အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, July 26, 2009

ပြောပေးပါ ...။

ကျွန်တော်တို့ ဒီရပ်ကွက်နဲ့ ဒီလမ်းကိုပြောင်းလာတော့ ကျွန်တော်အတော်ပင် ပျော်ရွှင်ခဲ့မိသည်။ ဖေဖေ၏ ပင်စင်လစာလေးကို စုဆောင်းပြီး ၀ယ်ယူခဲ့ရသော ဒီအိမ်လေးကို ကျွန်တော် အမြတ်တနိုးချစ်ခဲ့မိသည်။ မေမေသည်လဲ ပျော်ရွှင်နေခဲ့သည်။

အဲ့ဒီနေ့က အလုပ်ဆင်းတဲ့အချိန် မမျှော်လင့်ဘဲ မိုးတွေ အရမ်းကို ရွာသွန်းလာခဲ့သည်။
မိုးရွာတာကို အရမ်းကြိုက်တဲ့ ကျွန်တော်.. လက်ထဲမှာ ထီးပါလာတာတောင် ဖွင့်မဆောင်းတော့ပဲ လမ်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်မိသည်။

မိုးစက်တွေ တစ်ဖွားဖွားကျနေတဲ့ ကောင်းကင်ဆီ မျက်လုံးကို မှိတ်၊ မျက်နှာကိုမော့လို့ အရှိန်နဲ့ ကျလာတဲ့ မိုးစက်တွေ မျက်နှာပြင်ကို ခပ်ပြင်းပြင်းရိုက်ခတ်တာကို ထိတွေ့ခံစားရတာကို နှစ်သက်လွန်းမိတဲ့ကျွန်တော် အိမ်ပြန်လမ်းတစ်လျှောက် ခနခန ကောင်းကင်ကို မျက်နှာချင်းဆိုင်ဖို့ ကြိုးစားကြည့်ခဲ့မိသည်။

အဲ့ဒီလိုမျိုး ကျွန်တော့်ရဲ့လုပ်ရပ်ကြောင့် ကျွန်တော်နေထိုင်ရာ လမ်းထဲကို ချိုးအ၀င်မှာ မျက်နှာချင်းဆိုင်က လာနေတဲ့ ခပ်ပါးပါး ဖြူလွလွ ဆံပင်ရှည်ရှည်နဲ့ လက်ထဲမှာလဲ စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ အဲ့ဒီ ကောင်မလေးကို မမြင်မိဘဲ ၀င်တိုက်မိတော့ ကောင်မလေးက ယိုင်ခနဲ ပြိုလဲ.. စာအုပ်တွေ အကုန်ပြုတ်ကျကုန်သည်။ ကျွန်တော် ရုတ်တရက်မို့ လန့်သွားမိသည်။

နူးညံ့တဲ့ ရနံ့တစ်ချို့ ကျွန်တော့်နှာခေါင်းဝကို ဖြတ်သန်းသွားခဲ့အပြီးမှာ ကောင်မလေးရဲ့ ဆံနွယ်ရှည်ရှည်တချို့ ကျွန်တော့်မျက်နှာကို အဖျားခတ်သွားခဲ့သည်။ ကောင်မလေးရဲ့ ပြုတ်ကျသွားတဲ့ စာအုပ်တွေကို ကူကောက်ပေးနေရင်းမှာပင် ကျွန်တော့်အတွက် လတ်ဆတ်တဲ့ သနပ်ခါးနံ့လေးက အသက်ရှူမှုကို မှားယွင်းနေစေသည်။ ကျွန်တော်က ရှက်သွေးဖြာတတ်တဲ့ ဆယ်ကျော်သက်လေးတစ်ယောက်မဟုတ်ခဲ့ပေမယ့် လှိုက်ခနဲတော့ ရင်ဖိုသွားမိသည်။
ကျွန်တော် အဲ့ဒီ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးကို နွယ်လို့ တိတ်တဆိတ် ကျွန်တော့်ဘာသာ အမည်ပေးဖြစ်ခဲ့သည်။
နွယ်သည် ကျွန်တော့်ကို တွယ်ငင် ရစ်ပတ်ခဲ့ပါသည်။

ကျွန်တော့် ရုံးသွားရုံးပြန်တိုင်း ဘတ်စ်ကားဂိတ်မှာ နွယ်နဲ့ ဆုံတွေ့လာခဲ့သည်။ နွယ်က ထုံးစံအတိုင်း စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပါပဲ။ နွယ်နဲ့ကျွန်တော်ဆုံတိုင်း ကျွန်တော် နွယ့်ကို တိတ်တဆိတ် ခိုးကြည့်ခဲ့မိတာထက် မပိုခဲ့မိ။ ပိုလဲ မပိုရဲခဲ့။ နွယ့်ကိုတွေ့တိုင်း ကျွန်တော့်ရင်ဘတ်ထဲမှာ မုန်တိုင်းအနဲငယ်ဖြစ်ထွန်းသည်။ မုတ်သုံရပ်ဝန်းလို မှိုင်းအုံ့နေတတ်သည်။ နွယ့်ကို မတွေ့ရလျှင် ကျွန်တော့်ရင်သည် ဘာမှမရှိတော့သည့် လေဟာနယ်တစ်ခုလို။

ကျွန်တော်နဲ့ နွယ့်ကြားမှာ တစ်စုံတစ်ခု ခြားနားနေခဲ့တာတော့အမှန်။ ကျွန်တော်တို့ လမ်းရဲ့ တစ်ဘက်ထိပ်မှာ နွယ်နေသလို ကျွန်တော်က လမ်းရဲ့ ဒီဘက်ထိပ်မှာ နေပါသည်။ ကျွန်တော်ရုံးသွားရုံးပြန်တိုင်း နွယ်ရဲ့ ကျောင်းသွားကျောင်းပြန်နဲ့ ဆုံနေတတ်ပါသည်။ တမင်ဖန်တီးထားတဲ့ တိုက်ဆိုင်မှုထက် ပိုပြီး တိကျနေတာပါ။ နွယ်က ဆေးကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျွန်တော်ကတော့ ကွန်ပြူတာ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်သာ။ နွယ်က ကြည်လင်အေးဆေးစွာနဲ့ လှသူ။ ကျွန်တော်က သာမန်ကြည့်ပျော်ရှုပျော်ဆိုတာထက် မပို။ ကျွန်တော် အားငယ်ခဲ့မိပါသည် နွယ်။

ကျွန်တော် နွယ့်ကို ချစ်သည်။ ထိုစကားကို အိပ်မက်ထဲမှာ စိတ်ကူးထဲမှာ အကြိမ်ကြိမ်ပြောရင်း နစ်မွန်းဖြတ်သန်းခဲ့ရတဲ့ ညတွေ ရေတွက်မရနိုင်ခဲ့တော့။ နွယ်ကတော့ သတိပြုမိဟန်မတူ။ ကျွန်တော့်ချစ်ခြင်းကတော့ ပေါက်ကွဲလုမတတ်။

တစ်နေ့တော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မောင်မျိုး၏ မြှောက်ပေးမှုနှင့် ကျွန်တော် နွယ့်ကို စာပေးဖို့ အရဲစွန့်မိခဲ့သည်။ တစ်ညလုံး ကျွန်တော် အိပ်မရစွာ ရေးထားခဲ့ရသော နွယ့်ကိုကျွန်တော်ချစ်တယ် ဆိုတဲ့ စာကြောင်းပေါင်း ၁၅၀၀ ပါစာလေးတစ်စောင်ကို ကျွန်တော် ပန်းနုရောင်စာအိတ်တွင် သေချာထည့်သည်။ ထို့နောက် ထိုစာကိုကိုင်ကာ လက်အုပ်ချီ၍ ဘုရားမှာ ဆုတောင်းလိုက်မိသေးသည်။ ဤမှန်သော သစ္စာစကားကြောင့် နွယ်တစ်ယောက် တပည့်တော်အား ပြန်ချစ်နိုင်ပါစေလို့ ဘုရားရှေ့မရှက်မကြောက်နိုင်စွာ ကျွန်တော်ဆုတောင်းမိရင်း ပြုံးလိုက်မိသေးသည်။ နွယ်သည် ကျွန်တော့်အား ထိုသို့ လွှမ်းမိုးနိုင်သူရယ်ပါ။

နောက်တစ်နေ့ အလုပ်သွားသောကားဂိတ်၌ ကျွန်တော်နွယ့်ကို စောင့်မိသည်။ နွယ်မရောက်ခင် နံနက်အစောကြီးထဲက ၀ီရိယစောစွာ ထွက်လာမိခဲ့သည်မှာ အမေပြင်ပေးသော ကော်ဖီတောင် သောက်ဖို့သတိမရ။ စိတ်ထဲမှာ နွယ့်ကို တွေ့ချင်ဇောအား ကြီးနေခဲ့သည်။ ပြီးတော့ ကျွန်တော်ရင်ခုန်သည်။ ခပ်ဝေးဝေးက လာနေသော ဖြူလွလွ ခပ်ပါးပါးကောင်မလေးသည် ဆံနွယ်များကို ပ၀ါလေးဖြင့် စည်းနှောင်၍ ခြေလှမ်းမှန်မှန်လေးနှင့် လာနေသည်မှာ ကျွန်တော့်အတွက်တော့ ကဗျာဆန်လွန်းလှသည်။ နွယ်သည် ကျွန်တော့်အတွက်တော့ ကဗျာတစ်ပုဒ်ပင်ဖြစ်သည်။

နွယ်ကျွန်တော့်အနားရောက်လာတဲ့အထိ ကျွန်တော်စိတ်လှုပ်ရှားစွာ ငေးနေမိဆဲ။ နွယ် ကျွန်တော့်ကို ဖြတ်ကျော်သွားတော့မှ သတိက ၀င်၏။

" မမြသက်ရီ"


ကျွန်တော်ခေါ်တော့ နွယ်က နွဲ့နောင်းစွာ ဆောင်းငဲ့ကြည့်သည်။ နွယ်၏ မျက်လုံးဝိုင်းဝိုင်းလေးသည် ကျွန်တော့်အတွက် တောက်ပသော ကြယ်ပွင့်လေးများပမာ။ နွယ်သည် ကျွန်တော့်အတွက်တော့ ချစ်စရာကောင်းလွန်းပါ၏။

" ကျွန်တော် မမြသက်ရီကို အကူအညီတောင်းစရာတစ်ခုရှိလို့ပါ။ မမြသက်ရီရဲ့ လမ်းမှာ စာတိုက်ကို ဖြတ်ရမယ်မို့လား။ အဲ့ဒါ ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ဒီစာလေးကို စာတိုက်ကို ၀င်ထည့်ခဲ့ပေးပါလားဗျာ။ ကျွန်တော် စာတိုက်ကို လမ်းမကြုံတော့လို့ပါ။ ကျေးဇူးဗျာနော်။ "


ကျွန်တော် နွယ့်ရဲ့ လက်ထဲ စာထိုးထည့်ပေးအပြီး နွယ်ကလဲ ရုတ်တရက်မို့ ဆွံ့အစွာ ကြောင်၍ စာကို လှမ်းယူအပြီး ကျွန်တော် တွေ့ရာ ဘတ်စ်ကားပေါ် ပြေးတက်လိုက်ခဲ့မိသည်။ နွယ်သည် စာကိုကိုင်၍ ရပ်ကျန်ခဲ့သည်ကို ကားပြတင်းပေါက်မှ တဆင့်တွေ့လိုက်ရသည်။ နွယ်သည် ကျွန်တော့်ကို လိုက်ကြည့်နေခဲ့သည်။ စာအိတ်ပေါ်တွင်တော့ နွယ်၏ နာမည်အရင်းနှင့် နွယ်၏ အိမ်လိပ်စာ။

ထိုရက်များ၏ နောက်ပိုင်းတွင် နွယ့်ကို ကျွန်တော် ကားဂိတ်တွင်၊ ကားဂိတ်မှ အပြန်လမ်းတွင် စကားပြောဖို့ ကြိုးစားခဲ့သည်။ နွယ်ကတော့ သူ၏ပုံစံအတိုင်းအေးဆေးငြိမ်သက်စွာ။ ကျွန်တော့်ကို သာမန်သာ သဘောထားဆက်ဆံခဲ့သည်။ နွယ်၏ သာမန်ဆက်ဆံရေးသည်ပင် ကျွန်တော့်အတွက်တော့ ထီပေါက်သည့်အလား။ ကျွန်တော်ရူးသွပ်ခဲ့ရသည်။ ချစ်လိုက်ရတာ ကျွန်တော့်ရဲ့ နွယ်။

နွယ့်ကို ချစ်စကားပြောပြီး သုံးလအကြာတွင် ကျွန်တော် နွယ်တို့ ဆေးကျောင်းသို့ လိုက်သွားမိသည်။ နွယ့်ကို စာသင်ခန်းထဲတွင် မတွေ့၍ ကန်တင်းလိုက်သွားမိတော့ အတန်းချိန်စောသေး၍ ကန်တင်းတွင် ထိုင်၍ စာဖတ်နေသော နွယ့်ကို အဆင်သင့်တွေ့ရသည်။ ခုံတွင် ကျုံ့ကျုံ့လေးထိုင်ရင်း သူ၏ ဆေးစာအုပ်ကို သဲကြီးမဲကြီးငုံ့ဖတ်နေသော နွယ်သည် ကျွန်တော့်အတွက်တော့ ကလေးလေးတစ်ယောက်ပမာ။ ကျွန်တော်ကြည့်ကောင်းကောင်းနှင့် အတော်ကြာ ကြည့်နေမိခဲ့သည်။ ပြီးမှ နွယ့်စားပွဲကို ၀င်ထိုင်လိုက်သည်။ ထိုအချိန်မှ နွယ်က ကျွန်တော့်ကို သတိထားမိပြီး သူ၏ မျက်လုံးဝိုင်းဝိုင်းများဖြင့် မော့ကြည့်သည်။ အံ့သြရိပ်က အထင်းသား။ ချစ်တယ်နွယ်။

" ဟယ်၊ ကိုမင်းနိုင်။ ဘယ်ကိုလာတာလဲဟင်။ ရီရီ့ကိုတွေ့လို့ နှုတ်ဆက်တာလား။ "

"မဟုတ်ပါဘူးရီရီ။ ကျွန်တော်ဒီဘက်ကိုကိစ္စရှိလို့လာရင်း ရီ့ဆီကိုဝင်လာတာပါ။ စာသင်ခန်းဘက် ရောက်ခဲ့သေးတယ်။ ရီရီမရှိလို့ ကန်တင်းကိုလိုက်လာလိုက်တာ။"

ကျွန်တော် စကားတို့ ဆွံ့အနေသလို နွယ်သည်လဲ ရှက်ရွံ့နေခဲ့သည်။ ထိုနေ့က ကျွန်တော်နွယ့်ကို အဖြေတောင်းတော့ နွယ်က မရေရာသော အဖြေသာပေးခဲ့သည်။ စဉ်းစားပါမည်တဲ့။ ကျွန်တော့်အတွက်ကတော့ ထိုစကားလေးတစ်ခွန်းသည်ပင် တစ်လောကလုံးကို မေ့ပစ်လိုက်လို့ ရခဲ့သည်ပဲ။

ကျွန်တော် နွယ့်ကို အမြဲတမ်း ကားမှတ်တိုင်တွင် စောင့်ခဲ့သည်။ နွယ့်ကို နံနက်စောစောရဲ့ အလင်းရောင်အောက်တွင်မြင်ရသည်မှာ ကျွန်တော့်အဖို့တော့ ကျက်သရေရှိလွန်းပါ၏။ နွယ်သည် ကျွန်တော့်အတွက်တော့ နတ်သမီးလေးသာဖြစ်လေသည်။

ကျွန်တော်က သိပ်ချစ်နေသောအချိန်တွင် နွယ်သည် ကျွန်တော့်ကို လှပသော အဖြေတစ်ခုကို မထင်မှတ်သော အချိန်တွင် ပေးခဲ့ပါသည်။ ထိုအဖြေကတော့ တစ်နေ့ကျွန်တော်နှင့် မောင်မျိုးတို့ ပျင်းပျင်းနှင့် မြို့ထဲမှာ ရုပ်ရှင်ကြည့်ဖို့ ထွက်အလာ ရုပ်ရှင်ရုံပေါက်အ၀တွင် နွယ့်ကို ကျွန်တော်မဟုတ်သော ယောက်ျားတစ်ယောက်နှင့်လက်ချင်းတွဲ၍ တွေ့လိုက်ရသောအခါ ကျွန်တော့်အတွက် နွယ့်အဖြေသည် တိကျသေချာလွန်းခဲ့ပါသည်။

ကျွန်တော် နွယ့်ကို ရင်မဆိုင်နိုင်စွာ ကွဲအက်သွားသောအသဲတစ်စုံကို အသံမမြည်အောင်ထိန်းရင်း မောင်မျိုးကို ဆွဲခေါ်၍ ရုပ်ရှင်ရုံပေါက်ကပင် လှည့်ပြန်ခဲ့မိသည်။ လမ်းတွင်တော့ ကျွန်တော့်မျက်ဝန်းတွင် ရေကာတာတို့ မထိန်းနိုင်စွာ ကျိုးပျက်ခဲ့လေပြီ။ ထိုအချိန်မှစ၍ ကျွန်တော် မြို့ထဲက မောင်မျိုးအခန်းကို အပြီးပြောင်းနေဖြစ်ခဲ့တော့သည်။ မေမေခေါ်သည်ပင် တစ်ခါတလေ အိမ်ပြန်ရုံမှ အပ အိမ်သို ကျွန်တော်မပြန်ဖြစ်ခဲ့တော့။ နွယ့်ကို ရင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော့်နှလုံးသားမှာ သံချပ်ကာအကျီရှိမနေလို့ပါနွယ်။ ကျွန်တော့်အတွက် မွကြေအက်ကွဲနေတဲ့ နှလုံးသားတစ်စုံသာ ကျန်ရှိနေခဲ့တော့လို့ပါ။

.............................. ။ ...............................

ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ခဲ့ပါပြီနွယ်။ အရင်နှစ် ဒီလိုအချိန်မှာပဲ နွယ် ကျွန်တော့်ကိုရက်စက်ခဲ့လို့ ကျွန်တော်ကြေကွဲခဲ့ရပါတယ်နွယ်။ ကျွန်တော် နွယ့်ရဲ့မြူမှုန်အချစ်တောင် ပြန်မရခဲ့ပေမယ့် ကျွန်တော်ကတော့ သိပ်ချစ်နေဆဲပါနွယ်။ ကောင်းကင်ကို မော့ကြည့်မိတိုင်း တိမ်တိုက်တွေနဲ့ လေပြည်ကို ကျွန်တော် နွယ့်ကို ဘယ်လောက်ချစ်နေကြောင်း၊ ကျွန်တော့်ရင်ထဲမှာ ဘယ်လို စွဲလန်းရကြောင်းကို ပြောပေးကြပါလို့ ကျွန်တော်တောင်းဆိုနေဆဲပါ နွယ်။ ကျွန်တော့်အိပ်မက်တွေ ကျွန်တော့်စိတ်ကူးတွေထဲမှာ နွယ် စိုးမိုးဆဲပါနွယ်။
နွယ်ရယ် .. ကျွန်တော်စိတ်နာနေပါတယ်။ ဒါပေမယ့် ကျွန်တော် နွယ့်ကို ချစ်နေဆဲပါဗျာ။ ချစ်နေဆဲပါ ... နွယ်။

16 comments:

မြစ်ကျိုးအင်း said...

ငါ့ညီမကို ၁ လာယူတယ်

မြစ်ကျိုးအင်း said...

အချစ်ဆိုတာ ကိုယ်က ချစ်နေဘို့ပဲလေ...။

အရှိန်နဲ့ဆွဲခေါ်လာပြီးမှ ဇတ်လမ်းက ဆတ်ခနဲ ချိုးလိုက် တယ်ထင်မိတယ်...။

အရေးအသားပိုင်းကတော့ ညက်ညောပြေပြစ်ပါတယ်

အဲဒီလိုမြင်မိတယ် ထင်မိတယ်...။

နဒီမိုးညို said...

အရေးအသားကတော့..ရှယ်ပဲ.ဇော်ရေ..
အမြဲ..အားပေးနေတယ်..
ပျော်ရွှင်သောဘဝလေး..ပိုင်ဆိုင်ပါစေ.

လင်းကြယ်ဖြူ said...

ကောင်းတယ်ဟေ့..ဆက်ချစ်..ဆက်ချစ်
အဲ...ဆက်ရေးဆက်ရေးပြောတာ..
ပျော်ပါစေ

ဧရာဝတီသား said...

လှပတဲ့ အဖြေပေးတယ် ဆိုလို့ ပျော်ရပြီ မှတ်တာ ဘယ်နှယ့် စာရေးဆရာက ရက်စက်လှချည်လား :D

စာရေးကောင်းတယ်၊ ဆက်လုပ်

ရေတမာ said...

အင်း မိုးရွာထဲမှာ သနပ်ခါးနံရလို့လား.. မကြုံဘူးတော့မသိလို့ စောဒကတက်ကြည့်တာ..ဇာတ်လမ်းရိုးဆင်းလွန်းသလားလို့.. ကျနော်အနေနဲ့ဖတ်ရတာ ဒေါင့်တောင့်တောင့်နိုင်ပါသည်။

mgnge said...

စာတစ်ပုဒ်ဖတ်ပြီးတိုင်း ကွန်းမန့် မပေးပဲမနေနိုင်ဘူး ကွယ်..။ စာအရေးလေးတွေကောင်းတယ်ဝေးး..။
တစ်ခုခုတော့တစ်ခုခုပါသွားတယ်..။

မေဇင် said...

ဟယ်...ဇော်...ဆိုးတယ်...ပေါင်းလဲ မပေါင်းပေးထားဘူး....။ ဖတ်လို့ကောင်းလိုက်တာနော်... အဲ့ဒီ နွယ်(ရီရီ) ကလဲ... ချစ်သူရှိတယ်လို့ အစထဲက ပြောလိုက်ဖို့ ကောင်းတယ်နော်... စဉ်းစားဦးမယ်ဆိုတာ ကြိုးရှည်ရှည်နဲ့ လှန်ထားတာပဲပေါ့...။း)

မေလေး said...

ညီမလေးရေ
အရေးအသားကောင်းလိုက်တာ။ ဖတ်နေရင်းကို တစ်ခါထဲ ဆွဲခေါ်သွားတယ်။
ဇာတ်သိမ်းလေးတော့ ညစ်တယ်ကွယ်။

နွေဆူးလင်္ကာ said...

အော် အဲဒါ တောက လာလည်တဲ့ သူ့အစ်ကိုတဲ့။ ရုပ်ရှင်ရုံဆိုတော့ လူများတော့ လူကွဲသွားရင် မသွားတတ်မလာတတ်ဖြစ်မှာစိုးလို့ လက်ချင်းတွဲထားတာတဲ့။ ဘာလို့ မမေးမမြန်းမစုံစမ်းပဲ ရှောင်သွားရတာလဲ။

Anonymous said...

ဟုတ်တယ်ဇော်ရေ..ကိုမြစ်ကျိုး ပြောသလိုဘဲ
အချစ်ဆိုတာ ကိုယ်ကချစ်နေဖို့ဘဲ လိုတယ်
အဆင်ပြေပျော်ရွှင်ပါစေကွာ

ဝသန်မိုး said...

ငါ့ညီမက မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ 
ဘာတော်လဲ မသိဘူးနော်
ဇာတ်သိမ်းကျမှ စက်ရက်သွားတယ်
ဟီး

ခင်တဲ့
ဝသန်မိုး(မိုးမိုး)

Beauty Studio USA Branded Store said...

ရေးသူကောင်းတော့ ဖတ်ရတာလဲ.....????????????????
ဆက်သာတွေးပေါ့ဗျာ။
အဖြေကို နောက်အပတ် မြန်မာ့အသံမှ တိုက်ရိုက် လွှင့်ပါမည်။

ကိုလူထွေး said...

မြစ်ကျိုးနဲ့ နေမင်းသံစဉ်တို့ ပြောသွားသလိုပဲ

အချစ်ဆိုတာ ကိုယ်က ချစ်နေဖို့ပဲ လိုတာပါ...

မွန် said...

အားမနာတမ်းပြောရရင်တော့ ဒီတပုဒ်ကို သိပ်သဘောကျတယ်ရှင် ဝါရင့်အရေးအသားမျိုးကြီး ... ဖတ်ရတာသိပ်အားရတာပဲ

ရွှေပြည်သူ (ShwePyiThu) said...

အရေးအသား သိပ်ကောင်းတာပဲ ဇော်လေးရေ။ ယောက်ျားလေးတစ်ယောက်ရဲ့ ခံစားချက်ဘက်ကနေ ပိုင်ပိုင်နိုင်နိုင် ရေးသွားတာ ဖတ်လို့တကယ်ကောင်းတယ်။ နောင်လည်း အများကြီး ဆက်ရေးနိုင်ပါစေ...