အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, July 1, 2009

မြို့ရဲ့ည အ၀င်

ဒီမြို့မှာ ကျွန်တော့်ကို မွေးဖွားခဲ့သည်။ ဒီမြို့မှာပဲ ကျွန်တော် ရှင်သန်ခဲ့သည်။ ဒီဲမြို့မှာပဲ ကျွန်တော် ကျဆုံးချင်ခဲ့သည်။

ကျွန်တော်တို့မြို့လေးမှာ တောင်တန်းများရှိသည်။ လေပြည်ညှင်းတို့ ရိုက်ခတ်သည်။ ခပ်သွဲ့သွဲ့လှုပ်ရမ်းနေတဲ့ ပန်းခင်းတွေ စပါးပင်တွေ ရှိသည်။ မြို့၏ ကျက်သရေဆောင် ဘုရားပုထိုးများလည်းရှိနေသည်။

ဒီမြို့လေးမှာပဲ ကျွန်တော် ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ကျောင်းသားဘ၀က အတန်းပိုင်ဆရာမကို မကျေနပ်လို့ သူပန်ဖို့ နှင်းဆီပန်းဖူးငုံထဲ ပုရွက်ဆိတ် အနီကောင်တွေ သေချာ ဖြဲထည့်၊ ပြန်ပိတ်ပြီး ပေးခဲ့ဖူးသည်။ ထိုအဖြစ်ကြောင့် ကျွန်တော် ရုံးခန်းရောက်သည်။ ထိုသို့ ခပ်ပေပေ ကြီးပြင်းလာခဲ့သော ဘ၀ရဲ့ အစိတ်အပိုင်းများသည် ဤမြို့လေးတွင် ခပ်ပါးပါး ထင်ကျန်နေခဲ့ဖူးသည်။

ညနေကျူရှင်ဆင်းတိုင်း တစ်ယောက်တည်း နေတတ်သော ကျွန်တော် စက်ဘီးတစ်စီးနဲ့ မြို့စွန်တစ်ဘက်က လမ်းဘေး ခနော်နီ ခနော်နဲ့ ဦးယမ်းဘီးလူးရဲ့ လက်ဘက်ရည်ဆိုင် နန်းတော်သို့ မြန်းနေကျ။
လက်ဘက်ရည်ဆို ကျဆိမ့်မှ သောက်တတ်သော ကျွန်တော့်အတွက် ကျွန်တော့်ရဲ့ စက်ဘီး ခေါင်းလောင်းသံကြားရုံမျှဖြင့် ဖျော်ဆရာ ဦးဗလကြီးက အဆင်သင့် ဖျော်ပြီးသား။ ထိုလက်ဘက်ရည် ကျစိမ့်ကို တစ်စိမ့်စိမ့် အရသာခံ သောက်ရင်း အပြင်ဘက် မြက်တောထဲက ငှက်ငယ်တို့ အိပ်တန်းပြန်ချိန်ကို ကြားနာရင်း တိမ်ထုတို့ ကွယ်လို့ လမင်း ခေါင်းပြူလာချိန်၊ ပတ်ဝန်းကျင် ကဗလာ ဖုံးမှ ပြန်တတ်ခဲ့သော ကျွန်တော်။

အိမ်ရောက်လို့ ရေချိုး ထမင်းစားပြီးတာနဲ့ စာကြည့်ခန်းထဲဝင်၊ စားပွဲခုံမှာ ထိုင် ပြတင်းတံခါးကို ဖွင့်လို့ ညရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကျွန်တော် တစ်သားတည်းကျတဲ့အထိ ခံစားပြီးမှ စာကြည့်ရသော အရသာက ဗန်းဆင့်ဗန်းဂိုးရဲ့ အမှောင်ည ပန်းချီကားလို ကျွန်တော့်အတွက်တော့ အသက်ဝင်လွန်းလှသည်။
တိတ်ဆိတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တပြိုင်နက် ပေးစွမ်းနိုင်လွန်းတဲ့ ဒီမြို့လေးရဲ့ ညတိုင်းကို ကျွန်တော် မြတ်နိုးသည်။
အဝေးက တောင်တန်းပတ်လည်ကို လှမ်းကြည့်ရင်း ညရဲ့ ရင်ခွင်မှာ ကျွန်တော် အတွေး တောင်ပံ ဖြန့်ကျက်ချင်သည်။

အဝေးက အိပ်တန်းတက် ငှက်ငယ်တစ်ချို့ရဲ့ ညဘာသာဗေဒကို ကျွန်တော် နားလည်ကြည့်ချင်ခဲ့မိသည်။ ကျွန်တော့်ရင်သည် ညရဲ့ကောင်းကင်အောက် လေပြည်ညှင်းတို့ကြား မှောင်မိုက်ခြင်းနှင့်အတူ နွမ်းလျစွာ ခုန်တတ်နေခဲ့သည်ပဲ။

ဒီလိုနဲ့ ကျွန်တော် ဒီမြို့လေးမှာပဲ ကောင်မလေးတစ်ယောက်နဲ့ အကြာကြီး စကားပြောခဲ့ဖူးသည်။ ကျူရှင်အပြန် စက်ဘီးချင်း ယှဉ်နင်းပြီး စကားတွေ ပြောခဲ့မိတဲ့ကျွန်တော် အဲ့ဒီနေ့က ဦးဗလရဲ့ ကျစိမ့်လေးတောင် မေ့လျော့နေမိခဲ့ဖူးသည်။
လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာလို ယောင်ယောင်လေး ပြုံးပြီး ကျွန်တော့်ကို စကားပြောတတ်ခဲ့တဲ့ ဒီကောင်မလေးကြောင့် ကျွန်တော့်နှလုံးသားတံခါးတစ်ချပ် ခပ်ဟဟ ပွင့်သွားခဲ့ဖူးသည်။
ကျွန်တော် ဒီမြို့လေးကို ပိုတွယ်တာသွားခဲ့ဖူးသည်။

ခုတော့လဲ ဒီမြို့လေးကနေ ကျွန်တော်ခွဲထွက်လာခဲ့တာ ခုနှစ်တစ်ချို့ကိုတောင် ဖြတ်သန်းလို့ ရော်ရွက်ဝါတွေ အကြိမ်ကြိမ် ကြွေလွင့်နေခဲ့ပါပြီ။ မြို့ကလေးနဲ့ မိုင်သောင်းချီဝေးတဲ့နေရာမှာ ရောက်နေတဲ့ကျွန်တော် ... မြို့လေးကို ပြန်ဖို့ ပြင်ဆင်နေတဲ့အချိန်၊ ကျွန်တော့်အိတ်ထဲမှာ ဘောပင်တစ်ချောင်း စာမူတစ်ပုဒ် ချားလိစ်ဒစ်ကင်းရဲ့ ခရစ်စမတ် ကာရိုးစာအုပ်နဲ့ မိုက်ကယ်လန်းရဲ့ သီချင်းတွေ ထည့်ထားတဲ့ MP3 တစ်ခုပဲ ရှိနေခဲ့သည်။
ကျွန်တော် မြို့လေးကို ပိုလွမ်းလာသည်။ သောက်ဖူးနေကျ ကျဆိမ့်တစ်ခွက်ရဲ့အရသာနဲ့ နမ်းခဲ့ဖူးတဲ့ ပါးပြင်နုနုလေးကို သတိရမိတဲ့အခိုက် ဘယ်ဘက်ရင်အုံက နွေးကနဲ။

ဒီလိုနဲ့ .... ကျွန်တော် ... မြို့ကလေး .... ချစ်သူ ...
အဝေးကနေ အိပ်မက်တွေ မက်နေခဲ့ဖူးပါသည်။
မြို့လေးကတော့ ညရဲ့ လွှမ်းခြုံမှုအောက်မှာ တိတ်ဆိတ် ငြိမ်သက်လို့...။

19 comments:

mgnge said...

အကို့ ဆီမှာတော့ ခဲတံတစ်ချောင်းရယ်...။ တွံတေးသိန်းတံ သီချင်းတွေ နားထောင်လို့ ရတဲ့ ကတ်ဆက်အစုတ်ကြီးတစ်လုံး ရယ်နဲ့ .... အလွမ်းတွေ
ကို ခေါက်ရိုးကျကျထည့်ထားတဲ့..အိပ်အဟောင်းကြီး တစ်ခု ရယ်။။။ အရာရာ ကို ခေတ်နောက်ပြန်ကြည့်တတ်
တဲ့... စံချိန်လွန် မျက်မှန်ကြီးတစ်လက် ရယ်ပဲရှိတယ်.။

အကို ရော ပြန်လိုက်လို့ ရလား ငဇော်

တလနွန် said...

ကျဆိမ့်သောက်ချင်သွားပြီး :) လွမ်းနေတဲ့ မြို့ လေးမှာ
တစ်ယောက်သောသူ ရှိနေတယ် မဟုတ်လား :)

ခင်မင်ခြင်းနှင့်
တလနွန်

မြစ်ကျိုးအင်း said...

ညီမလေးဇော်ရေ စာဖတ်ပြီးမှပဲ လ္ဘက်ရည်ဆိုင် ညခင်း တွေကို သတိရနေမိတယ်...။ပြန်ရမယ်ဆို ကျောင်းသား ဘ၀မှာ ချစ်သူရဲ့ ကျူရှင်အပြန်လမ်းကို စောင့်နေရတဲ့ ဘ၀ကို ပြန်လိုချင်တယ်...။

လုလု said...

ဘာကို လွမ်းမှန်းမသိ လွမ်းသွားမိတယ်။

ကြယ်သောကြာ said...

ညီ အရေးအသား အရမ်းတက်လာပြီ ။ စာက ဖတ်ရတာ တော်တော် ချောလာပြီဗျ။
အတွေးလေးတွေ ထည့်ထားတာ အဆင်ပြေတယ်။ ကြိုးစားထား ညီ။ ( ကိုယ်တိုင်က မရေးတတ်ပေမယ့် ကောင်းကောင်း အကဲဖြတ်ပေးသွားတယ် :D )

တောင်ပေါ်သား said...

စာလေးဖတ်ရင်တွေးမိနေတယ် ကျနော်နေခဲ့တဲ့ မြို့လေးနဲ့ သူငယ်ချင်းတွေကိုပေါ့ တော်တော်ဆိုးမှန်းတော့ အရင်ကတည်းက သိနေပါတယ် ဆရာမတောင် အလွတ်မပေးပါလားနော်


လေးစားလျက်
တောင်ပေါ်သား

ကြည်ဖြူပိုင် said...

ကောင်းတယ်ဇော်ရေ....ညက်နေတဲ့အရေးအသားတွေနဲ့ ထက်နေတဲ့အတွေးလေးနဲ့ သွက်နေတဲ့လက်ကလေးရဲ့အောက်မှာဖြစ်လာတဲ့စာသားတွေကို အမလာဖတ်သွားပါတယ်

s said...

မမဇော်ရေ အရေးအသား ပြေပြစ်လှပတာနဲ့ ဆုတောင် ပိုပြီးလွမ်းသွားတယ်၊ မမ အရေးအသားကောင်းတယ် ပျော်ရွှင်ပါစေနော် မမ ၊ ဆုကတော့ မနက်ဖြန်မှအသစ်သင်မယ် ပြီးသေးဘူး ရေးနေတာ။

မယ့်ကိုး said...

စာအရေးအသား သွက်သွက်လေးကော ..အခု ငြိမ်ငြိမ်လေးရော အရေးအသားကောင်းတယ်...ညီမလေးဇော်ရေ...

အိုက်ခီလောက် said...

ဆိုးချက်ကတော့ ပြောမနေနဲ့ ကိုမွတ်ဆိတ်ရ လက်လန်တယ် ပြောရမယ်
အရင်ကတည်းကပြောပါတယ် ဟိုစပ်စပ် ဒီစပ်စပ် ပါဆို
ဒါတောင် သူ့ ပုရွတ်ဆိတ်နီထည့်ပြီးပေးတာ
ဆရာမထိုင်ခုံမှာ ခွေးလီးယားသီးများသွားထားသေးလားမသိဘူး သေချာစုံစမ်းမှ လုပ်ချင်လုပ်နေမှာ ယုံရတာမဟုတ်ဘူး
ညည်းပြောမှ ကျုပ်တောင် ကျစိမ့်တော့မသိဘူး
မိုးလေးအေးလာရင် စပါးအရက်ပဲလွမ်းတယ်
သောက်လိုက်ရင် ဘယ်ဖက်ရင်အုံနွေးလားမသိဘူး
တစ်ကိုယ်လုံးကိုပူထူသွားတာပဲ အဟတ်
ငါ့ညီမ ကောင်းတယ်ဗျာ ရေးသွားတာ နေထိုင်မကောင်းလို့ နည်းနည်းငြိမ်နေတာ ခုတော့သက်သာစွာနဲ့ သောင်းကျန်းနေပြီ

လင်းကြယ်ဖြူ said...

အဝေးက အိပ်တန်းတက် ငှက်ငယ်တစ်ချို့ရဲ့ ညဘာသာဗေဒကို ကျွန်တော် နားလည်ကြည့်ချင်ခဲ့မိသည်..........

အင်း....

မိုးခါး said...

ဇော့်မြို့လေးကလည်း လွမ်းချင်စရာလေးကိုးး)
ပျော်ရွှင်ပါစေဇော်ရေး)

ဂျာမုန်းဒန် said...

စာတွေရေးထားတာဖတ်လို့ကောင်းတယ်။
ရသစုံတဲ့ စာသားလေးမို့ စိတ်ဝင်စားစရာကောင်းတယ်
ခင်တဲ့
ဂျာမုန်းဒန်

ahphyulay said...

ငယ်ဘဝအကြောင်းတွေ ပြန်စဉ်းစားလိုက်တိုင်း
မနေ့ တစ်နေ့ ကလို ဖြစ်ဖြစ်နေတတ်ပါတယ်၊
ကိုယ်တွေ့ ဘဝလေးတွေကို ရေးနေတယ်လို့ 
ထင်ပါတယ်၊ကိုယ်တိုင်တွေ့ ကြုံခဲ့ တာလေးတွေကို
အရေးကောင်းကောင်းနဲ့ ပေါင်းစပ်လိုက်ယင်
ဖတ်လို့ ကောင်းတဲ့  ဝထ္ထုလေးတစ်ပုဒ်ဖြစ်လာတတ်ပါတယ်
ဆက်ရေးပါ၊

စည်သူ said...

အမရေ ကျွန်တော် ဒီ Post လေးကိုဖတ်ပြီး
ကျောင်းသားဘဝကို ပြန်ရောက်သွားသလို
ခံစားလိုက်ရတယ်..။

ဂျစ်တူးလေး said...

ဇော်ရေ...
ဂျစ် ကျောင်းသားဘ၀ စက်ဘီးလျှောက်စီး
ရတဲ့ ဘ၀လေးကို သတိရမိတယ်...။

ဇော့် အရေးအသားက တကယ်ငယ်ငယ်
ကျောင်းသားဘ၀ ဂျစ်တူးကို ပြန်ရလိုက်သ
လို ပါပဲ....။

ချစ်သူနဲ့ အတူတူ မနက်ခင်းတိုင်း
သောက်ခဲ့ဘူးတဲ့ ( ) ကိုလွမ်းမိတယ်.....။

ချစ်ခင်စွာဖြင့်
ဂျစ်

မိုးစက်အိမ် said...

ငဇော်တို.ကတော. ရေးတတ်ပဟေ. ... ဖတ်လို.
ကောင်းတယ် ဟ ... မဆီမဆိုင် ဇော်ပိုင် မြို.၀င်ည
တွေတောင် ကောက်ရွတ်မိသွားတယ် ဟီးးးးးးးး

littlebrook said...

ကောင်းမကောင်းထက် ကိုယ့်မြို့လေးကို ပြန်လွမ်းမိသွားတာ အသေအချာ

ဂျရတ် said...

အရေးအသားတွေကတော့ ညက်တယ်ဗျာ ...ဖတ်လို့ ကောင်းပါတယ် အားရင်လည်း ထပ်ရေးပါအုံး..:)