ကျနော်တို့ ၈တန်း နွေကျောင်းပိတ်ရက် အခါသမယတုန်းဆီက ဖြစ်ပါသည်။
ကျောင်းသုံးလပိတ်သော နွေကာလဖြစ်သောကြောင့် ကျနော်တို့ ညီအကိုမောင်နှမတစ်စု.. ဖိုးဖိုးကြီး ဦးဆောင်မှုဖြင့် သာယာဝတီသုံးဆယ်ခရိုင်တွင်းရှိ လက်ပံတုန်းကျေးရွာသို့ ရောက်ခဲ့ကြလေသည်။
ကျနော်တို့ရောက်ခဲ့သောအချိန်သည် ပူပြင်းသော နွေရာသီဖြစ်သည်နှင့်အညီ ရော်ရွက်ဝါများ ကြွေလွင့်နေသည်ကို လမ်းတစ်လျှောက်မြင်နေရသည်။ နေပူပူထဲတွင် သုံးဆယ်မြို့မှ ၅မိုင်ခန့်ကွာဝေးသော လက်ပံတုန်းကျေးရွာသို့ လယ်ကွင်းပြင်တွင် ထော်လာဂျီစီး၍ သွားရသော်လဲ... လမ်းတစ်ဖက်တစ်ချက်စီတိုင်းတွင် ရှိနေသော သစ်ပင်များ၏ အရိပ်သည် အခုခေတ် အဲကွန်းများနှင့်မလဲနိုင်သော အေးမြမှုကို ဖြစ်စေ၏။ သဘာဝသည် လူတို့မဖန်တီးနိုင်သော အမှန်တရားဖြစ်လေသည်။
ထိုအချိန်က ကျနော်တို့ကို ဖိတ်ခေါ်ခဲ့သော ဖိုးဖိုးကြီးတပည့် အိမ်ရှင်မိသားစုသည် လက်ပံတုန်းကျေးရွာနှင့် ၃မိုင်ခန့် ဝေးကွာသော လယ်ထဲတွင် အိမ်ကြီးရခိုင်ဆောက်လုပ်၍ နေထိုင်ကြသူများဖြစ်သည်။ ထို့ကြောင့် ကျနော်တို့ ရွာသို့ရောက်ချိန်တွင် နေ့လည်နေခင်းဖြစ်သော်လဲ ခရီးလမ်းမဆုံးသေးသဖြင့် ကောင်းကောင်းအနားမယူနိုင်ကြပါ။ အသင့်ပြင်ဆင်ထားသော နွားလှည်းဖြင့် ခရီးဆက်ရပြန်ပါသည်။
နွားနှစ်ကောင်ကသော လှည်းသည် ယခုခေတ် ဇိမ်ခံကားများကဲ့သို့ သက်သောင့်သက်သာ မရှိလှပါ။ သို့သော် ကောက်ရိုးများခင်းထားသော နွားလှည်းသည် ဇိမ်ခံကားများကဲ့သို့ စိတ်သန္တာန်၌ လှောင်အိုက်မွန်းကျပ်ခြင်းမျိုးမရှိ။ လတ်ဆတ်သန့်စင်သောလေကို တစ်ဝရှူရင်း လမ်းတစ်လျှောက်တွေ့ရသော လယ်သူမကလေးများ၊ တောင်သူဦးကြီးများကို အော်ဟစ်နှုတ်ဆက်ရင်း၊ ဥသြငှက်ကလေးများ တွန်ကျူးမှုကို နားသောတဆင်ရင်း၊ လှည်းဝင်ရိုးသံ တညံညံဖြင့် ခရီးဆက်ရသည်မှာ အလွန်ပင် စိတ်လွတ်လပ်ဖွယ်ကောင်းလှတော့သည်။
ကျနော်တို့လယ်တဲသို့ရောက်သောအချိန်သည် ညနေစောင်းဖြစ်သောကြောင့် အာကာပြင်၌ အလင်းတို့ ဖျော့တော့စွာ ဖြန့်ကျက်ထားသည်မှာ လောကတစ်ခွင်လုံး ပုဇွန်ဆီရောင် နောက်ခံထားသော ပန်းချီကားတစ်ချပ်နှယ်။ ယဉ်သကို ဆိုသကဲ့သို့ အပျိုဖြန်းလေးပမာ ၀န်းကျင်တစ်ခွင်၌ မခို့တရို့ဖြင့် ဖြာကျနေသော ဆည်းဆာချိန်သည် တစ်နေကုန် ခရီးပန်းသဖြင့် နွမ်းနယ်လာသော ကျနော်တို့အားလုံး၏ ရင်ကို အေးချမ်းသွားစေသည်မှာ ယခုခေတ် အိမ်ပြန်ချိန်များနှင့် လားလားမျှ မဆိုင်ပါ။
အိမ်သူသက်ထား ကြီးဒေါ် ချက်သော ချဉ်ပေါင်းဟင်းရည်ကျဲကလေး၊ ဂွေးသီးထောင်းကလေးနှင့် ဘူးသီးကာလသားချက်တို့ဖြင့် အားပါးတရလွေးရသော ညနေစာထမင်းဝိုင်းတွင် ဗိုက်အင့်လွန်းလှသဖြင့် ကျနော်တို့မောင်နှမများ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်ချင်ဖြစ်ရသည်မှာ ယခုခေတ် ဟိုတယ်များတွင် ဟန်ဆောင်ပန်ဆောင် စားရသော ညစာထမင်းဝိုင်းများနှင့် မည်သို့မှ နှိုင်းယှဉ်၍ ရလိမ့်မည်မဟုတ်ပါ။ အညာချက်သည် အလွန်မှ စားမြိန်လွန်းလှပါသည်။
ယာတောတွင်နေထိုင်သောကာလများ၌ အိမ်သူ ကြီးဒေါ်နှင့် သမီးဖြစ်သူ လုံမပျိုလေးတို့ ဆွမ်းထချက်ကြသော နံနက်လေးနာရီကာလများတွင် အအိပ်အလွန်မက်လှသော၊ နေဖင်ထိုးတာတောင် မထချင်အောင် အပျင်းထူတတ်ပါသော ကျနော်တို့မောင်နှမများ အိပ်မှုံစုံမွှား လိုက်ထကြရသည်။ သို့သော် ကြည်လင်လတ်ဆတ်သော နံနက်ခင်းအာရုဏ်ဦးလေပြည်ကလေးကိုများ ရှူလိုက်ရရင်ဖြင့် မကြည်မလင်ဖြစ်နေသော စိတ်များ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ကြသည်မှာ နောက်တစ်ခါ ပြန်အိပ်လိုက်ရမည်ကိုပင် နှမြောမိသည်အထိပါပေ။
ထို့နောက် ကျနော်တို့မောင်နှမများလဲ ဖိုးဖိုးကြီး၏ ခိုင်းစေချက်အရ ယာထဲဆင်းဖို့ပြင်ကြရလေသည်။ တကယ်ဆို ကျနော်တို့ လုပ်ဖို့မလိုအပ်ပါချေ။ သို့သော် ကျနော်တို့၏ ဖိုးဖိုးကြီးသည် ကျနော်တို့မောင်နှမတစ်သိုက်အား ပီဘိ တောသားကလေးများအသွင် ကျောင်းပိတ်ရက်ကာလများတွင် ပြောင်းလဲပေးခဲ့ချေသည်။ မည်သည့်ရည်ရွယ်ချက်ဟု မသိရသော်လဲ ကျနော်တို့ အလွန်မှပင် ပျော်ရွှင်ရပါသည်။
နံနက်စောစော ယာတောမှ ထမင်းပူပူကလေးကို ပဲပေါင်းကလေး ဆီကလေးဖြင့်စမ်းကာ နယ်ထားသော ပဲပြုတ်ထမင်းပူကလေးနှင့် ခရမ်းချဉ်သီးထောင်းကလေးကို ရေနွေးပူပူမှုတ်၍ အားပါးတရ လွေးပြီးသကာလ ကျနော်တို့မောင်နှမတစ်စုလုံး အိမ်ကြီးရှင်၏ သားသမီးများဖြင့် လယ်ထဲတွင် ထွန်သူထွန်၊ ကောက်စိုက်သူစိုက်၊ ပေါင်းသင်သူ ပေါင်းသင်၊ ပျိုးနှုတ်သူ နှုတ်ဖြင့် အလွန်မှကို ပျော်စရာကောင်းလှပါသည်။ ကျနော်တို့တစ်တွေကတော့ဖြင့် ဘာမှမလုပ်တတ်သူများ ပီသစွာ အိမ်ကြီးရှင်၏ သားပျိုကလေးများဖြစ်သော အကိုများ ဦးဆောင်မှုဖြင့် နွားကျောင်း ကျွှဲကျောင်းလိုက်ရလေသည်။
ကျနော်တို့နေထိုင်ရာ ယာတော၏ အရှေ့ဘက်တွင် လယ်ကွင်းများ အစီအရီရှိကြသည်။ ယာတောအိမ်၏ အ၀င်ဝတွင် တောင်ကဲ့သို့ မိုးထိုးမတတ် စုပုံထားသော ကောက်ရိုးပုံအမြင့်ကြီးရှိလေသည်။ ထိုကောက်ရိုးပုံကြီးဘေး၏ တလင်းပြင်၌ စပါးနယ်သော စပါးလှေ့သော နေရာရှိရကား ပုံထားသောစပါးပုံကြီးမှာလဲ တောင်ပူစာကြီး တစ်ခုကဲ့သို့ဖြစ်နေသည်။ ထိုကောက်ရိုးပုံနှင့် တလင်းပြင်မှာ ကျနော်တို့ မောင်နှမများ အဆော့လွန်ရာ ဌာနီများလဲဖြစ်သည်။ ကောက်ရိုးပုံပေါ် တက်ဆော့ရသောအချိန်များ တလင်းပြင်တွင် ပတ်ပြေးနေရသော အချိန်များသည် ယခုခေတ် ဂိမ်းဆိုင်များတွင် ဂိမ်းတိုက်နေရသည်နှင့် လားလားမျှမတူညီပါ။ အညောင်းအညာမမိသည့်အပြင် မျက်စိလဲ မကိုက်ပါ။ ပိုက်ဆံလဲမကုန်ပါ။ အချိန်လဲအလွန်အကြူး မကုန်ခဲ့ပါ။ မည်သို့မှ မတူညီနိုင်သော လွတ်လပ်မှုမျိုးပင်။
ညနေစောင်းအချိန်များတွင် ယာတောအိမ်၏ အနောက်ယွန်းယွန်း တစ်ပြလောက်အကွာအဝေးတွင်ရှိသော ရိုးချောင်းကလေးသို့ ကျနော်တို့ ကျွဲရေချိုးဆင်းကြသည်။ ချောင်းထဲသို့ ကျွဲကြီးစီး၍ဆင်းပြီး ပစ်ဆော့ရသည်မှာ အလွန်ပျော်ရွှင်စရာကောင်းလှသည်။ ကျွဲများကို ချောင်းထဲသို့မောင်းနှင်လာသော လမ်းပေါ်တွင် ဖရဲခင်းများရှိသည်။ ဖရဲသီးများ မြေပြင်ပေါ်တွင် အစီအရီ လဲလျောင်းနေကြသည်မှာ အစိမ်းရောင်ခေါင်းအုံးများ စီချထားသည့်အလား အလွန်မှ ကြည့်ကောင်းလှသည်။ အရွက်များအောက်မှ ဖရဲသီးများကို ဆွတ်ယူ၍ လက်မောင်းဖြင့် ပြင်းပြင်းခုတ်ပြီး အားရပါးရကိုက်စားရင်း ကျွဲစီးရသည်မှာ မည်သို့မှ မမေ့နိုင်သော အရသာပင်။ ထို့နောက် ကျွဲပေါ်ထိုင်ရင်း ရသမျှ သီချင်းများ သူ့ထက်ငါ အပြိုင်အဆိုင် အလုအယက်အော်ဟစ်သီဆိုကြရင်း ညနေဆည်းဆာနေခြည်နွေးနွေးတွင် ချောင်းရိုးထဲဆင်း၍ ကျွဲများဖြင့်အပြိုင်ဆော့ကစားရသော နေ့ရက်များသည် ကျနော့်အတွက် ညစဉ်မက်သောအိပ်မက်များပမာ။
ညဦးတွင် လူကြီးများစကားဝိုင်း၌ ရှေ့ဖြစ်နောက်ဖြစ်များ နားထောင်ရင်း၊ အမ လုံမပျိုကလေး ဗိုင်းငင်သည်ကို ကြည့်ရင်း၊ အိမ်သူ ကြီးဒေါ်၏ ပေါင်ပေါ်ခေါင်းအုံးရင်း ကောင်းကင်ကျယ်ကျယ်ကြီးကို ကြည့်ရသည်မှာ အလွန်မှ စိတ်ချမ်းသာစဖွယ်ကောင်းလှသည်။ ကောင်းကင်ကျယ်ကျယ်ကြီးရှိ မောင်ရင်ဆိုင်းထမ်းကြယ်ကလေးများ၊ လင်းလင်းလက်လက်ဖြင့် ရောင်ဝါထုတ် မျက်နှာချီနေသော ကိုရွှေဓူဝံကြယ်၊ အပျိုကလေး ယိမ်းနွဲ့ဟန်ဖြင့် ကပြ ဖျော်ဖြေနေသော ခုနှစ်စဉ်ကြယ် မောင်နှံများ၊ သူတို့နှင့် ခပ်လှမ်းလှမ်းတွင်တော့ ဦးဖိုးလမင်းကြီး၏ တစ်လောကလုံး ငါလွှမ်းခြုံထားသည်ဆိုပြီး ၀င့်ဝင့်ကြွားကြွားဖြစ်နေလိုက်ပုံများ ရှင်ဘုရင်ကြီး ဗိုလ်ရှုသဘင် ခံနေသည့်နှယ်ပင်။
လက်ဖက်ပန်းကန်လေးချ ရေနွေးကြမ်းအိုးလေးတည်ရင်း ယာတောနီးနားချင်းတောင်သူဦးကြီး ဒေါ်ကြီးများ၏ ရှေ့ဖြစ်နောက်ဖြစ်စကားများကို နားထောင်းရင်း ခံစားရသော ညဥ့်ဦးသည် မြို့ပြညဉ့်ဦးများနှင့် မည်သို့မျှမယှဉ်နိုင်သော ငြိမ်းချမ်းမှု ရသကိုပေးစွမ်းနိုင်လွန်းသည်။ ညဥ့်ဦး၏ လေအေးအေးလေးများ၊ ယာတောဘေးရှိ ဆိတ်ဖလူးပင် သနပ်ခါးပင် ညမွှေးပင်တို့မှ သင်းပျံလာသော ရနံ့များ၊ ကြည်လင်၍ ဆိတ်ငြိမ်သော ၀န်းကျင်တို့ဖြင့် ယာတော၏ ညသည် အပျိုမကလေး မျက်လွှာချသကဲ့သို့ ငြိမ်သက်၍ အိနြေ္ဒရလှသည်။ ထိုသို့အချိန်များကို ကုန်စေကြပြီးနောက် ခုနှစ်စဉ်ကြယ် အမြီးမထောင်ခင် ဦးကြီးဒေါ်ကြီးများ နှုတ်ဆက်၍ ပြန်ကြသောအခါ ကျနော်တို့အိမ်သားများလဲ ဘုရားဝတ်တက်ပြီးနောက် ကိုယ်စီ အိပ်ယာဝင်ခြင်းဖြင့် ညကို နှုတ်ဆက်ရသည်မှာ အလွန်မှ စိတ်ကြည်လင်ဖွယ်ကောင်းလှတော့သည်။
ကျနော်တို့ နွေကျောင်းပိတ်ရက် သုံးလတာ ကာလများသည် အလွန်မှ စိတ်ပျံ့ဆွတ် ကြည်နူးဖွယ်ကောင်းလှပါသည်။ သင်္ကြန်ရက်များအတွင်း ရွာဘုန်းကြီးကျောင်းသွား၍ လုပ်အားပေးခြင်းများ၊ လပြည့်လကွယ်ရက်များတွင် ယာတောနှင့် နှစ်မိုင်ခန့်ဝေးသော တောင်ပေါ်ရှိ ဘုရားကလေးသို့ လှည်းများကိုယ်စီဖြင့် ဘုရားဖူး ထွက်ရခြင်းများ၊ ကျန်သောနေ့ရက်များတွင် တောင်သူအလုပ်များ ကူလုပ်ပေးခြင်းများ၊ အမ အပျိုကလေးများဖြင့် ဟင်းရွက်ခူး ပန်းခူးထွက်ခြင်း၊ အကိုလူပျိုကာလသားများဖြင့် လူပျိုလှည့်ခြင်း၊ မာလကာပင်ပေါ်အပြိုင်တက်ကြခြင်း၊ ဒီဒိုးဥ အပြိုင်တူးကြခြင်း၊ နွားနို့ညှစ်ခြင်း၊ နွားစာ ၀က်စာပြင်ဆင်ကြခြင်း၊ ကန်သင်းရိုးတစ်လျှောက် တုတ်တစ်ချောင်းဖြင့်ရမ်း၍ သီချင်းတစ်ကြော်ကြော်အော်ရင်း ယာတောအိမ်သို့ပြန်ရသော ညနေခင်းများ။
ကျနော် သိပ်ချစ်ပါသည်။ တသသ အမှတ်ရနေမိသည်အထိ သိပ်ကို မြတ်နိုးမိရသော ကျနော်၏ ကျောင်းပိတ်သော နွေရက်များ ဖြစ်ခဲ့ဖူးပါသည်။
အကယ်၍ ကျနော်သည်သာ နောက်တစ်ကြိမ် လူဖြစ်ခွင့် ကြုံခဲ့ရသည်ရှိသော်.....။
ဇော်။
( ဤစာမူသည် ဧပြီလ ၁၂ရက် ၂၀၁၁ခုနှစ် အင်္ဂါနေ့တွင် ကျရောက်ခဲ့သော ကျနော်၏ စာရေးခြင်းသက်တမ်း ၂နှစ်ပြည့်အတွက် အမှတ်တရအဖြစ် ရည်စူးပါသည်။)
3 comments:
nice., Sister..Keep going...
PERFECT !! 1000 % LOV IT..
like . . like
Post a Comment