင်းများစွာနှင့်
ကိုည

မြစ်ကျိုးအင်း said...

စာပေလက်စောင်းထက်လာပြီနော်
ဘာရေးရေးဖတ်ကောင်းအောင် ရေးတတ်လာပြီ
ကောင်းတယ်....အစားထိုးမရတဲ့ ဆုံးရှုံးမှုဆိုတာ ရှိခဲ့ကြ တာပါပဲ...။အတော်ပဲ ဇော်ရေ ငါတို့ yahoo မှာချက်စ် တပွဲလောက်ထိုးကြည့်ရအောင်...မကစားရတာတော့ တော်တော်ကြာနေပါပြီ ဟဲဟဲ ကြိုကန်ထားတာ
သဘောတူရင် yahoo id ပေးလိုက်မယ်...

ကြယ်သောကြာ said...

ဟုတ်တယ်ဟေ့ ညီ ချက်စ် တစ်ပွဲထိုးလောက် ထိုးကြရအောင် လောင်းကြေးက သိတယ်မိုလား ထုံးစံအတိုင်း...
ကိုယ်ညီကို အလျော့ပေးတဲ့အနေနဲ့ ချက်စ် ထိုးကြရင် ကိုယ် ဘက်က လက်တစ်ဘက်တည်း နဲ့ ထိုးပါမယ်။ :D
သဘူတောလား သဘူတောရင် အကြောင်းပြန်

Anonymous said...

အဘိုးအဘွားကို အဖေအမေလိုချစ်တဲ့ ... အဘိုးအဘွားရဲ့ နုစိတ်ခြယ်သထားတဲ့ နွေးထွေးမှုမေတ္တာရိပ်အောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ညီမလေးဇော် .. လစ်ဟာသွားခဲ့တဲ့ ကွက်လပ်တစ်နေရာကို တမ်းတနေခဲ့မိတာ သဘာဝကျပါတယ် ... အစားထိုးလို့ မရနိုင်တော့ပေမယ့် ရှင်သန်နေတဲ့ ရင်ခုန်သံတွေကြားထဲကပဲ ဆုံးရှုံးခဲ့ရသူတွေကို ဦးညွတ်ကြည့်လိုက်ပါ .. သူတို့ ပြန်လည်နိုးထလာကြလိမ့်မယ် ထင်ပါတယ် ...
နေဒေးသစ်။

ဝသန်မိုး said...

စာအရေးအသားတွေ တော် တော်တိုးတက်လာတယ်
စာရေးဆရာမလုပ်တော့မယ်ထင်တယ်
ဟုတ်ပြီ အတော်ပဲ ချက်စ်ထိုးကြမယ်
ဘောကန်မယ်
ခင်တဲ့
ဝသန်မိုး(မိုးမိုး)

မိုးစက်အိမ် said...

ကောင်းလိုက်တဲ. ရေးချက်တွေ ငဇော်. ရေ...ငါ.
ညီမလို. မပြောရဘူး ဟီးးးးးးးးးးးးးးး ကွယ်လပ်မဖြည်.
နိုင်ပေမဲ. အတတ်နိုင်ဆုံးကြိုးစား သွားပါညီမလေး
အားပေးနေပါတယ်....

Sein Lyan Tun said...

ကွက်လပ်ကလေးပြည့်စေချင်သည်
အရေးအသားကလဲ ကောင်းတယ်
ခံစားရပါတယ်ညီမလေးရေ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မငုံ said...

ဇော်ရေ..အဘိုးအဘွားအကြောင်း လာဖတ်တယ်။ အတူခံစားပေးသွားတယ်နော့

ဂျစ် said...

ဒီစာကို ဖတ်ပြီး ဂျစ်အဖွားကို တော်တော် သတိရသွား တယ်...ဇော့် လိုပ.ဲ ဂျစ်အဖွားက ..ဂျစ်ကို သိပ်ချစ်တယ်.....၊

တစ်ယောက်တည်း ရပ်တည်နိုင်အောင် ကြိုးစားပါဆိုပဲ။ ဘ၀ဆိုတာ နံနက်ခင်းလမ်းလျှောက်ထွက်တာနဲ့ တူတယ်တဲ့။ အေးအေးဆေးဆေး လျှောက်တာ အကောင်းဆုံးပဲတဲ့လေ။
(ဒီစာကြောင်းလေး အရမ်းနှစ်သက်တယ် )

ခင်တဲ့
ဂျစ်

မွန် said...

ဇော်..
သွက်လက်ထိမိတဲ့ အရေးအသားကိုတော့ အထူးမပြောလိုတော့ဘူး
ဇော့်ဖိုးဖိုးရဲ့ အတွေးအမြင်လေးကိုတော့ နှစ်သက်စွာမှတ်သွားတယ်
မမွန်ကလဲ အဖိုးအဖွားကို အဖေအမေခေါ်ခဲ့သူဆိုတော့ အဆုံးထိ စိတ်ခိုင်ခိုင်ထား မနည်းဖတ်ခဲ့ရတယ်ဇော်

mgnge said...

ကို့ ဆီမှာတော့အဲ့လို ကွပ်လပ် တွေမရှိခဲ့ဖူး ကွ. .. ဒါပေမယ့် ငဇော့် အဖိုးရဲ့ ဘောလုံးပွဲ ကြည့်နည်း ယူဆချက် လေးကတော့ တကယ့်လေးစား စရာ ပါ....

အဲ့စာသားလေးကြိုက်တယ် ဇော်....
စာအရေး အသားလည်းကောင်း လာပြီ...

အားပေးလျက်
MN™

စည်သူ said...

အရေးအသားတွေကြောင့် အမှတ်တစ်ခုရသွားတယ်ဗျာ..။
နောက်တော့ ပြောပြမယ်...
ခင်မင်ရင်းနှီးစွာဖြင့်
စည်သူ...

မိုးခါး said...

ဇော်ရေ
အရမ်းလည်းဖတ်လို့ကောင်းတယ်
ကြည်နူးစရာ ၀မ်းနည်းစရာ စုံလို့ပဲနော်
ပျော်ရွှင်ပါစေး)

ahphyulay said...

ညီမလေးရေ.. မတွေ့ တာသိပ်ကြာသွားပြီဟေ့ ။
အစားထိုးမရတဲ့ ကွက်လပ်ဆိုတာ လူတိုင်းမှာရှိနေ
ကြမှာပါ။ ပြောရယင် အရိပ်တစ်ခုရဲ့ တန်ဘိုး ကိုရှိနေ
တုံးမှာ သတိမပြုမိပေမဲ့ အရိပ်မဲ့ သွားတဲ့ တစ်နေ့ ကျမှ
အရိပ်ရဲ့ တန်ဘိုးကို သိလိုက်ရပြီး တစ်သသနဲ့ တရိပ်ရိပ်
လွမ်းဆွတ်နေမိတာမျိုးပါ။ အရေးအသားကောင်းပါတယ်။
ကျွန်တော်လဲအဲဒီအရိပ်နဲ့ ပတ်သက်တဲ့ စာတစ်ပုဒ်ရေးထားမိပါတယ်၊ဝေဖန်ကြည့် ပါအုံး။