အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, July 9, 2009

စိတ်၏ စေရာ

မှိန်ဖျော့ဖျော့အလင်းရောင်သာရှိနေသော စာကြည့်ခန်းငယ်လေးထဲ ယောင်နနနှင့် ထိုင်နေမိသော သူ...
ရှေ့တည့်တည့် စားပွဲပေါ်မှာတော့ ဖေဖေ ပေးလိုက်သော ရတနာပန်းခင်းကလေးပုံပြင်စာအုပ်က အခန့်သား။
နားစည်ထဲမှာ ကြားယောင်နေသည်က ညနေက ဖေဖေပြောလိုက်သော......


" ပုံပြင်နားထောင်ချင်ရင် ကိုယ့်ဟာကိုယ် ဖတ်ယူရတယ်။ တစ်ခုခုကို လိုချင်ရင် ကိုယ်တိုင် ရယူတတ်ရတယ် သမီးရ" ဆိုတဲ့ စကားသံ။
ရင်ထဲမှာတော့ မကောင်း။ ဟုတ်တယ်လေ။ သူငယ်ချင်းတွေက ကျောင်းမှာ ငါတို့ မအိပ်ခင် ငါ့အဖေက၊ ငါ့အမေက ပုံပြင်ပြောပြပြီး ချော့သိပ်နေကျ လို့ ဂုဏ်ယူစွာနဲ့ ပြောနေကြတဲ့အချိန်။
တွေးရင်းနဲ့ ရင်ထဲမှာ ဆို့နစ်လာမိသည်။ ပြီးတော့ မကျေနပ်။ ဟုတ်သည်။ စိတ်ထဲမှာ ဖေဖေ့ကို မကျေနပ်။ ဖေဖေ ငါ့ကို မချစ်ဘူးထင်တယ် ဆိုတဲ့ အတွေးက ရင်ကို တစ်စစ စိမ့်ဝင် ရိုက်ခတ်...။

တော်ပြီ။ ဆက်မတွေးချင်။ ပြီးတော့ မခံချင်စိတ်လဲ ဖြစ်မိပြန်ရဲ့။ ဟုတ်တယ်။ ငါ ဖေဖေ့ကို အရှုံးမပေးဘူး။ ဖေဖေမပြောပြလဲ ငါ့ဟာငါ ဖတ်မယ်။ ငါလုပ်နိုင်တယ်။
တိုးတိုးလေး ရေရွတ်ရင်း ခေါင်းကို တစ်ချက်မော့လိုက်တော့ ဆံပင်တို့က ခါခနဲ ...။

နောက် စာကြည့်မီးကို ဖွင့်၊ မျက်နှာဖုံးလှလှလေးနဲ့ ကာတွန်းရုပ်လှလှလေးတွေ ပါဝင်နေတဲ့ စာအုပ်ကလေးက ဆွဲဆောင်မှု အပြည့်နှင့် ...။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်။
စာအုပ်ကလေးက ပြောနေသော ပုံပြင်လေးသည်သာ သူ၏ အတွေးတွင် စီးမျောလျက်...။
ညသည် ပို၍ နက်ရှိုင်းလာသည် ...။

။ .................................................................................။

အဲ့ဒီ အချိန်ကစပြီး သူ၏ အာရုံသည် စာပေသာ ဖြစ်လာခဲ့သည်။ အားလပ်ချိန်တိုင်းတွင် သူနှင့်အတူရှိနေတတ်ခဲ့တာက စာအုပ်တွေ၊ လေပြည်ညှင်းနဲ့ အလင်းရောင်။
ဒါတွေက သူ့အတွက်တော့ အရင်းနှီးဆုံးနဲ့ ယုံကြည်စိတ်အချရဆုံး အပေါင်းအဖော်တွေပင်။

စာအုပ်မရှိဘဲ၊ မဖတ်ဘဲ မနေနိုင်တတ်ခဲ့သော သူ ...
အတွေးတို့ လတ်ဆတ်လာသည်။ စကားလုံးတွေ တောက်ပလာသည်။ အပြုအမူတို့ ငြိမ်သက်လာသည်။ ထိုသို့ဖြင့် စာအုပ်က ပြောသော စကားသံတို့သည် သူ့ရင်တွင် အလျင်ဖြင့် စီးဆင်း၏။
သူ ... စာပေ၏ အုပ်ထိန်းမှုအောက်တွင် တည်ငြိမ်တတ်လာပြီ။

သူ့အတွက် အရာခပ်သိမ်းသည် စာပေဖြစ်လာသည်။ စာပေတွင် အရူးအမူးပျော်ဝင်ခြင်းသည် သူ့အဖို့ အိပ်မက်တစ်ခုလိုပင်။
မိုးရွာနေသောအချိန် အိမ်ရှေ့ဝရန်တာတွင် ဒရင်းဘတ်လေးချ၊ ကော်ဖီပူပူလေးသောက်ရင်း စာအုပ်တစ်အုပ်နှင့် ရှိနေတတ်ခဲ့သောသူ ... တခြားဘာကိုမှ စိတ်မ၀င်စားခဲ့ချေ။
စာပေ၏ အနှစ်သာရသည် သူ့အတွက် နတ်သုဒ္ဒါကဲ့သို့ ..။

တစ်ချိန်တည်းမှာပင် သူက ဂီတတွင်လဲ ပျော်ဝင်တတ်သေးသည်။
ဂီတတွင်မှ ကြိုးခြောက်ချောင်းကို လက်ချောင်းများဖြင့် ထိတွေ့ဆော့ကစားရသော ဂစ်တာကို သူ သိပ်ကြိုက်သည်။ ဂီတတွင် သူ၏ ရူးသွပ်မှုသည် ခြောက်ကြိုးကဝေဟု သူက တိတ်တဆိတ် ခေါ်ဆိုရသော ဂစ်တာ တစ်လက်ဖြစ်လာသည်။

တစ်ခါတရံ သူသိပ်ဝမ်းနည်းနေချိန်၊ အထီးကျန်နေချိန်၊ ဂစ်တာ၏ အပေါ်ယံမျက်နှာပြင်ရှိ ထိုကြိုးများကို ခပ်ဖြေးဖြေးထိတွေ့ခံစားရင်း သံစဉ်လှိုင်းများ ဖန်တီးမိသည်။ စိတ်တိုနေချိန်၊ တစ်ခုခုကို မကျေနပ်နေချိန်တွင်တော့ သူ၏ ၀ိဥာဉ်သည် ဂစ်တာကြိုးများ၏ ၀ုန်းဒိုင်းကျဲ ရိုက်ခတ်သံပေါ်တွင် ကခုန်လေ၏။
ဂစ်တာသည် သူ၏ ထွက်ပေါက် တစ်ခု ဖြစ်လေသည်။

သူ့ဘ၀၏ ညပေါင်းများစွာသည် တိတ်ဆိတ်ခြင်းနှင့် မှောင်မိုက်ခြင်းတွင် စာကြည့်မီးအိမ်မှ ဖြာထွက်နေသော မီးရောင်ဖျော့ဖျော့အောက် ကြယ်တွေကို အဖော်ပြုရင်း စာဖတ်ခြင်းနှင့် ကုန်လေသည်။
တစ်ခါတရံ ခံစားချက် ပြင်းထန်လာချိန် စာကြည့်ခန်း၏ ပြတင်းတံခါးဘောင်ပေါ် ဂစ်တာတစ်လက်ဖြင့် ( ခြေထောက်တစ်ချောင်းတင် တစ်ချောင်းချ ) ထိုင်းရင်း အမည်းရောင် ပိတ်သားနောက်ခံတွင် စိန်ပွင့်လေးတွေ လက်ဖြာနေတဲ့ ကောင်းကင်ရဲ့ မမြင်နိုင်တဲ့ အဆုံးကို လှမ်းမျှော်ကြည့်ရင်း စကားလုံးမရှိတဲ့ သံစဉ်တစ်ချို့ကို ဖန်တီးလို့ ရင်၌ ကြေကွဲနေတတ်ခဲ့၏။

ဘ၀ကို သမားရိုးကျ ရိုးရှင်းစွာ၊ အေးဆေးစွာ ဖြတ်သန်းချင်ခဲ့သောသူ ...
စာအုပ်တွေနဲ့ ဂစ်တာတစ်လက်ကို အဖော်ပြုရင်း နေ့တစ်နေ့ကို စောင့်မျှော်နေခဲ့သည်။
အဲ့ဒီနေ့ကတော့ ...
သူ ...
အပြီး ...
ထွက်ခွါရမည့်နေ့ ... ဖြစ်သည်။


( လွန်ခဲ့တဲ့တစ်ပတ်ကျော်က ကျွန်တော့်ကို အကိုထင်လင်းအောင်က တက်ဂ်ခဲ့တဲ့ ၀ါသနာ ဆိုတဲ့ ခေါင်းစဉ်ကို ဒီပိုစ့်နဲ့အတူ ကျွန်တော်ချေပလိုက်ပါတယ်။ နောက်ကျသွားတဲ့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး ကိုလင်းခင်ဗျာ။ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ဗျာ ...။ )

22 comments:

နှင်းနဲ့မာယာ said...

ဇော်ရေ ဝါသနာလေးက ကောင်းလိုက်တာ...
စာအုပ်ချစ်တာချင်းတော့ တူနေတယ်နော်...
ဇော် ပျော်ရွှင်ပါစေ.....

မိုးစက်အိမ် said...

ဝါသနာကို ပို.စ်မောဒန်လေးနဲ. ရေးသွားတာ
ကောင်းတယ် ငဇော်ရာ ... ဆက်ပြီး အလိုလေး
တွေရေးပါအုံး အားပေးနေပါတယ်...

စည်သူ said...

ဟဲဟဲ ကျွန်တော်လဲ အဲလိုပဲ..။
တစ်ခါတစ်လ စာအုပ်တောင်ပျောက်သွားတယ်..။
အသိမ်းလွန်လို့ လေ ဟီးဟီ..။
ခင်မငခစွာဖြင့်
.........သည်သူ။

မငုံ said...

ကောင်းတဲ့ပိုစ့်လေး။ စာအုပ်ချစ်တဲ့သူတိုင်း နူးညံတယ်တဲ့။ ဟုတ်လား မနှင်း
ဇော်ရေ..ရေးတာလေး တအားကောင်းတယ်။

Sein Lyan Tun said...

စာအုပ်ချစ်သူတွေ လာတွေ့နေတယ်

မွေးနေ့ချင်းတူမှတော့

စိတ်ခံစားမှု တစ်ချို့တူမယ်ဆိုလဲ မမှားဘူးပေါ့လေ

စာရေးကောင်းတယ်နော်

အကိုကြီးအတိုင်းပဲ

မွေးနေ့တူတာကို

အဟားးဟားးးး


ချစ်တဲ့

ဖိုးစိန်

Unknown said...

စာအုပ်တ္ဂေ ကို ချစ်တတ်တာကောင်းတယ်..
နောက်တစ်ခါကြုံမှဂစ်တာတီးပြခိုင်းဦးမယ်...
ပျော်ပါစေ..

လင်းကြယ်ဖြူ said...

ကောင်းတယ်ဟေ့...
စာအုပ်တ္ဂေကို ချစ်ရင် ခေါင်းအုံးအိပ်နေလိုက်ပါ..
ဂစ်တာတီးတတ်တာသိရင် နောက်ဆို ကြုံတိုင်းတီးပြခိုင်းဦးမယ်..
ပျော်ပါစေ...

တလနွန် said...

ဝါသနာကောင်းလေးပါ ညီဇော်ရာ...စာအုပ်စာပေကနေ အများကြီးရယူနိုင်ပါစေ..ဂစ်တာတစ်လက်နှင့် ပျော်ရွင်နိုင်ပါစေ။
ကိုည စိတ်သိပ်မလန်းတော့ ဘလော့သိပ်မလည်ဖြစ်ဘူး ...

ခင်မင်ခြင်းနှင့်
ကိုည

မေဇင် said...

တို့လဲ စာဖတ်တာ ၀ါသနာ ပါတယ်..။ ဂီတာ တီးတာ ၀ါသနာပါပေမယ့် လက်နာလို့ ခုဆို နားထောင်တာကိုပဲ ၀ါသနာပါတော့တယ်..။

Beauty Studio USA Branded Store said...

ကောင်းတယ်ဟေ့ စာပေ၊ဂီတ ထိုနှစ်ရပ်၌ ကြိုက်တဲ့သူတွေ လာတွေ့နေဧ။်။

littlebrook said...

တဂ်ပို့စ်ကို ဇော်ကငြိမ့်ငြိမ့်လေး ခံစားနိုင်အောင်ရေးသွားတယ် တော်တယ်ဗျ

Anonymous said...

စာအရေးအသားက ဆွဲဆောင်မှု ရှိတယ် ။
ကျနော်ရဲ့ ဆရာကလည်း စာအုပ်တွေပါပဲ ...
နောက်ဆုံးတော့ ကျနော် သူ့ကို ငြမ်း တစ်ခုလိုပဲ အသုံးချဖို့ ကြိုးစားခဲ့ရတယ် ...
ဘာလို့လဲ ဆိုရင်တော့ စိတ်တွေ ပြောင်းလဲ လာတာနဲ့ အမျှ အမှန်တရားတွေ ပြောင်းလဲလာလို့ပါပဲလေ ....
စကားတစ်ခု ရှိတယ် ..
တစ်ခုခုရဲ့ နောက်ကွယ်မှာ မဆုံးနိုင်တဲ့ နောက်ထပ် တစ်ခုခုတွေ အမြဲရှိနေတယ်တဲ့ ...
အေးချမ်း ပါစေဗျာ
မိုးသောက်

yehtutnaung said...

စာလာဖတ်တယ် ညီမလေးရေ.....။

ထင်လင်းအောင် said...

tag လေးကို စိတ်၏စေရာဆိုတဲ့ စိတ်ဝင်စားဖွယ်...
ခေါင်းစဉ်လေးနဲ့ ရေးထားတာ...ဖတ်လို့အတော်ကောင်းတာပဲညီမ....
စာဖတ်တာ...ဂစ်တာတီးတာ...အကိုနဲ့ ၀ါသနာချင်း
တူနေတယ်နော်....
thz alot for this post :D

ahphyulay said...

ကျွန်တော်မန့် ဘို့ ဖတ်ယင်းနဲ့  ဘာရေးရမှန်းမသိဘူး
ဖြစ်သွားရပါတယ်၊လွမ်းသွားလို့ ဗျ။ အလွမ်းတွေက ကူး
စက်လွယ်တယ်နော်၊ တမြေ့ မြေ့ လွမ်းနေအောင်ရေး
ဖွဲ့ တတ်ပါတယ်။
အချစ်တွေ၊အလွမ်းတွေက သံယောဇဉ်အုပ်စုထဲမှာ
ပါတယ်လေ။အချစ်ကပူလောင်ပြီးအငွေ့ လိုပျောက်
ကွယ်လွယ်ပြီးသံယောဇဉ်ကစိမ့် အေးပြီးဖြတ်ရသိပ်ခက်
ပါတယ်၊ဂစ်တာသမားလေးကသံယောဇဉ်တစ်ခုတော့ 
တွယ်နေပြီထင်တယ်။

ဂျစ် said...

သူငယ်ချင်း ဇော်ရေ...
စာအရေးအသားက တော်တော်ကောင်းတယ်....။
ဆွဲဆောင်မှုရှိအောင် ရေးတတ်တယ်....တော်တယ်..ဂျစ်တူးနဲ့ ကွာပါ့...။

ဂစ်တာတီးတာ ၀ါသနာတူပါ့....မတီးတတ်ဘူး...
ဒါပေမဲ့ ဂစ်တာတီးတဲ့ သူတော့ အရမ်းဖြစ်ချင်ခဲ့တယ်...။

ချစ်တဲ့
ဂျစ်

နွယ်ရိုး said...

ကောင်းလေစွ
ညားညားရေးနော်

မေလေး said...

ညီမလေးရေ
လာလည်တာ နောက်ကျသွားတယ်။ မအားတာနဲ့ မရောက်ဖြစ်တာ ညီမလေး။
စာဖတ်တာ ဝါသနာပါတာချင်းတူတယ်။
အားပေးနေမယ်နော်။

မဟာဆန် said...

စာတစ်ပုဒ်ကို ရည်ရွယ်ချက် ပေါ်လွင်အောင် တဖွဲ့တနွဲ့ ရေးထားတာ ချီးကျူးမိတယ်။ ငယ်ငယ်လေးနဲ့ တော်လိုက်တာ။ သမီးကို ကိုယ့်အားကိုယ်ကိုးတဲ့စိတ် ခိုင်မာအောင် အခြေချပေးတဲ့ ဖခင်တစ်ယောက်ရဲ့ ပုံသွင်းမှုက အတုယူစရာပဲ။ ကော်ဖီတစ်ခွက်နဲ့ စာတစ်အုပ်ရှိရင် ပြည့်စုံတဲ့ ခံစားချက်တူ ညီမလေးတစ်ယောက် ကောက်ရပြန်ပြီ။ ဂီတာတီးတတ်တယ်ဆိုတာကို အံ့သြ အားကျသွားတယ်။ စိတ်အေးချမ်းကြည်သာတာ၊ ပျော်ရွှင်တာ၊ ၀မ်းနည်းတာ၊ စိတ်ရှုပ်တာ၊ စိတ်တိုတာ ခံစားချက်တွေပေါ်မူတည်ပြီး သီချင်းတွေ ပြောင်းလဲဖွင့်တတ်ပေမဲ့ ညီမလို ခံစားချက်နဲ့ ဂီတကို မဖန်တီးတတ်ဘူး။ ကိုယ့်ခံစားချက်ကို ကိုယ်တိုင် ဖော်ထုတ်ရတာ ဘယ်လောက်တောင် အရသာရှိလိုက်မလဲ။

ဧရာဝတီသား said...

စာဖတ် ၀ါသနာပါတဲ့ လူအတော်များများ Blogger ဖြစ်ကြတယ်ထင်တယ်နော်။ ကျွန်တော်လည်း ၀ါသနာပါတယ်။ ဂီတာတီးတာလည်း ၀ါသနာပါတယ်ထင်လို့ ၁ နှစ်လောက် ကြိုးစားသင်လိုက်သေးတယ်။ ဒါပေမယ့် ပါရမီမပါလို့ထင်ပ၊ ဘယ်လိုမှ တတ်မလာဘူး :D

ခင်လျက်

mgnge said...

ဝါသနာကိုရေးတာ လား..။
ဂစ်တာ တီးတတ်တယ်ပေါ့..။

တစ်ပုဒ်လောက် ဟဲလိုက်ရအောင်..။

ဘယ်သူက ဘာတီးမလဲ.. ကိုယ့်ဘာသာဆုံးဖြတ်လိုက်..။ ဘေစ်တီး မလား ရပ်သမ် လား..။

နေမင်းသူရိယ said...

မဇော်
စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ ။ စာအုပ်ချစ်တာခြင်းတော်တော်တူတယ်။ကျနော်လဲစာဖတ်ဝါသနာပါတယ်။ စာအုပ်တွေဆိုရင်လဲရိုရိုသေသေစည်းကမ်းရှိရှိကိုင်မှ သဘောကျတယ်။ဒါပေမယ့်ကျနော် ဂီတမှာ ဖက်လှဲတကင်းမရှိဘူးဗျာ။ ဂီတကို ၀ါသနာပါတယ်။ပါရမီ မပါဘူးပြောရမှာပေါ့နော်။ ငယ်စဉ်ကလဲသင်ဖို့ အချိန်မှမပေးနိုင်ခဲ့ တာ။ ဂီတမှာဆိုရင် ခေတ်ပေါ်သီချင်းတွေ တူရိယာတွေထက် ခေတ်ဟောင်းသီချင်းတူရိယာတွေကို ပိုမြတ်နိုးတယ်။
ဝါသနာပိုင်းကတော့ ပြောပြလို့ ပြီးပြီ။
ဒီပို့ စ်လေးဖတ်ပြီးချိန်မှာ ရင်ထဲအမည်မသိ အလွမ်းဓာတ်လေးတခုဝင်သွားခဲ့ တယ်။ ဒါဆိုရင် စာရေးသူရဲ့ အရေးအသားကောင်းမွန်မှု ကြောင့်ဆိုတာ ဖော်ပြစရာမလိုလောက်တော့ပါဘူးနော်။ မဇော် တကယ်တော်ပါတယ်။ ကျနော်လဲရေးတတ်ချင်တယ်။စာရေးရမှာတော့ပျင်းတယ်။ပြီးတော့ ဒီလိုလဲ အစီစဉ်ကျအောင်မရေးတတ်ဘူး။တောင်စဉ်မရဘဲ။ ဒီတော့ရေးပြီးသားတွေဘဲလိုက်ဖတ်တော့မယ်။ ဆက်ကြိုးစားပါ။အားပေးနေမယ်......... ခင်တဲ့ ..... နေမင်းသူရိယ