အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Tuesday, August 4, 2009

တစ်ထောင့်တစ်ည ... ကဗျာ

ငယ်ငယ်က ရွတ်ဆိုခဲ့သောကဗျာများတဲ့။ ဒေါ်လေးနင်း ( နှင်းနဲ့မာယာ ) ကတက်ဂ်လိုက်တော့ ရုတ်တရက်မို့ အတော် ခေါင်းစားသွားမိတယ်။ ဒီအသက်အရွယ်ရောက်မှတော့ ဘယ်လိုလုပ် အလွယ်တကူ ငယ်ဘ၀က ရွတ်ဆိုခဲ့တာတွေကို မှတ်မိပါ့မလဲလေ။ ကျွန်တော်လဲ ပုထုဇဉ်လူသားပေမို့ မေ့လွယ်တာကတော့ သူများထက် တမူထူးတယ်ဆိုရလေမလားပဲ။

ဒါပေမယ့် ရှေ့က ကျွန်တော့်အကိုတွေ အမတွေ ရေးသွားကြတဲ့ သူတို့ငယ်တုန်းက ရွတ်ဆိုခဲ့တဲ့ ကဗျာလေးတွေကို မြင်ရဖတ်ရတော့ ကျွန်တော်လဲ အတော်လေး ငယ်ဘ၀ကို လွမ်းဆွတ်သွားမိပြန်တယ်။ ကလေးတွေဆိုတာ ဘာလုပ်လုပ်အပြစ်ကင်းတယ်။ ဖြူစင်ကြတယ်မဟုတ်လား။

ကျွန်တော်ငယ်ငယ်က ကဗျာရွတ်လေ့ရွတ်ထမရှိဘူးတဲ့။ ဒါပေမယ့် အဖွားက အိပ်ခါနီးချော့သိပ်တဲ့အနေနဲ့ ရွတ်ပြတဲ့ကဗျာတွေကိုတော့ ကြိုက်နှစ်သက်စွာ နားထောင်လေ့ရှိတယ်တဲ့။ အဖွားမသေခင်က ပြောပြခဲ့တာကို အမှတ်ရနေမိသေးတယ်။ ကျွန်တော်ငယ်ငယ်က အဖေ၊ အမေနဲ့ သိပ်မနေရဘဲ အဖိုးအဖွားနဲ့ပဲ ကြီးပြင်းခဲ့ရတာကိုးလေ။ ဒါ့ကြောင့် ကျွန်တော့်အတွက် အဖိုးအဖွားက မိဘအရင်းလို ဘ၀မှာ ရှိနေခဲ့ဖူးတယ်။

ကျွန်တော်အလယ်တန်းကျောင်းသားအရွယ် ရောက်တဲ့အထိ ( အဖွားနဲ့ အတူအိပ်တာမို့ ) အဖွားက ကျွန်တော့်ကို ကလေးတစ်ယောက်လို ချော့သိပ်စမြဲ၊ ကဗျာရွတ်ပြစမြဲပါ။ သူရွတ်တဲ့ ကဗျာလေးတွေကို ကျွန်တော်သိပ်နှစ်သက်ခဲ့မိလွန်းလို့ ( ငယ်ငယ်တုန်းကသာမဟုတ် ) အခုအချိန်အထိ အားတိုင်း သတိရမိတိုင်း ( သီချင်းညည်းရမယ့်အစား ) ရွတ်မိနေတတ်စမြဲပါ။

ကြာဖြူ ကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန် ရေကန်ကြီး
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်။
ကြာပွင့် ကြာငုံ ထုံထုံမွှေးကို
မလေး ဘယ်သို့ သုံးပါ့မယ်။
ကြာရိုးကြာနွယ် ဘယ်ညာဆစ်လို့
ရွှေကြာဆစ်ကြိုး ဆွဲပါ့မယ်။
ဆွဲပါ့မယ် ဆွဲပါ့မယ်။

သာယာတဲ့အသံနေအသံထားနဲ့ သီချင်းဆိုသလိုမျိုး လုပ်ဆိုပြတတ်တဲ့ အဖွားရဲ့ အသံသာသာအောက်မှာ ကျွန်တော်အိပ်စက်ခဲ့ရတဲ့ညပေါင်းများစွာဟာ အတိတ်တစ်ချိန် ငယ်ဘ၀မှာ အသားတကျ ရှိနေခဲ့ဖူးပါတယ်။
ဖွားဆိုပြနေတာကို နားထောင်နေတဲ့အချိန် စိတ်ကူးထဲမှာလဲ လိုက်ပြီး တွေးဖြစ်ခဲ့ဖူးပါတယ်။ ကြာဆစ်တွေကို ကျွန်တော်ကိုယ်တိုင် ခူးယူပြီး ဆစ်နေသလို လည်ပင်းမှာလဲ ဆွဲနေခဲ့တယ်လို့ အိပ်မက်ပါ မက်ခဲ့ဖူးသလိုပါ။

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်နံနက် ကျောင်းထွက်မယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့ ရိုက်လိမ့်မယ်။
မောင်မဆော့ပေါင် စိတ်ပုတီးနဲ့
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် လိုက်မယ်

ဘုန်ကြီးကျောင်းကို အဖွားနဲ့ လိုက်တိုင်း ကျောင်းပေါ်မှာ မျောက်ရှုံးအောင် ဆော့တတ်တဲ့ ကျွန်တော် .. ဒီကဗျာလေးကို ကြားတိုင်း အဖွားက နံနက်ဖြန် ဆွမ်းချိုင့်သွားပို့ရင် မခေါ်တော့ဘူးလားမသိဆိုပြီး စိတ်မဖြောင့်တမ်း ဖြစ်ခဲ့ရဖူးတယ်။ အဖွားရဲ့ လိုက်မယ် လိုက်မယ် ဆိုတဲ့ နေရာအရောက်မှာ ကျွန်တော်လဲ အဖွားကို တင်းတင်းဖက်ပြီး လိုက်မယ် လိုက်မယ်လို့ နောက်က လိုက်အော်ခဲ့ဖူးတာကို အခုထိ အမှတ်ထင်ထင်ရှိနေဆဲပါ။

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်။
ခရာ ဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ် သွားကွယ်။

အိမ်အပြင်မှာ မိုးတွေရွာနေလို့ မိုးအေးအေး စောင်ခြုံထဲမှာ ကွေးရင်း နားထောင်ခဲ့ရတဲ့ အဖွားရဲ့ အဲ့ဒီကဗျာလေးဟာ စိတ်ကို တကယ်ကို အေးမြ လန်းဆန်းစေခဲ့တယ်။ ကျွန်တော့်ရဲ့ ညတွေဟာ အဖွားရဲ့ အေးချမ်းတဲ့ အသံသာသာရဲ့ အောက် ကဗျာတွေကြားမှာ ဆယ်စုနှစ်တစ်ခုစာ နစ်မွန်းပျော်ဝင်ခဲ့ဖူးတယ်။ မျှော့နက်မည်းကြီး တွယ်လိမ့်မယ်ဆိုတော့ ကလေးပီပီ ကြောက်လို့ အဖွားရင်ခွင်ထဲ တိုးဝင်ခဲ့သလို မြွေနဂါးတောင် ကြောက်ဘူးကွယ် ဆိုတော့ ငါလဲ ကြောက်ပါဘူးဆိုပြီး အဖွားကို သားလဲ မကြောက်ဘူး အဖွားရလို့ ရင်ခွင်ထဲကနေ ခေါင်းမော့ပြီး ပြန်ပြောခဲ့ဖူးတာကို လွမ်းမိပါသေးတယ်။ ( ကျွန်တော်ငယ်ငယ်က ကိုယ့်ကိုယ်ကိုယ် သားလို့ပဲ သုံးတတ်တယ်။ ကြီးလာမှ မနည်းပြန်ပြင်ထားရတာ အဲ့ဒီ အသုံးကို။ )

တကယ်တော့ ကျွန်တော်ငယ်ငယ်က အဖွားဆီကနေ နားထဲ လျှံထွက်သမျှ ကြားခဲ့ရပြီး ခုထိ အမြဲလို သတိရတိုင်း ရွတ်ဆိုမိနေတတ်တဲ့ အဲ့ဒီ ကဗျာတွေဟာ ဆရာကြီး မင်းသုဝဏ် ရေးစပ်ခဲ့တယ်ဆိုတာကို အထက်တန်းပြီးစ လက်လှမ်းမှီသမျှ စာပေတွေကို လေ့လာတော့မှ ကျွန်တော်သိခဲ့ရတယ်။ ဒါပေမယ့် အဲ့ဒီအချိန် အဖွားက ကျွန်တော်နဲ့ အဝေးဆုံးနေရာကို လှည့်မကြည့်စတမ်း သူအမြဲလို စိတ်မချတတ်တဲ့မြေးကို ထားပြီး ထွက်ခွာသွားခဲ့ပါပြီ။

ဘုရားငုတ်တို ရောင်တော်လွှတ်မှ
ပုံတော်ရှည် ၀တ်ကြပါစို့
မောင်ကြီးရေတော့
အောက်ပြည်ဆို လှေလှော်ထိုး
ပိုးမှာလိုက်တယ်လေးလေ့

သီချင်းဆိုပြပါ မေကြီးရာ လို့ အဖွားပေါင်ပေါ် ခေါင်းတင်အိပ်ရင်း အဖွားကို ပူဆာတိုင်း အဖွားက အဲ့ဒီ ရွှေချည်ငွေချည်ရက်ပါလို့ ဆိုတဲ့ သီချင်းလေးကို ကျွန်တော့်တင်ပါးကို ပုပ်ရင်း ဆိုပြခဲ့တာ ခုထိ ကျွန်တော့်မှာ မမေ့နိုင်စတမ်း အလွတ်ကို ရလို့။

လက်ခတ်သံ လက်ခတ်သံ
မလေး လက်ခတ်သံ ...
............
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေ့လေး။

ဆိုပြီး ပါးစပ်ဆိုင်းတီးလို့ ကျွန်တော့်ကို အိပ်ပျော်စေခဲ့တဲ့အဖွားရဲ့ အသံချိုချိုအေးအေးလေးကို ကျွန်တော့်နှလုံးသားထဲမှာ ခုထိ စွဲထင်နေမိရဆဲပါဗျာ။
အဲ့ဒီ အပိုဒ်ကို ရောက်တိုင်း ကျွန်တော့်နားထဲမှာ ကျွန်တော်တို့ ယက်ကန်းရုံတွေက ယက်ကန်းရက်သံတွေကိုလဲ ပြန်ကြားယောင်မိခဲ့သေးတယ်။

ရွှေခြည်ငွေခြည် ရက်ပါလို့ ယက်ကန်းရွှေစင်
ပန်းရွှေစင်

တစ်ပိုဒ်တစ်ပိုဒ်ကို နှစ်ခါစီ ထပ်ထပ်ပြီးဆိုရတဲ့ ဒီသီချင်းဟာ ကျွန်တော့်အတွက်တော့ ကဗျာတစ်ပုဒ်လိုကို ဖြစ်လို့ပါ။ အတော်လဲ သီဆိုလို့ကောင်းတယ်ဆိုတာ ခုထိ မမေ့နိုင်ဘဲ သီဆိုနေမိတာကို ကြည့်ရင် သိနိုင်ပါတယ်လေ။

အမှန်က ကျွန်တော်တို့ငယ်ငယ်က ပေါက်ကရ ကဗျာတွေလဲ ကြားဖူးခဲ့ကြတယ်။ ရွတ်ဆိုဖူးခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်က သိပ်မမှတ်မိတော့တာရယ် နောက်ပြီး ကျွန်တော်ကြိုက်လွန်းလို့ အခုထိ အမှတ်ရတိုင်း ရွတ်နေမိဆဲဖြစ်တဲ့ ကဗျာလေးတွေနဲ့ သီချင်းလေးကို အဖွားကို သတိတရနဲ့ ရေးချင်တာရယ်ကြောင့် ကျွန်တော့်ရဲ့ စာမျက်နှာထက်မှာ ချရေးလိုက်ပါတယ်။
အမှတ်တရပေါ့ဗျာ။

24 comments:

ဧရာဝတီသား said...

ကဗျာလေး တွေကောင်းပါ့ ညီဇော်ရာ၊ ညီအစ်ကိုတွေလို့ မပြောရဘူး အကြိုက်ခြင်းတူပါ့။ ပေါက်ကရ ကဗျာလေးတွေကတော့ ဆိုပြတဲ့သူရှိရင်မှတ်မိတယ်၊ ကိုယ့်ပါ့ကိုတော့ မဆိုတတ်တော့ဘူး၊ တပိုင်းတဆ ပဲ ရတယ်။ ဒီကဗျာလေး တွေကတော့ ကြိုက်လွန်းလို့ အခုထိ ရနေတုန်း ညီဇော်ရေ၊
ဒါနဲ့ စကားမစပ် ကိုလေး နံပါတ် တစ်နော်။

ဧရာဝတီသား said...

ညီဇော့် အတွက် ကိုလေးရဲ့ လက်တမ်းကဗျာ။

ငဇော်ရေ ဘာတွေလုပ်
ကိုလေး အိမ်လာရှုပ်၊
မကြောက်ပါနဲ့ ငဇော်ရယ်
ကိုလေး ပြန်တော့မယ်၊
ကဗျာတွေ စာတွေကြိုးစားရေး
မောင်နှမတွေ ဖတ်ဖို့လေး။

ငဇော် တစ်ယောက် အလုပ်ရှုပ်
ကွန်ပြူတာရှေ့ တကုတ်ကုတ်၊
မျက်စိမှုန်လို့ ဒီဂရီတိုး
ပုလင်းဖင် ကြီးလောက်ဗျိုး။
(စိတ်ဆိုးပါနဲ့ ငဇော်ရယ်
ချစ်လို့ စတာကွယ်။)

ပြန်ပြီ .... :P

မေဓာဝီ said...

ဇော်ကြိုက်တဲ့ ကဗျာတွေနဲ့ သီချင်းလေးကို တို့လဲကြိုက်တယ်။
အဖွားဆိုပြတဲ့ လက်ခတ်သံသီချင်းလေးက လွမ်းစရာ။
ရုပ်ရှင်ထဲမှာ ဒေါ်မေနွဲ့ကြီး ဆိုတာ ကြည့်ခဲ့ဖူးတယ်။

ငှက်ကလေး said...

နေပါဦး ဧရာဝတီသား ပြောမှပဲ နာလဲ ကြောင်တယ် ဇော်က မိန်းကလေး မလား ဘာလို့ ညီဇော်လို့ ခေါ်တာတုံး နာလေ မသောက်ပဲ မူးပီထင်တယ် အီးးးဟီးးးး ပြောဦးဇော် တို့တော့ မိန်းကလေး ထင်တာပဲ နော်

ကဲ ဘာပဲဖြစ်ဖြစ်ပါ ငယ်ငယ်က ကဗျာလေးတွေကို ဖတ်သွားပါတယ်နော် ပြီးတော့ ငယ်ဘဝကိုလဲ ပြန်ပြီး သတိရသွားပါကြောင်းးးးးးးးးးးးး

Beauty Studio USA Branded Store said...

အာရပ်တွေ ရွတ်တဲ့ကဗျာထင်သွားတာ
ဇော်ရွတ်တာက ရွှေကဗျာတွေကို...။:P
ငါနှမက ငယ်ငယ်က အတော်လိမ်မာတာပဲ။
အဘွားကြောင့်ထင်တယ် တကယ့်နာမည်ကြီးကဗျာတွေရွတ်တာကိုး။
ဒါကြောင့် ထင်တယ် မဟားဒရားကို လိမ္မာတာ။ကောင်းလယ်ဗျို့ ကောင်းလယ်။

ကိုရေတမာ said...

လက်ခတ်သံသီချင်းက အကြိုက်ဆုံးသီချင်းထဲမှာပါတယ်. အော် အတိတ် အတိတ် ငချိတ်(ပေါင်း)နဲ့သာ ရောစားချင်တော့တယ်

Sein Lyan Tun said...

လက်ခတ်သံ သီချင်းကတော့ အကြိုက်ဆုံးပဲ

ရုပ်ရှင်လဲကြိုက်တယ်

လွမ်းသွားပြန်ပီး

ချစ်ခင်စွာဖြင့်

ကိုကြီးစိန်

မေဇင် said...

အဲ့လို ဖွားဖွားကိုရထားတဲ့ ဇော်ကံကောင်းလိုက်တာ... နောင့် ကတော့ အဖိုး၊ အဖွား လေးယောက်စလုံးကိုမမြင်ဖူး လိုက်ဘူး.... ဇော့် ငယ်ဘ၀ ကိုတွေးကြည့်ပြီး ကြည့်နူးမိတယ်...ဇော်

နှင်းနဲ့မာယာ said...

ညီမလေးဇော်ရေ
ခုမှလာဖြစ်တယ် ဆောရီးနော်...
လက်ခတ်သံကိုကြိုက်တယ်..
ဒီတခါတွေ့ရင်ရွတ်ပြနော်..
ခုမှရေးလို့ အတိုးမှတ်ထားလိုက်ပီ....

မနှင်း

မိုးစက်အိမ် said...

ငဇော် မှတ်မိတဲ. ကဗျာလေးတွေက
ကဗျာ ကောင်းလေးတွေ ပါဘဲလားဟ...
တော်ပ ငါ.ညီမရေ ... အဲကဗျာလေးတွေ
ပြတိဖတိရရင် ဟိုးငယ်ငယ်က ပုံရိပ်လေးတွေက
အတွေးထဲ ပြန်ပေါ်လာတယ် ညီမရေ...

လင်းကြယ်ဖြူ said...

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်...ဟုတ်တယ်..
အဲ့ဒီ့ကဗျာလေးကို ငယ်ငယ်က အခါအခါ ရွတ်ခဲ့ဖူးတယ်
ခုတော့ ရွတ်နိုင်တော့ဖူး...
မိုးခေါင်ရပ်ဝန်း ရင်ခွင်ထဲကိုရောက်နေလို့....
ဒါပေမယ့် တစ်နေ့တော့ ရအောင်ကို ပြန်ရွတ်ဦးမယ်..မိုးရေတွေထဲမှာ.....

Nge Naing said...

မေ့နေတဲ့ ကဗျာတွေကို ပြန်ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။

ကိုလူထွေး said...

ကိုယ်ကိုကိုယ် ကျနော်လို့ သုံးတာကတော့ မန္တလေးသူမို့ ထားပါတော့...

"သား" လို့ဆိုတာကတော့ အကိုတွေနဲ့ နေလို့နဲ့တူတယ်...

ကိုလူထွေးလဲ အဲဒီကဗျာတွေကို ကြိုက်ဖူးတယ်...

အိုက်ခီလောက် said...

အင်း ဂျစ်ညီမေ၇းတော့မှ သတိတွေရ
မှတ်မိလာတယ် မေ့တေ့တေ့ဖြစ်နေတာ
ညည်းရေးတဲ့ ဟာတွေ အားလုံးက ရွတ်ဆိုလို့ အကောင်းဆုံးဟာတွေချည်းပဲအေ့ သိလား
ငယ်ဘဝတွေကို ပြန်အမှတ်ရနေပြီ ဂျစ်ညီမရယ်
အပြစ်ကင်းတဲ့ ကလေး ဘဝ လုပ်ချင်တာဆော့ချင်တာပဲသိတဲ့ ဘဝ
အပူအပင်ကင်း လိုချင် တောင့်တ မူမရှိ
သြော် စကားကျောရှည်နေပြီ
ညည်းကောင်းတယ် ကျုပ်မဆိုးဘူး :D

jr.လွင်ဦး said...

ဇော်က ကဗျာတွေ အများကြီးရသေးတာပဲ။
တို့ဖြင့် က ကလေးငယ် ချစ်စဖွယ် ပဲသိတော့တယ်။
ခခွေး၊ ဂငယ်တောင် မေ့တေ့တေ့ရယ်။
:)

သမီးပျို said...

ဇော်က ချစ်တဲ့အဖိုး အဖွားတွေနဲ့နေခဲ့ရတော့ ကံကောင်း တယ်နော် တို့ကတော့ အဖေဘက်က အဖွား တစ်ယောက်ပဲ ကျန်ပါတယ် မုန်းခံလိုက်ရတာ ခါးခါးတူးတူးပဲ သူချစ်တဲ့မြေးတွေထက် သာနေလို့နေမှာ ပေါ့ ချစ်လှပါတယ်ဆိုတဲ့ သူ့ရဲ့မြေးတွေက ဆိုးလိုက်တာ မှ ပေတေကိုလန်နေတာပဲ ခုထိ တစ်ယောက်မှကိုအသုံးမကျတာ သူအချစ်ဆုံးမြေးဦးဆိုတာလေ ဟုတ်မလားဆိုပြီး နိုင်ငံခြားလွှတ်လိုက်တာ သူများကို ဓါးနဲ့ထိုးပြီးပြန်လာ တယ်လေ တစ်နှစ်ကျော်သွားတာ အိမ်ကို တစ်သိန်းကျော်ပဲ ပို့နိုင်လို့ သူ့အမေ ခမျာ ကြွေးတွေဝိုင်းပေါ့ ပြန်လာတော့ ပါလာတယ် ဒေါ်လာ ၂၀ တဲ့ အဲဒီလို ဆိုးတာပေါ့ ဒါကြောင့်လေ အဖိုးအဖွားတွေနဲ့ နေရတဲ့ ကြည်နူးမှုဆိုတာ ဘာမှန်းလဲ တကယ်ကိုမသိတာလေ ဇော်က အဖိုးတွေအဖွားတွေ ပြောလို့ရင်ထဲနဲနဲပေါက်ကွဲသွားလို့ အတင်းပြောသလို များဖြစ်သွားလားမသိပါဘူး ခုတော့ အဖွားလည်းဆုံးပါပြီ..ကိုယ်ကိုတိုင် အဖွားဖြစ်မှပဲ ကိုယ့်မြေးလေးတွေကို ကဗျာတွေဆိုပြ တော့မယ်..နော်မြေးလေး ဇော်

yangonthar said...

ဆရာကြီး မင်းသုဝဏ် ရဲ့ ကဗျာလေးတွေကို ကျွန်တော်သိပ်ကြိုက်တာပဲ ညီမလေးလဲ သ ဘောကျပုံပဲ ကျွန်တော်က ကဗျာဥာဏ် အာ ဘော် ကလော်တိုင်း မထွက် လေတော့ အဲလို ဆရာကြီးများရဲ့ ၊ခေတ်သစ် ကဗျာ ဆရာများရဲ့ ကဗျာ လှလှ တွေကို အင်မတန် နှစ်ခြိုက်မိပါ တယ်၊ ကျွန်တော်ငယ်ငယ်က မအိပ်ခင် အမေဆိုဆို ပြီး သိပ်တဲ့ (ကဗျာ ရယ် သီချင်းရယ် မသေချာပါ) ကဗျာလေး သွားသတိရတယ်........

“ကြောင်ကြီးရဲ့ မြီးတံတို အဆီကို စားလို့ 
အသားကိုမျို ” ဆိုတာရယ်

“ မိတ္ထီလာကန်တော် အောက်က ဖားကောက်ခဲ့ပါ ” ဆိုတဲ့ ကဗျာလေး တွေကို သတိရမိတယ် ညီမဇော် ကျေးဇူး ပါ။ စာအ ရေးအသားတွေ အတုယူပါတယ် ........ (ရန်ကုန်သား)

မွန် said...

ကဗျာလေးတွေ ရွတ်သွားတယ်ဇော်
ပျော်ရွှင်ပါစေညီမလေး

Angel Shaper said...

အရူးမလေးရေ... ပရိသတ်ရနေပြီနော် ဟိဟိ နောက်တစ်ခါ တွေ့ရင် တီနှင်းပြောသလို လက်ခတ်သံ ဆိုပြရမယ် ဒါပဲ။ မင်းထက်လိမ္မာတဲ့ ဖြူစင်ကြယ်....ဟိဟိ

Anonymous said...

မဇော်က သီချင်းတွေအကုန်ရတာပဲ
ဒါဆို မဇော်ရဲ့ တဦးသောသူတော့ကံကောင်းတာ
ပဲ။ ည အိပ်ခါနီးဆိုပြဖို့လေ။ ပြီးတော့ နောင်လာမယ့် သားချော့တေးဆိုတဲ့ တစုံတရာသောအ
နာဂတ်အတွက်လဲ ကံကောင်းတယ်ဗျာ။
ပျော်ရွှင်ပါစေဗျာ။

ကိုလေး

မငုံ said...

ငယ်ငယ်က ရွတ်ခဲ့တဲ့ ကဗျာလေးတွေက ကောင်းလိုက်တာ။ ကဗျာလေးတွေမှာ မြန်မာရိုးရာနဲ့ ကလေးတွေအတွက် စိတ်ဓာတ်ကောင်းလေးတွေ ပါနေတယ်။ နောက်တခါဆို ရွတ်ပြရမယ်နော်။ အဘွားကို သတိရနေတယ်ဆိုတာ စိတ်မကောင်းဖြစ်ရတယ်။ ပြန်ရတော့မယ်မလား။ သူကအိမ်အရင်ရောက်မဲ့ကိစ္စ။

s said...

မမ က ကဗျာတွေ မှတ်မိတယ်နော် တော်လိုက်တာ

ကဗျာတွေကို အသံထွက်ပြီး ရွတ်လိုက်တာ ငယ်ဘ၀ကိုတောင် ပြန်သတိရသွားတယ် မမ ရေ

မယ့်ကိုး said...

ညီမလေးတော်တယ်။ ကဗျာလေးတွေကို မှတ်လည်းမှတ်မိ ရေးလည်းရေးတယ်တယ်။ :)

ဝေလေး said...

ဒီလိုအဖွားနဲ့တွေ့တာ ဇော် ကံကောင်းတာပေါ့။ အစ်မ ငယ်ငယ်က ကဗျာရွတ်ပြမယ့်လူလည်းရှိဘူး ပုံပြင်ပြောပြမယ့်လူလည်းမရှိ။ ကဗျာလေးတွေ ရွတ်သွားတယ်နော်....