အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Monday, June 8, 2009

မငိုပါနဲ့ ... ကလေးရယ်

အကို
ဝေ မလားဘူးလားဗျာ။
အေး ညီမလေး။ ဝေ မလာဘူးကွ။ ဘာဖြစ်လဲတော့ အကိုလဲ မသိဘူး။


ခပ်ပြတ်ပြတ်ပြောလာတဲ့စကားသံကြားရတော့ ရင်ထဲမှာ ဘာကိုမှန်းမသိ ကျွန်တော် အလိုမကျသလို ခံစားလိုက်ရတယ်။ ဘာတုန်းဟ။ သူက ဝေရဲ့ ချစ်သူမဟုတ်ဘူးလား။ ဒါကို ပြန်ဖြေတဲ့လေသံက အချိုးမပြေဘူး။ ကျွန်တော် တင်းသွားတယ်။ နေပေါ့ဟာ။ မဖြေချင် မမေးဘူး။ ဒါနဲ့ ကျွန်တော် သူ့ရှေ့က လှည့်ထွက်လာခဲ့လိုက်တယ်။

အလုပ်ပြီးတဲ့အချိန် လေဆိပ်ကအထွက် အဆောင်ပြန်မယ့် ဖယ်ရီကားပေါ်မှာ နိုက်ဒျူတီ ဆင်းခဲ့တာမို့ တစ်ညလုံး ပင်ပန်းလာခဲ့ရသမျှကို ပျော့ပျောင်းနူးညံ့တဲ့ ဆိုဖာထိုင်ခုံနောက်မှီကို မှီလို့ အနားယူမယ်အလုပ် ကျောပိုးအိတ်ထဲက ဖုန်းသံမြည်လာတယ်။ ကျွန်တော်စိတ်တိုသွားမိတယ်။ ကျွန်တော်က လက်ကိုင်ဖုန်းသာကိုင်ပေမယ့် များသောအားဖြင့် အသံကို ပိတ်ထားတတ်တာများတယ်။ နားညည်းတာရယ် စိတ်အနှောင့်အယှက်ဖြစ်ရတာရယ်ကြောင့်လေ။ ဒါပေမယ့် မစ်စ်ကောပေါ်အောင်လို့တော့ အသံပဲပိတ်တယ်။ ပါဝါကိုတော့ မပိတ်ပါဘူး။ အဲ့ဒီ မစ်စ်ကောကိုကြည့်ပြီး အရေးကြီးကိစ္စရှိတယ်လို့ထင်ရတဲ့သူဆိုရင် ကျွန်တော် ပြန်ခေါ်ပေးလိုက်တယ်။ မက်ဆေ့ဂ်ျတိုင်းကိုလဲ ကျွန်တော်က မပြန်တတ်ပါဘူး။ ဟုတ်တယ်လေ။ အလကား ပိုက်ဆံကုန်တယ်ဗျ။

ကျွန်တော်မေ့ပြီး ဖုန်းမပိတ်လိုက်မိတာ ခုတော့ အနှောင့်အယှက်က စပြီ။ ကျွန်တော်ဖုန်းကို ယူကြည့်လိုက်တော့ ဝေ့ဆီက။ ဒါနဲ့ ကျွန်တော်လဲ ချက်ချင်းပဲ ဖုန်းကိုင်လိုက်တော့ ကလျာ။

ဆု .. ဝေလေ သွေးတွေ အန်နေတယ်။ လူက မျော့မျော့လေးပဲ ကျန်တော့တယ်။ ငါ ဘာလုပ်ရမလဲ မသိတော့ဘူး။ ခု အိပ်ယာပေါ်မှာ သတိ ကောင်းကောင်းမရဘူး။ ငါက နေ့လည် ဒျူတီရှိသေးတယ် တဲ့။
ကျွန်တော် စိတ်ပူသွားမိတယ်။
ဟ ဘယ်လိုဖြစ်ရပြန်ပြီတုန်း။ ကိုမင်းဟန်ကို ဖုန်းဆက်လေဟာ။ ချက်ချင်းလာခိုင်းချေ။
မဟုတ်ဘူးဆု။ ကိုမင်းဟန်ကို ဖုန်းဆက်ပြီးပြီ။ သူက အဆောင်ပြန်ဦးမယ်တဲ့။ ပြီးမှ လာမယ်တဲ့။ ပြောတယ်။ နေ့လယ်ကို ဆေးခန်းလိုက်ပို့ပေးမယ်လို့ပြောတယ်။ အဲ့ဒါ ငါဘာလုပ်ရမလဲ။


ကျွန်တော် ဘာပြန်ပြောရမလဲ မသိတော့ပါ။ ဝေနဲ့ ကိုမင်းဟန်ဆိုတာ ဒီကို ရောက်မှ ကြိုက်ကြတဲ့ စုံတွဲ။ ကျွန်တော်တို့ ဒီကို ရောက်တာ ၉လပဲ ရှိသေးတယ်။ သူတို့ကြိုက်တာ အလွန်ဆုံးရှိ ၆လပေါ့။
ကျွန်တော် ကပ်စီးကုတ်သမျှကို ဖြုန်းတီးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဟုတ်တယ်။ ကျွန်တော်ပြောမှ ဖြစ်တော့မယ်။ ဝေ လမ်းမှားရောက်နေပြီလေ။ ကျွန်တော့်စိတ်ထဲတော့ အဲ့လိုပဲ ထင်တယ်။

ကျွန်တော် အိမ်ရောက်တော့ ဝေ့ဆီဖုန်းဆက်လိုက်တယ်။ ဝေက ဖုန်းကိုင်ပါတယ်။ ကျွန်တော့်အသံကြားတော့ ရှိုက်ကြီးတငင် ငိုပါတော့တယ်။

ဆု.. သူငါ့ဆီ မလာဘူးဟာ။ သူငါ့ကို မချစ်တော့ဘူးနဲ့ တူတယ်နော်။ သူ ငါ့ကို စိတ်ကုန်နေပြီနဲ့တူတယ်။ ဆုရယ် ငါ သူ့ကို မခွဲနိုင်ဘူး။ သူ့ကို ငါ အရမ်းချစ်တယ်ဟာ။

ကျွန်တော် ကြောင်သွားမိတယ်။ ပြီးတော့ ရုတ်တရက် ဘာပြန်ပြောရမလဲ မသိတော့ပါ။

ဆု နင်ကလဲ ငါ့ကို ပစ်ထားတယ်။ နင် ငါ့ဆီကို မလာဘူးနော်။ နင်လာချင်ရင် အလွယ်လေးပါဟာ။

ကျွန်တော် ရင်ဆို့သွားမိတယ်။ ကျွန်တော် ပြောချင်ရာကို ပြောချတော့မယ်။ ကျွန်တော့်ရင်တစ်ခုလုံး တင်းကျပ် မွန်းနစ်လို့။

ဝေ.. ငါပြောတာကို သေချာနားထောင်နော်။ အရင်ဆုံး မငိုပါနဲ့ဦးဟာ။ နင့်မျက်ရည်တွေကို သိမ်းလိုက်ပါ။ နင်ဘာ့ကြောင့် မျက်ရည်ကျရတာလဲ ဝေရယ်။ နင် သူ့အတွက်ကျတဲ့မျက်ရည်က တကယ်ရော ထိုက်တန်ရဲ့လားလို့ နင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါဦး ကလေးမရယ်။

ခနလေး ငါ့ကို ဘာမှ ပြန်မပြောပါနဲ့ဦး။ ငါပြောတာကိုပဲ အရင်ဆုံး နားထောင်ပေးပါ။
မှန်ပါတယ် ဝေ။ နင်သူ့ကို သိပ်ချစ်တာကို ငါသိပါတယ်။ ဒါပေမယ့် ဝေရယ်။ အချစ်ဆိုတာ လုပ်ယူလို့မရဘူး။ သူက နင့်ကို ချစ်တယ်မချစ်ဘူးဆိုတာထက် နင်က သူ့ကို ချစ်တယ်ဆိုရင် ချစ်နေဖို့ပဲ လိုတယ်။ ကျန်တာကို မစဉ်းစားပါနဲ့ဝေ။
ချစ်သူကို သိပ်ချစ်လို့တော့ ရပါတယ်တဲ့။ သိပ်တော့မမျှော်လင့်ပါနဲ့တဲ့။

ဟုတ်တယ် ဝေရဲ့။ ချစ်သူကို ချစ်တယ်ဆိုတာနဲ့တင် လုံလောက်နေပါပြီ။ ငါတို့ ဘာလို့ လောဘတွေကြီးပြီး ပြန်မျှော်လင့်နေကြမလဲနော်။ ချစ်သူကိုချစ်တယ်ဆိုရင် ငါတို့ လွတ်လပ်ခွင့်ပေးသင့်တာပေါ့။ သူ စိတ်ချမ်းသာမယ်ဆိုရင် လမ်းမှားမရောက်အောင်၊ သူ့ကို မထိခိုက်အောင် ငါတို့ ကာကွယ်စောင့်ရှောက်တာက လွဲရင် ကျန်တာအားလုံးကို ဖြစ်စေသင့်တယ်လို့ ငါကတော့ ယူဆတယ်။ ဘာလို့လဲသိလား။ ငါတို့ချစ်သူတွေက အရုပ်ကလေးတွေမှ မဟုတ်တာ။ ခံစားတတ်တဲ့ နှလုံးသားရှိတဲ့သူ၊ စဉ်းစားတတ်တဲ့ ဦးနှောက်ရှိတဲ့သူတွေလေ။ ဒါကို နင်ရော ငါရော သဘောပေါက်ထားဖို့တော့ လိုတယ်။


ရင်တို့ တင်းကျပ်သထက် တင်းကျပ်လာသည်။ စက္ကန့်တိုင်းတွင် အသက်ရှူမှုတို့ ပို၍ မြန်ဆန်လာခဲ့ပြီ။

ငါနင့်ဆီကို မလာချင်လို့ မလာတာမဟုတ်ပါဘူးဝေ။ ငါနင့်ကို ပစ်ထားတာလဲ မဟုတ်ပါဘူး။ အခု အပြင်မှာ နံနက်ခင်းပေမယ့် သိပ်ပူတယ်ဆိုတာ နင်အသိပါ။ ငါတစ်ညလုံး အလုပ်လုပ်ခဲ့ရတယ်ဝေ။ ငါသိပ်ပင်ပန်းနေတယ်။ ဒီလိုအချိန်မှာမှ ငါ နေပူထဲထွက် နင့်ဆီကို တက္ကစီ စီးပြီးလာ။ ပြီးရင် နင်နဲ့ စကားပြော စသည်ဖြင့် ငါလုပ်ရင် ငါ ဘယ်အချိန်မှာ အနားယူရမလဲ။ ငါ လဲကျသွားလိမ့်မယ်။ နှလုံးရောဂါအခံရှိတဲ့ငါဟာ ဒီလိုမျိုးသာ မိုက်မိုက်မဲမဲလုပ်လိုက်မယ်ဆိုရင်...။
ငါ မလုပ်နိုင်ဘူးဝေ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့အနောက်မှာလေ ငါ့ကို ရင်နဲ့အမျှ စိတ်ပူစိုးရိမ်နေကြရမယ့် ငါ့ မိဘနဲ့ ငါ့ချစ်သူရှိနေတယ်။ ငါ သူတို့ကို သိပ်ချစ်တယ်ဝေ။ ဘာ့ကြောင့်များ ငါချစ်တဲ့သူတွေကို ငါ့အတွက်နဲ့ စိုးရိမ်စိတ်ပူစေမလဲနော်။ ဒါကြောင့်မို့ ငါမလာနိုင်ခဲ့တာကို နင်နားလည်ဖို့ ငါမျှော်လင့်ပါတယ်ဟာ။


အသံတို့ တိမ်ဝင်လာသည်။ လေညှင်းရဲ့ ပူလောင်မှုကို ခံစားလိုက်ရသည်။ သြော် … အေးစက်တဲ့လေအေးစက်ရဲ့ လေတောင် ခုတော့ ပူလောင်နေပြီပဲလေ...။

ငါ နောက်တစ်ခုပြောမယ်နော် ဝေ။ ငါတို့အခုရနေတဲ့ လက်ရှိအခြေအနေဟာ အရမ်းကို ကောင်းမွန်တယ်ဆိုတာ နင်ရော ငါရော ဒီမှာရှိသမျှလူအားလုံးရော အကုန်လုံးသိကြတယ်။ ဟော့ဒီတစ်နိုင်ငံလုံးမှာလေ .. ဟော့ဒီကမ္ဘာမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ အားလုံးထဲမှာလေ.. ငါတို့ရဲ့ အထက်မှာ ငါတို့ထက် သာတဲ့ Emirates Flight Crew ကလွဲရင် ငါတို့က အသာဆုံးဆိုတာ နင်သိပါတယ်။ လစာအနေနဲ့ရော.. နေထိုင်ရတဲ့ အဆင့်အတန်းအနေနဲ့ရော.. ရရှိတဲ့ အခွင့်အရေးတွေ အနေနဲ့ရော အစစ အရာရာမှာ ငါတို့က အသာဆုံးဆိုတာ နင်သိပါတယ်။ နင်တင်မဟုတ်ပါဘူး။ ဒီမှာ လုပ်နေသမျှ မြန်မာ အားလုံး သိကြပါတယ်။

ဒါကို ငါ ရန်ကုန်ပြန်တော့မယ် ဆုရယ်လို့ နင်လွယ်လွယ်နဲ့ ပြောထွက်ရက်တယ်နော်။ နောက်ပြီး နင်အလုပ်ကို မလေးစားဘူး။ ချစ်သူနဲ့ ရန်ဖြစ်စိတ်ကောက်တာနဲ့ နင် အလုပ်ကို မလာတော့ဘူး။ ခွင့်မယ့်ပျက်ကွက်တယ်။ နောက် နေမကောင်းဘူးဆိုပြီး MC Sick Leave တွေ ယူတာလဲ နင်များနေပြီ။ ဝေ .. နင် အဲ့လို လုပ်မယ်ဆိုရင်လေ အစထဲက ဒီစာမေးပွဲကို ၀င်မဖြေသင့်ခဲ့ဘူး။ နင် တစ်ယောက် အောင်ခဲ့လို့ နင့်အနောက်မှာလေ တကယ်ကို အလုပ်လိုအပ်နေတဲ့သူ၊ တကယ်ကို တော်တဲ့သူ၊ တကယ်ကို ပိုက်ဆံရှာပြီး အိမ်ကို ထောက်ပံ့ချင်တဲ့သူ၊ သူ့ဘ၀ကို သူ့လုပ်အားနဲ့ ရက်တည်ချင်တဲ့သူ တစ်ယောက် ကျန်ခဲ့ရတယ်ဆိုတာ နင်သိရဲ့လား ဝေ။ နင့်ကို ငါ သိပ်တစ်ကိုယ်ကောင်းဆန်တယ်လို့ မပြောရက်ပါဘူး။ ဒါပေမယ့် နင်စဉ်းစားသင့်တယ်။


ရှိုက်သံတို့ ပို၍ ပြင်းထန်စွာ နားစည်သို့ရိုက်ခတ်၏။ သနားလိုက်တာ ဝေရယ်..။ ရင်တွင် နက်ရှိုင်းခြင်းက စတင် ၀င်ရောက်၏။ လေညှင်းတို့ သြဘာပေးလေပြီ။

နင်ဘာလို့ ဒီကို လာခဲ့တာလဲ ဝေ။ ဒီကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ။ နင့်အိမ်မှာ နင့်အဖေက ပေးတဲ့မုန့်ဖိုး အပြည့်အစုံ၊ နင့်အမေက ချက်ကျွေးတဲ့ ဟင်းကောင်းထမင်းကောင်းတွေစားပြီး နေလို့ရတဲ့နေရာကနေ နင်ဘာလို့ ဒီလို နေရာမျိုးကို တစ်ယောက်ထဲ ထွက်လာခဲ့ရတာလဲ။ အဲ့ဒါကို ပြန်စဉ်းစားပါချော။
ဒီမေးခွန်းတွေရဲ့ အဖြေကို ငါအရင်ဖြေပြပါ ဟုတ်လား ဝေ။ အဟက်။


( နာကျင်ရလွန်းလို့ ရယ်သံနှင့်မတူ။ ညည်းညူသံနှင့်တူနေမှာ သေချာပါတယ် သူငယ်ချင်းရယ်။ )

ငါပြောပြမယ် သေချာနားထောင်ပေးပါ ဝေ။ နင့်ကိုမေးခဲ့တဲ့ ငါ့ရဲ့မေးခွန်းတွေကို ငါကိုယ်တိုင် ဖြေပေးပါ့မယ်။ ငါဘာလို့ ဒီကို တစ်ယောက်ထဲ လာခဲ့ရသလဲသိလား။ ငါ တာဝန်ကျေချင်တယ် ဝေ။ ငါ့အတွက် ငါ့မိဘတွေကို ငါ တာဝန်ကျေချင်လို့ပါ။ ငါ့ရဲ့ ချွေးနဲစာနဲ့ ငါ ပင်ပင်ပန်းပန်း ဒုက္ခအရောက်ခံ၊ ဟင်းမချက်တတ်လို့ ဖြစ်သလို ကြိတ်မှိတ်သည်းခံ၊ အထီးကျန်ရလွန်းလို့ ခနခန တိတ်တိတ်လေး မျက်ရည်အကျခံလို့ ရလာတဲ့ ဟောဒီ လစာကိုလေ ငါ့အဖေနဲ့ ငါ့အမေကို ငါလတိုင်း ကန်တော့ချင်ခဲ့လို့ ငါဒီကို မျက်စိစုံမှိတ်လို့ လာခဲ့တယ်ဝေ။ ဒီ့အတွက် ငါနောင်တ မရပါဘူး။

ခနလေး… ငါ့ကို သမီးအလိမ္မာလေးလို့ မထင်လိုက်ပါနဲ့။ ပြီးတော့ ဆုက လိမ္မာလိုက်တာလို့လဲ မချီးမွမ်းပါနဲ့။ ငါက သမီး အလိမ္မာတစ်ယောက်ဖြစ်ရတာထက် တာဝန်ကျေတဲ့ သမီးကောင်းတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ အဲ့ဒါကြောင့် ငါတာဝန်ကျေဖို့အတွက် ငါ ဒီကို လာခဲ့တာပဲ ဝေ။ ငါ့မိဘတွေက ငါ ဒီလိုမလုပ်လဲ သူတို့ စားနိုင်သောက်နိုင် နေနိုင်တယ်ဆိုတာ ငါသိတယ်။ နင့်မိဘတွေလဲ အတူတူပါပဲ။ အိုဗျာ။ မိဘတိုင်းက ဒီလိုချည်းပါပဲ။

မိဘတွေကလေ ပါးစပ်ကတော့ ပြောတတ်ကြတယ်။ သားသမီးဆီက ဘာကိုမှ မမျှော်လင့်ပါဘူးတဲ့။ ဒါပေမယ့် ဝေရယ် .. နင်သိရဲ့လား။ မိဘတွေကလေ သားသမီးတွေဆီက မျှော်လင့်ခြင်း ငါးမျိုးနဲ့ အစဉ်သဖြင့် မျှော်လင့်နေတတ်ကြပါတယ်တဲ့။
သားသမီးတွေရဲ့ လိမ္မာသိတတ်ခြင်းကို
သားသမီးတွေရဲ့ ခြေဆုပ်လက်နယ်ကို

သားသမီးတွေရဲ့ ကန်တော့တာကို
သားသမီးတွေ အိမ်ထောင်ကျတဲ့အထိ မိဘနဲ့ အတူနေတာကို
သားသမီးတွေရဲ့ မြေးမြစ်တွေကို
ပါတဲ့။ အဲ့ဒီ မျှော်လင့်ခြင်း ငါးမျိုးကို မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားသွားခဲ့တာ ဝေရဲ့။

ငါကလေ ငါ့မိဘအတွက် ဆိုးဝါးတဲ့ မွေးရကျိုးမနပ်လေခြင်း ဆိုတဲ့ အတွေးမျိုးကို ၀င်စေတဲ့ သမီးဆိုးတစ်ယောက်တော့ မဖြစ်ချင်ခဲ့ဘူး ဝေ။ ရတနာနဲ့ ရ တာ နာ မှာ ငါ ရတနာမဖြစ်ချင်နေပါစေ၊ ငါ့အမေအတွက်လေ ငါ ရ တာ နာ တဲ့ သမီးတစ်ယောက်တော့ မဖြစ်ချင်ဘူး။ ငါ့ကြောင့်မို့ ငါ့အမေမှာ စိုးရိမ်စိတ်ပူရလွန်းလို့ မျက်ရည်ကျတာမျိုး ငါမဖြစ်စေချင်ဘူး။ ငါ့အဖေမှာ အိပ်မပျော်ရတာမျိုး ငါမဖြစ်စေချင်ဘူး။
နင်သိရဲ့လားဝေ။ နင်ပြောခဲ့တယ်နော်။ ဒီမှာ ငါတစ်ယောက်ထဲ ဘယ်လိုနေရမှာလဲ ဆုရယ်လို့လေ။

ငါတို့ဒီကိုတောင် တစ်ယောက်ထဲ မိဘရင်ခွင် အိမ်ဦးခန်းကနေ ထွက်လာခဲ့ပြီးပြီ။ ဘာလို့ တစ်ယောက်ထဲမနေနိုင်ရမှာလဲဝေရဲ့။ အဲ့လိုမနေနိုင်တာနဲ့ပဲ၊ အဲ့လို စိတ်အားငယ်တယ် ဆိုတာကို အကြောင်းပြပြီး နင် ချစ်သူထားတော့ရော နင့်ချစ်သူက နင့်မိဘလောက် ကောင်းရဲ့လား။ နင့်ချစ်သူက နင့်ကို ရာခိုင်းနှုန်းပြည့်ချစ်ရဲ့လား။ နင့်ကို စိတ်ချမ်းသာအောင် ထားလို့လား။ ငါတော့ မထင်ဘူးဝေ။ နင့်ချစ်သူကြောင့် နင် ခနခန နေမကောင်းဖြစ်နေတယ်။ နင့်ချစ်သူကြောင့် နင် ခနခန ငိုနေရတယ်။ နင့်ချစ်သူကြောင့် နင် ခနခန စိတ်ဓါတ်တွေကျ စိတ်ညစ်နေရတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာလားဝေရယ်။
မချစ်နဲ့လို့ ငါမပြောပါဘူး ဝေ။ ငါကိုယ်တိုင်လဲ ငါ့မှာ ငါသိပ်ချစ်ရတဲ့ ချစ်သူရှိနေတယ်လေ။ ငါဆိုလိုချင်တာက သူ့စည်းနဲ့ သူ ရှိနေဖို့ကိုပါ။

နင် ငါ့ကို ပြောခဲ့တယ်နော်။ သူ့မွေးနေ့ကို Laptop ကွန်ပြူတာ လက်ဆောင်အဖြစ် ၀ယ်ပေးချင်တယ်လို့လေ။
ဝေ .. ငါတစ်ခုပြောမယ်ဟာ။ ကွန်ပြူတာကလေ ၁လုံးကို မြန်မာငွေ ၁၀သိန်းလောက်ရှိတယ်နော်။ ငါ့ရဲ့ HP လိုမျိုးလိုချင်ပါတယ်လို့ ပြောခဲ့တဲ့နင်.. ငါ့ရဲ့ HP Pravillian DV 6zSeries ကလေ ဒီနိုင်ငံမှာ မြန်မာငွေ ဆယ်သိန်းကျော်တယ် ဝေရဲ့။ နင် သေချာ ပြန်စဉ်းစားကြည့်ပါဦး။ နင့်မိဘတွေဆီကိုတော့ ပိုက်ဆံ ပြန်မပို့ဘဲ နင်က ဒီလို လုပ်မယ်ဆိုရင်လေ... ငါတကယ် ရင်နာတယ် ဝေ။ နင်သာ ငါ့ရင်က ဖြစ်တဲ့ ငါ့သမီးဆိုရင်လေ ငါ ရင်နာရလွန်းလို့ ဘာလုပ်မိမလဲ မသိဘူးဟာ။

နင်လေ .. အဲ့ဒီ ပိုက်ဆံဆယ်သိန်းကို မေမေနဲ့ ဖေဖေတို့ မြန်မာပြည်အနှံ့ဘုရားဖူးထွက်ဖို့ သမီး ကန်တော့လိုက်ပါတယ်။ သီတင်းကျွတ်ကို ဘုရားဖူးသွားကြနော်လို့ ပြောလိုက်ရင်လေ.. အဲ့လိုလုပ်လိုက်မယ်ဆိုရင်လေ... နင့်အမေနဲ့ အဖေမှာ ဘယ်လောက်များ ကြည်နူးလိုက်မလဲနော်။ ငါတို့သမီးလေး ပို့တဲ့ပိုက်ဆံနဲ့ ငါတို့ ဘုရားဖူးရပြီ။ မွေးရကျိုးနပ်လိုက်တာ သမီးရယ်လို့ ဖွင့်မပြောရင်တောင်မှ ရင်ထဲ နှလုံးသားထဲမှာ ဖြစ်ပေါ်နေမယ်ဆိုတာ ငါရဲရဲကြီးပြောရဲပါတယ်ဝေ။ နင်အခု ပေးမယ်လို့ လုပ်နေတဲ့ အဲ့ဒီလူကလေ နင် အဲ့လို ပေးတာတောင်မှ တန်ဖိုးထားရဲ့လားဟင်။ နင် ဒီလို အမိုက်ခံပြီး ပေးမှာကိုတောင်မှ သူက သိပ်အလေးအနက်ထားတဲ့ပုံမျိုးမဟုတ်ဘူးနော်။ နင် .. နင့်ရဲ့ ပေးဆပ်ရမှုနဲ့ ထိုက်တန်ရဲ့လားလို့ ပြန်ကြည့်ပါဦးဟာ။

နေပါဦးဝေရဲ့။ နင့်ချစ်သူရှေ့ကနေ ငါ့ကို ဖြေရှင်းချက်တွေ လာမပေးပါနဲ့ဦး။ ငါက အပြင်လူပါ။ နင်တို့ကို ကြည့်လိုက်တာနဲ့ ဘယ်လိုအခြေအနေဆိုတာ ငါခန့်မှန်းနိုင်ပါတယ်။ နင် သူ့ကို ယူမှာ မဟုတ်ဘူးဆိုတာ သူကလဲ နင့်ကို ယူမှာ မဟုတ်ဘူးဆိုတာ နင်ကိုယ်တိုင် ဖွင့်ပြောထားလို့ ငါသိပြီးသားပါ။ နင် သေချာ စဉ်းစားပေါ့ဟာ။ နင့်မှာ စဉ်းစားတတ်တဲ့ ဦးနှောက်တစ်လုံး ပိုင်ဆိုင်နေတာပဲ။

နောက်ပြီး ထိပ်ထားဝေ ဆိုတဲ့ ထက်မြက်တဲ့ တော်တဲ့ သတ္တိရှိတဲ့နင်ကလေ ခုလိုမျိုး ကျရှုံးနေတာ ပျော့ညံ့နေတာကို ငါ မမြင်ရက်ဘူး။ ငါနင့်ကို နှမြောလိုက်တာ ဝေရယ်။ ပြီးတော့ နင့်ကြောင့်မို့လို့ နင့်အမေမှာလေ စိတ်ပူပြီး မျက်ရည်ကျနေရတာတွေ.. နင့်ကြောင့်မို့လို့ နင့်အဖေမှာ ပိုပြီး စိတ်ပင်ပန်းရတာတွေ။ ဒါတွေကို နင်ကြည့်နေရက်လားဝေ။

ငါလေ.. ငါ့ဘ၀မှာ အကြောက်ဆုံးက ငါခုလို အဝေးရောက်နေတဲ့အချိန် ငါ့မိဘက ငါ့ကြောင့် စိတ်ပူနေရမှာ မျက်ရည်ကျရမှာကိုပဲ ဝေ။ ဘာလို့လဲသိလား။ ငါတို့က အခု အန္တရာယ်ရဲ့ တံခါးဝမှာ နေထိုင်နေကြတာ။ အချိန်မရွေး ဒုက္ခရောက်နိုင်တယ်။ ဒီလိုအချိန်မျိုးမှာ မိဘတွေပို့သတဲ့ ကြည်လင်တဲ့… ငါ့သမီးလေး ကျန်းမာပါစေ ချမ်းသာပါစေ၊ မိဘကို သိတတ်တဲ့သမီးလေး မိဘကို စိတ်ချမ်းသာစေတဲ့သမီးလေး ဘေးကင်းပါစေဆိုတဲ့ မေတ္တာပို့သတဲ့ စူးရှတဲ့မေတ္တာဟာ ငါတို့တစ်ယောက်စီရဲ့ လမ်းခရီးမှာ မိုးပေးထားတဲ့ ထီးတွေ ဖြစ်တယ်ဝေ။ ကာကွယ်ပေးထားတဲ့ ဒိုင်းတွေဖြစ်တယ်။ ဒါကို နင်ခံစားမိရဲ့လား။ ဒါ့ကြောင့် ငါ ဆိုးရွားတဲ့ သမီးတစ်ယောက် မဖြစ်ချင်ဘူး။ တာဝန်ကျေတဲ့ သမီးကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်လို့ ပြောခဲ့တာပါ။

ငါက တစ်နေ့ လက်ထက်ရမယ့်သူတစ်ယောက်ပါ ဝေရယ်။ တိတိကျကျ ပြောရရင် နောက်လေးနှစ်ရဲ့ ဒီဇင်ဘာလ ၇ရက်နေ့မှာ ငါလက်ထက်ရမှာပါ။ ငါ့မှာ တရားဝင် စေ့စပ်ထားတဲ့ ချစ်သူရှိနေခဲ့တယ် .. အဲ့ဒီချစ်သူက ငါ့ကို လေးနှစ်ပဲ အချိန်ပေးလိုက်တယ်ဆိုတာ နင်သိမှာပါနော်။ ဒီလေးနှစ်အတွင်းမှာ ငါ့မိဘအတွက် ငါကြိုးစားရမယ်။ ဒီလေးနှစ်အတွင်းမှာလေ ငါ တာဝန်ကျေရမယ်။ အဲ့လိုပဲ ငါ့အမျိုးသားအပေါ်မှာလဲ တာဝန်ကျေရမယ်ဆိုတဲ့စိတ်မျိုးနဲ့ ငါ့နေရက်တွေကို ငါ ကျော်ဖြတ်နေတယ်ဝေ။
လူတစ်ယောက်အဖြစ် ရှင်သန်နေတဲ့အချိန်မှာလေ .. ဘယ်အရာကိုမှ မဖြစ်မြောက်ရင်နေပါစေ။ ကိုယ့်တာဝန်တော့ ကိုယ် ကျေတာ အကောင်းဆုံးပါပဲဝေရယ်။ ဒါကို နင်နားလည်နိုင်ပါစေ လို့ ငါဆန္ဒပြုပါတယ်။

နင်ပြောခဲ့တယ်နော်။ နင်စိတ်ညစ်တိုင်း နင် စိတ်မချမ်းမသာဖြစ်ရတိုင်း ငါ့ကိုသတိရတယ်လို့လေ။ ငါက သိပ်ကို တည်ငြိမ်လွန်းတယ၊် အေးဆေးလွန်းတယ် လို့ နင်ပြောခဲ့တယ်နော်။
အမှန်က ငါက သိပ်ကို ကလေးဆန်ခဲ့တဲ့သူပါဝေရယ်။ ပြီးတော့ တစွတ်ထိုးလဲ အမြဲနိုင်ခဲ့တဲ့၊ ငါလုပ်ချင်ရာကို လုပ်တတ်ခဲ့တ၊ဲ့ ခေါင်းအရမ်းမာတဲ့ သူတစ်ယောက်ပါ။ ဒါပေမယ့်ဟာ..
အဲ့ဒါတွေက တစ်ခြားအရေးမပါတဲ့ ဘ၀ရဲ့ အစိတ်အပိုင်းတွေမှာသာ ထားတာကောင်းပါတယ်။ တကယ့် အရေးကြီးတဲ့အရာတွေမှာတော့ ငါတို့ ငြိမ်သက်အေးဆေးဖို့လိုတယ်။ လိုအပ်လာရင် သွေးအေးတတ်ရမယ်။ ကြုံလာသမျှကို မလှုပ်မယှက် ကြံ့ကြံ့ခံ အပြုံးနဲ့ ရင်ဆိုင်နိုင်ရမယ်။ ၀မ်းသာသည် ဖြစ်စေ ၀မ်းနည်းသည်ဖြစ်စေ စိတ်ထဲက အလွယ်တကူ ထုတ်နိုင်ရမယ်။ အဲ့လိုမှ မဟုတ်ရင် ငါတို့ တစ်ယောက်ထဲ ခုလို မိဘရင်ခွင်၊ ကိုယ့်ကို ချစ်ခင်တဲ့သူတွေရဲ့ ရင်ခွင်တွေနဲ့ ဝေးကွာနေတဲ့ သူစိမ်းတွေအလယ်မှာ ဘယ်လိုရပ်တည်ကြမလဲလေ။ ဒါကို နင်သိထားဖို့လိုအပ်ပါတယ်။ နင်က ဆယ်ကျော်သက်မှ မဟုတ်တော့တာ။ ငါတို့တွေရဲ့ အသက်တွေကလေ ၂၂ နှစ် ပြည့်ဖို့ လပိုင်းလောက်စီပဲ လိုကြတော့တာ မဟုတ်လား။ စိတ်ဓါတ်ရေးရာမှာ ရင့်ကျက်သင့်ပြီ သူငယ်ချင်း။

နောက်ဆုံးအနေနဲ့ ငါ ပြောလိုက်ပါရစေ ဝေ..။ နင်တစ်နေ့ သမီးလေးမွေးလာခဲ့လို့ရှိရင်လေ နင့်သမီးလေးက နင် အခုလုပ်နေသလိုမျိုး ပြန်လုပ်ခဲ့မယ် ဆိုရင် .. ဆိုတဲ့ အတွေးမျိုးနဲ့ နင် ခံစားကြည့်ပါ။ နင့် အမေကို နင် ကိုယ်ချင်းစာလာပါလိမ့်မယ်။ စိတ်မပျော့ပါနဲ့ သူငယ်ချင်း။ အချစ်နဲ့ တာဝန်ကျေတဲ့လူသားဆိုရင်လေ .. ငါတို့က ဆယ်ကျော်သက် ကလေးတွေမဟုတ်တော့တဲ့အတွက် တာဝန်ကျေတဲ့ လူသားတစ်ယောက်အဖြစ် သူ့ကို ချစ်ကြည့်လိုက်ပါ။
နင်ပျော်ရွှင်လာပါလိမ့်မယ် … ကလေးရယ်…။



( ကျွန်တော့်သူငယ်ချင်း အတွက်ပါ.. ဒီ အကြောင်းအရာက အဖြစ်မှန်ဖြစ်ပါတယ်။ ဆု ဆိုတာ ကျွန်တော်ကိုယ်တိုင်ပဲဆိုတာ စာရှုသူများ သိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ နောက်နာမည်တစ်မျိုးက ရှင်ဆုပြည့်ဖြစ်နေခဲ့လို့ပါ။ ဒီဖြစ်ရပ်လေးကို အမည်နာမတွေ လွှဲရေးခဲ့ရတာကတော့ ကာယကံရှင်တွေကို အားနာတဲ့စိတ်ကြောင့်ပါပဲ။ ထိခိုက်နစ်နာပါစေတော့ဆိုတဲ့ ဆန္ဒ တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ တနင်္လာသမီး ငါ့ရဲ့သူငယ်ချင်းရေ.. နင် ခွင့်လွှတ်တယ်ဟုတ်။ =)
သူငယ်ချင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ တက်ဂ်တဲ့ အပျိုကြီးမနင်းလဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မနင်းကလဲ အတက်ဂ် ကျနော်ကလဲ ဒီပြဿနာနဲ့ အကြုံ တိုက်ဆိုင်သွားလို့ ကျွန်တော့်သူငယ်ချင်းအတွက် ကျွန်တော်ပြောချင်တဲ့စကားတွေကို ချရေးလိုက်ပါတယ်။ ရင်နှင့်အမျှပေါ့။ )

( သြော် .. မေ့တော့မို့.. ကျွန်တော်ကလဲ ပြန်တက်ဂ်ပါရစေဗျာ။ ကျွန်တော့်အကို ဂျစ်ကို အိုက်ခီလောက်။ နောက် ကျွန်တော့်ကို တက်ဂ်ထားလို့ ကျွန်တော် လက်စားပြန်ချေလိုက်မယ်နော် ကျွန်တော့်အကို ကိုည ( တလနွန် ) နဲ့ ကိုနေ ( နေညိုရင့် ) တို့ကို။ ကျွန်တော်နဲ့ ၇နှစ်တိတိ ကွာတဲ့ ကိုဂျီးစိန် ( ဖိုးစိန်) ၊ကျွန်တော်ချစ်ရတဲ့ မမမေ ( ဆုံနိုင်ခွင့် … နေ့ရက်လေးများ ) နဲ့ အပျိုကြီး မဖူးတဲ့ ငုံ၊ ပလုံးလေး ( ချစ်ပါးလုံး )၊ မြူး ( မြူးသျှရီ )
တို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။ စိတ်မဆိုးကြေးနော်။ အဟိဟိ။ )

15 comments:

တလနွန် said...

သူငယ်ချင်း အပေါ်ထားတဲ့ ညီဇော်ရဲ့ စိတ်ထားစေတနာ
ကိုရော ညီဇော်ရဲ့ စိတ်ဓါတ်ကိုရော တွေ့ မြင်သွားတယ်။
မိဘတွေ မပြောတဲ့ မျှော်လင့်ခြင်းငါးမျိုးကိုလည်း မှတ်
သွားတယ်နော် ညီဇော်။
တဂ်တာတောင်မှ လက်စားချေတဲ့သဘော (ဟွန်း.........) ရေးပေးပါ့မယ်(ကြာမည်)
ပျော်ရွင်ပါစေ ညီမလေး

ခင်မင်ခြင်းနှင့်
ကိုည

yehtutnaung said...

ကောင်းလိုက်တဲ့ အတွေးအမြင်တွေ....။
ငါ့ညီမပြောတာ အမှန်တွေချည်းပဲ..ဝေ့...။
ရတဲ့ ယောက်ျားတော့ ကံကောင်းပြီ...။ :)
ဆက်ရေးပါ.. တက်ဂ်တာ တက်ဂ်ပေါ့နော့..။

မိုးစက်အိမ် said...

မဇော်. ရေလာဖတ်သွားပြီဟေ.
ရင်တွင်းဖြစ်လေး ဖတ်ရတာ
ကောင်းတယ်ဗျို. အားပေးလျက်ပါ

မွန် said...

ဇော် ဆွဲဆောင်နိုင်လွန်းလို့ ပင့်သက်မရှုပဲ အဆုံးထိ ဖတ်မိတယ် ဖတ်ပြီးမှပဲ သိပ်ကိုတန်ဖိုးရှိတဲ့ စာလေးဆိုတာ တိထားမိတယ် သပြည်ပရောက်ကလေးတွေ ဖြစ်နေကျပြဿနာပါပဲ မိဘကျေးဇူးကို ပြတ်ပြတ်ထင်ထင်ဖော်ပြနိုင်ပြီး ဘာလုပ်သင့်ခဲဆိုတဲ့လမ်းကြောင်းကို ကောင်းကောင်းမြင်လိုက်ရတဲ့စာလေး စေတနာတွေတပွေ့တပိုက်နဲ့စာလေးပါ

Anonymous said...

ရေးနိုင်ပါ့ဗျာ..... အတော်ကို ဖတ်ယူလိုက်ရတယ်။
စိတ်နေသဘောထားတွေ သိသွားပါပြီဗျာ...... လေးစားပါတယ်..။

Sein Lyan Tun said...

စိတ်ဓာတ်လေးတွေ သိရတာပေါ့
အဲလေ
စိတ်ဓာတ်လေးတွေကို သဘောကျပါတယ်
အကိုဂျီးလို့ ခေါ်လိုက်တာနဲ့ ရင်တော့တုန်သား
ခုတစ်လော ဘလော့နားမှထင်တယ်
တက်ဂ်ကျွေး တစ်ခုဆပ်မပြီးသေးဘူး
နောက်တစ်ခုက ကပ်ပါလာပီး
ညစ်ဒယ် ဒင်းကိုသတ်ချင်တယ်
အကိုဂျီးကိုမှအားမနာ
ချစ်တော့လဲ
ရေးပေးရမှာပေါ့ ငါ့ညီမလေးအတွက်
စောင့်
မျှော်
ဖိုးစိန်

Anonymous said...

အသက် ၂၂ နှစ်ပြည့်တော့မယ့် အမျိုးသမီးတစ်ယောက်ရဲ့ အတွေးတွေက အရာရာ ရင့်ကျက် တည်ငြိမ်ပြီးသား အမျိုးကောင်းသမီးတစ်ယောက်ရဲ့ နောက်ပြန်မလှည့်တတ်တဲ့ အတွေးမျိုးတွေနဲ့ပါလား .. သဘောကျမိပါတယ် ဇော်ရေ ..

ဝသန်မိုး said...

ညီမရဲ့ သူငယ်ချင်း
အကြောင်းလာဖတ်သွားတယ် နော်
တော်တော်ရေး နိုင်တယ် နော်
အကို လည်း အဲဒါ ကို ရေးရဦးမယ်
သုငယ်ချင်းတစ်ယောက်တက်ဂ်ထားတာ
ခင်တဲ့
ဝသန်

mysterysnow said...

ဇော်ညီမလေးရေ
ညီမလေးရဲ့ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းကို
ခံစားပြီးဖတ်သွားပါတယ်....
သူငယ်ချင်းအပေါ် မှာထားတဲ့
စေတနာလေးတွေ စိတ်ဓါတ်လေးတွေကိုလေးစားပါတယ်
ညီမလေးရေ....

မြစ်ကျိုးအင်း said...

ငါ့ညီမတော်တယ်..အကိုတောင် တချို့အချက်တွေ အတုယူရမယ်...။ဒီလိုပို့စ်မျိုးက နောင်တချိန်မှာကိုယ့်ရဲ့ မှတ်တိုင် လေးတွေ ဖြစ်လာလိမ့်မယ်...။
ဒီလို အကျိုးရှိတဲ့ စာပေလေးတွေ...
ရသ တခုခုကျန်ခဲ့မယ့် စာတွေကို ဆက်ပြီးရေးစေ ချင်ပါတယ်..။

အိုက်ခီလောက် said...

အင်းညီမတော်ထားတာ မမှားတော့ဖူး
ဂျစ်ကိုမှားနေရင်တောင်လမ်းမှန်ပို့ ပေးမယ့်ဂျစ်ညီမရှိနေပြီပဲ နော်
ဒီတော့ညည်းဂျစ်ကိုဆိုးတော့မယ် အရင်လိုပြန်နေတော့မယ်
တပ့်စ်ထားလည်းရေးပေးမယ် နောက်ပေါ့ :D
မပြောလိုပါ ဘာမှမပြောလိုပါ စာတွေ ရေးသွားတာ ကောင်းကြောင်းအထက်က လူကြီးမင်းတွေ အမကြီးတွေ သက်သေပြသွားပြီလေ
( သက်သာသွားတယ် ဟူးးးးးးးးးးးးးးးးးရေးရမှာ ဒါကြောင့်နောက်ဆုံးမှလာတာ :P )
ကဲ အားပေးနေမယ် ချီးစ်ယားစ် ၊ ကမ်းပိန်း ၊
ညည်းကေ၇သောက် ကျုပ်က အရက်သောက်မယ်
မှားနေရင်လိုက်ထိန်းပေးပါ ဒါပဲ

မေလေး said...

ညီမလေးဇော်
ငယ်သေးပေမဲ့ စိတ်ထားလေးလှတဲ့ ညီမလေး ကို လေးစားမိတယ်..မှန်လိုက်တာ ညီမလေးရယ်..ဘာလုပ်လုပ် ကိုယ်မိဘကို အလေးထားစဉ်းစားသင့်တာပါ.. မိဘတိုင်း က ပိုက်ဆံ မပို့ပါနဲ့ သမီးလေး ရယ် ..အဆင်ပြေအောင်နေပါနော်လို့ ပြောကြတာကြီးပါ..ဒါပေမဲ့ သားသမီးတွေဆီက ပို့လိုက်တဲ့ ပိုက်ဆံ အတွက် ဂုဏ်ယူချင်ကြတာပါဘဲလေ...
ညီမလေးရေ မမရေးပေးမယ်နော်
ညီမလေးဇော်..ပျော်ရွှင်ပါစေ
ချစ်တဲ့
မမမေလေး

theinge said...

ဇော်ရေ အရမ်းလေးစားသွားပြီး နောက်ဆုံးပို့စ်လေးကို ခုမှဖတ်ဖြစ်တယ်။ ကျွန်တော်လည်း ဇော်လိုသယ်ရင်းမျိုးလေး ဘေးနားမှာနီးနီးနားနားရှိရင် သိပ်ကောင်းမှာ အရမ်းချစ်ဖို့ကောင်းတာပဲ။

ကျွန်တော်လည်း တစ်ခေါက်အလိုဖြစ်ဖူးပါတယ်။ အဟတ် ဒါပေမဲ့ ရန်ကုန်ပြန်မယ်လို့တော့ ယောင်လို့တောင် စိတ်ကူးဖူးဘူး။ သဲ ဒီကိုလာတာ ဖေဖေနဲ့မေမေအတွက်လေ။ သူတို့စိတ်ညစ်အောင်တစ်ခေါက်လေးပဲရည်းစားထားဖူးပါတယ် အဟိ။ ခုတော့ အားလုံးကိုနားလည်ပြီး ကျွန်တော့်မိသားစုရယ် ပြီးရင် အရင်က ချစ်သူကိုစိတ်ချမ်းသာစေချင်တာပဲရှိတော့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူမရှိလည်း နေတတ်နေပြီလေ။
အဟိ လျှောက်ပြောတာကုန်သွားပြီ။

နေ့အိပ်မက် said...

မမရေ..... စစချင်းဖတ်တုန်းက ဘာရေးနေမှန်းမသိဘူး အောက်နားရောက်တော့မှ မမကိုသူငယ်ချင်းတော်ရတဲ့သူက တော်တော်ကံကောင်းတာပဲလို့ တွေးမိတယ်မမရေ...

ဂျစ်တူးလေး said...

ဂျစ်လည်း ဇော့်လို သူငယ်ချင်းလိုချင်သွားတယ်..
သူငယ်ချင်းအပေါ် ထားတဲ့စိတ်လေးကို လေးစားမိတယ်......။
ငဂျစ်