အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, August 28, 2009

အဖြူရောင် ဆုံမှတ်တစ်ခု ..

သာသာယာယာရှိတဲ့နေ့တစ်နေ့မှာ ကျွန်တော် ( မမျှော်လင့်ဘဲ ) သူ့ကို ကောက်ရခဲ့တယ်။ သူ့နဲ့ဆုံဖြစ်ပုံက သိပ်တော့ကဗျာမဆန်ပါဘူး။ သာမန် သူလိုကိုယ်လို နှုတ်ဆက်ရုံပေါ့။

ဒါပေမယ့် တစ်ခု ထူးခြားခဲ့တာက သူဟာ အတော်ငြိမ်တယ်.. နောက် အတော်ကို အေးအေးဆေးဆေးနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်သတိပြုမိခဲ့လိုက်တယ်။ ဒီလိုနဲ့တစ်စစ ကျွန်တော်တို့ ကြိုးတစ်စဆီ ဆန့်ထုတ်မိခဲ့ကြတယ်။

လွဲချော်ခြင်းများ

ယနေ့ နေသာ၏
ထီးမပါတဲ့ အပြန်လမ်းမှာ ရွှဲရွှဲစိုလို့ …
ယနေ့ မိုးအုံသည်
အနွေးထည် ထူထူနဲ့ ချွေးအပြိုင်းပြိုင်း … ။

အဲ့ဒီလိုနေ့တွေမှာပဲ
စိုစွတ်မည်ဟု ယုံကြည်ထားသူများက
ခြောက်သွေ့ကြတယ်
ခြောက်သွေ့မည်ဟု မျှော်လင့်ထားသူများက
စိုစွတ်ကြတယ်
အစစ်လို့ထင်တဲ့ အရာတွေမှာလည်း
အရောအနှောတွေတွေ့
ရင်တွင်းဖြစ်တွေကလည်း
အတ္တရနံ့တွေ လှိုင်လို့ ..
ဂုဏ်သရေရှိမျက်နှာဖုံးတွေအောက်က
စဉ်းလဲတဲ့အပြုံးတွေလည်းရှိ … ။

နားလည်မှုခြုံလွှာပါးလေးနဲ့
ရုန်းကန်နေရတဲ့လောက
အတိအကျသေချာတဲ့လွဲချော်ခြင်းတွေ
နေ့စဉ်မိုးလင်းလို့နေ့စဉ်မိုးချုပ်
တပ်မက်ခြင်း ထမင်းလုတ်အတွက်တော့
အပိုတွေမလုပ်စမ်းပါနဲ့ ..
ခံယူချက်တွေစူးရှလို့
အလွဲတွေနဲ့ အံဝင်နေတဲ့ကမ္ဘာမှာ
တစ်ယောက်ထဲ မတ်မတ်ထွက်ရပ်
ကျုပ်ဟာလည်း လွဲနေတဲ့ကောင်ပါပဲ ………… ။
မင်း

ကျွန်တော့်ရဲ့ ၂၂နှစ်ပြည့်မွေးနေ့အတွက် ကျွန်တော့်စိတ်ထဲရှိတဲ့သူငယ်ချင်းတွေထဲမှာ သူက ပထမဆုံးမှတ်မှတ်ရရ နှုတ်ဆက်ခြင်းနဲ့အတူ သူရေးတဲ့ကဗျာတစ်ပုဒ် ကျွန်တော်လက်ဆောင်ရခဲ့ဖူးတယ်။ တကယ်တော့ သူနဲ့ကျွန်တော့်အတွက် ဆက်သွယ်မှုပေါင်းကူးတံတားဟာ စာတွေနဲ့ ကဗျာတွေ သီချင်းတွေပဲ ဖြစ်တည်ခဲ့ကြတယ်။
ရပ်တည်မှုတိုင်းအတွက် အင်အားဟာ နူးညံ့မှုဆိုရင် သူ့ကိုသာ ကျွန်တော် လက်ညှိုးထိုးပြလိုက်ချင်ပါတယ်။

အစောပိုင်းကာလတွေဆီတုန်းက ကျွန်တော်သူ့ကို ခင်မင်ဖို့စိတ်ကူးတစ်စုံတရာ မရှိခဲ့ရိုးအမှန်ပါ။ သူကတော့ ကျွန်တော့်ကိုတွေ့တိုင်းနှုတ်ဆက်ဖော်ရခဲ့တယ်။ စာပေတွေအကြောင်း ဆွေးနွေးဖော်ရခဲ့တယ်။ သူရေးခဲ့တဲ့ စာမူတစ်ပုဒ်ကို ကျွန်တော့်ကိုပေးဖတ်ခဲ့တယ်။
( အဲ့စာမူကိုတောင် ကျွန်တော်မေးလ်ကနေ ဖောဝက်လုပ်ပြီး ရှဲလိုက်ပါသေးတယ်။ လင်္ကာဒီပချစ်သူကို ခံစားပြီး သူရေးထားခဲ့တဲ့ စာမူလေ။ သိပ်ကောင်းတယ်။ )


နောက်တော့ သူက သူရေးထားတဲ့ကဗျာလေးတွေ ကျွန်တော့်ကို ပေးဖတ်လာတယ်။ သူရေးတဲ့ကဗျာတိုင်းဟာ နူးညံ့မှုရဲ့ အင်အားတစ်ချို့စီးဝင်လို့။

လူတိုင်းမှာ ဘုရားသခင်ပေးထားတဲ့ ဆုတစ်ခုရှိတယ်။ အဲ့ဒါက ချစ်ခွင့် ပဲလေ။ လူတိုင်းက ဘ၀ မှာ တစ်ကြိမ်တော့ မြတ်မြတ်နိုးနိုးချစ်ခွင့် .. ကျရှုံးခွင့် ရှိတယ်ဟ.. ဒါပေမယ့် အဲ့ဒါကိုလူတိုင်း လက်မခံနိုင်ကြဘူး.. တစ်ချို့ကလဲ အဲ့ဒီအချိန်ကို မစောင့်နိုင်ကြဘူး.. အဲ့ဒါက အရမ်းတန်ဖိုးရှိတယ်.. ငါလဲတစ်ယောက်ယောက်ကို အဲ့လိုမျိုး ချစ်ဖူးချင်တယ်.. အတုအယောင်တွေ ရင်ထဲကမပါပဲနဲ့လုပ်ရတဲ့ ကိစ္စတွေကို ငါစိတ်မပါဘူး.... သိလား

ကျွန်တော်က နင်ဘာလို့ ရည်းစားမရှိရတာလဲ .. နင့်သူငယ်ချင်းတွေမှာတော့ ရည်းစားကိုယ်စီနဲ့ လို့ ပြောမိတော့ သူပြန်ပြောခဲ့တဲ့မှတ်မှတ်ရရ စကားလေးတစ်ခွန်းပါ။ ကျွန်တော် အံ့သြတကြီးနဲ့ ကြည့်မိခဲ့ရတယ်။
သူ့ဘေးမှာ လေပြည်တို့ ကောင်းချီးပေးနေမလားမသိ။ သေချာတာကတော့ ကောင်းကင်ဘုံရဲ့ လက်ခုပ်သံကို ကျွန်တော်တစ်စွန်းတစ်စ ကြားလိုက်မိတယ် .. သူ့အတွက်ပါ။

စကားပုံတစ်ခုတော့ မဟုတ်ဘူးဟ..
ငါပြောပြမယ်သိလား
လူတိုင်းဟာ ၂၄ လုံးလုံး မရိုးသားနိုင်ကြဘူး.. လို့ငါထင်တယ်.. ဘုရားက လွဲလို့ပေါ့
အဲ့ဒါကြောင့် ၁ စက္ကန့်ဖြစ်ဖြစ် .. အခိုက်အတန့်လေးတစ်ခုဖြစ်ဖြစ် ရိုးသားခြင်းနဲ့ သန့်ရှင်းနေရတာလေးကို ငါတန်ဖိုးထားတတ်လာတယ် ..ငါအရင်ကအဲ့လို မတွေးတတ်ဘူးဟ ... ဘာမှ မဟုတ်ပါဘူး
စိတ်ထဲမှာ ပေါ်လာလို့ပြောတာ

ကျွန်တော်တို့ ညတိုင်းနီးပါး စကားစမြည်ပြောတတ်ခဲ့ကြဖူးပါတယ်။ ကျွန်တော်ကို အိပ်မအိပ် ၀င်ချောင်းတတ်ပြီး ကျွန်တော် အိပ်နေတယ်ဆို တိတ်တိတ်လေး ပြန်ထွက်သွားတတ်တဲ့သူ့ကို ကျွန်တော် အတော်ကို ခင်တွယ်မိခဲ့တယ်။ စကားပြောရင် အေးအေးဆေးဆေး သိမ်သိမ်မွေ့မွေ့နဲ့ ပြောတတ်တဲ့ သူ့ကို ကျွန်တော့်သူငယ်ချင်းအဖြစ် ကျွန်တော်ကောက်ရခဲ့တာကို ကျွန်တော် ကျေးဇူးတင်မိတယ်။

ကျွန်တော့်ဓါတ်ပုံကို ကြည့်ပြီး မှတ်မှတ်ရရ ပိုးတုံးလုံးနဲ့ တူတယ်လို့ မှတ်ချက်ချခဲ့ဖူးတဲ့ သူဟာ ကျွန်တော့်ရှေ့မှာ အလံဖြူတစ်လက်လို အရောင်စွန်းထင်းမှုကင်းတဲ့ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ရပ်တည်နေခဲ့တယ်။
ကျွန်တော့်ကို ပိုးလို့ ခေါ်တဲ့သူဟာ သူကိုယ်တိုင်ကတော့ အဖြူရောင်တစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်နေပြန်ပါတယ်။

သူနဲ့ကျွန်တော် စကားပြောလိုက်တိုင်းမှာ မမြင်နိုင်တဲ့ စိမ့်ဝင်မှုအင်အားတစ်ခု စီးဆင်းနေတယ်လို့ ကျွန်တော် အမြဲလို ခံစားနေရတတ်ခဲ့တယ်။ သူ့ကိုကြည့်ရတာ .. သူနဲ့ စကားပြောရတာ ကျွန်တော့်အတွက်တော့ အေးဆေးတဲ့ မှန်သားပြင်ကို ကြည့်နေပြောနေရတာနဲ့ တူနေသလိုပါပဲ။ သူ့ဆီမှာ ငြိမ်းအေးမှုတစ်ချို့ ပျော်ဝင်နေတယ်ဆိုတာ ကျွန်တော်လက်ခံလာရတယ်။

ကျွန်တော့်ဆီကို သူကိုယ်တိုင် ဂစ်တာတီးပြီး ဆိုထားတဲ့သီချင်းတစ်ချို့ ပို့ပြီးချိန်မှာတော့ ကျွန်တော့်အံ့သြမှုက အတိုင်းအဆမရှိ ဖြစ်တည်ခဲ့တယ်။
မင်း .. နင့်လို တိုက်ခိုက်ရေးကျောင်းဆင်း တိုက်ခိုက်ရေးသမားတစ်ယောက်မှာ ဒီလို ခံစားမှုမျိုးတွေရှိနေတာ ငါသိပ်အံ့သြတယ် လို့တောင် ပြောမိရတဲ့အထိပါပဲ။
သူက အသံကောင်းသလို အဆိုလဲ ပိုင်နိုင်တယ်။ ဂစ်တာတီးလဲ ကျွမ်းကျင်မှုရှိတယ်။
ကျွန်တော်ထင်မြင်ယူဆထားတာက တိုက်ခိုက်ရေးကျောင်းဆင်း တိုက်ခိုက်ရေးသမားတွေဟာ နူးညံ့တဲ့စိတ်ထား မရှိနိုင်ကြဘူးလို့လေ။
( ကျွန်တော်တင်မဟုတ်ပါဘူး။ ခုလူတော်တော်များများလဲ အဲ့လိုပဲ လက်ခံထားကြပါတယ်။ ဒါကို အိမ်တိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ ကျွန်တော်ပြောတဲ့ တိုက်ခိုက်ရေးသမားဆိုတာ စစ်သားကို ဆိုလိုတာပါ။ )
ဒါပေမယ့် သူနဲ့အတွေ့မှာ ကျွန်တော့်အတွေးတွေက ဓါးထက်ထက်နဲ့ အခုတ်ခံရသလိုပါပဲ။ ပြတ်တောက်သွားခဲ့ဖူးတယ်။

ငါ့မှာသာ နင့်လိုညီမရှိရင် ငါစိတ်ချမ်းသာရမယ့် အီးမေးလ်မျိုး ငါလဲရမှာနော် လို့ ပြောတတ်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း သူ့ကို ကျွန်တော့်အကိုတစ်ယောက်ဖြစ်လာဖို့ ကျွန်တော်တိတ်တိတ်လေး မျှော်လင့်ခဲ့မိဖူးတယ်။

အင်းး..
ငါ ဒီလိုပြောမယ်ဟ.. ဘုရားကို ...
အချိန်တိုင်းအတွက်... ရိုးသားသန့်ရှင်းတဲ့ စိတ်အသိဥာဏ် တစ်စုံလောက် ငါ့ကို ပေးပါလို့.. ငါတစ်ဘ၀လုံး အဲ့ဒီစိတ်နဲ့ ပဲ အသက်ရှင်သွားချင်လို့ ....
ကျန်တာတွေကတော့ ဖြစ်ရင်လည်း ဖြစ်မယ်
မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့ဟာ..
ကောင်းတာနဲ့ ဆိုးတာနဲ့ တွဲနေတဲ့လောကကြီးမှာ ကောင်းတာတွေပဲမလိုချင်သလို .. ဆိုးတာတွေကြီးပဲလဲ မလိုချင်ဘူးလေ
ဘယ်သူတွေကောင်းကောင်း မကောင်းကောင်း ဘာတွေဘယ်လိုဖြစ်ဖြစ် ငါ့စိတ်က အရာအားလုံးအတွက် ဖြူဖြူစင်စင်ပဲနေနိုင်ရင် အရမ်းကောင်းမှာ..
ငါ အဲ့ဒီလိုမှ မလုပ်နိုင်သေးတာ
အဲ့ဒါကြောင့် ငါ့ကို အဲ့ဒီအရာပေးပါလို့...
လူတွေအားလုံးက စိတ်ကြောင့် ပျော်ရွှင်နေကြသလို.. စိတ်ကြောင့်ပဲ ဒုက္ခတွေ အဆင်မပြေတာတွေနဲ့တွေ့နေကြရတာလေ..
လူတိုင်းကိုယ်စီ ကိုယ့်စိတ်ကို တတ်နိုင်သလောက် ဖြူစင်နိုင်မယ်ဆိုရင် ..
အောင်မြင်ခြင်း ကျဆုံးခြင်းတွေကလည်း အဓိကမကျပါဘူးဟာ.. ခုန ငါတောင်းတဲ့ဆုသာ ပြည့်မယ်ဆို.. ငါ အသက်ရှင်နေသမျှ ငြိမ်းချမ်းနေမှာ..
အသက်ရှင်ခြင်းရဲ့ ဟိုဘက်ကို ရောက်သွားရင်လည်း .. အဆင်ပြေမယ်လို့ ငါထင်တယ်
ငါတောင်းတဲ့ဆုက နည်းနည်းများသလိုတော့ ဖြစ်မှာပေါ့ဟာ.. ဒါပေမယ့် ဘုရားဆီမှာ တောင်းရတဲ့ဆုဆိုတော့.. ငါတစ်ကယ်လိုချင်နေတာကိုပဲတောင်းရမှာပေါ့..
ငွေတွေ.. အောင်မြင်ခြင်းတွေ.. ခမ်းနားခြင်းတွေ.. ဂုဏ်အရှိန်ဝါတွေ .. ပျော်ရွှင်မှုနဲ့ ချစ်ခြင်းတရားတွေအတွက် တောင်းတဲ့ဆုဆိုရင်လည်း ဘုရားက ပေးမှာပဲ..
ဒါပေမယ့် ..
အဲ့ဒါတွေကို ဘုရားကတစ်ကယ်ပေးလဲ ငါရတယ်လို့ မထင်ဘူး..
ဘာဖြစ်လို့လဲ ဆိုတော့.. အဲ့ဒါတွေက ငါ့ရဲ့ အပြင်ဘက်မှာလေ
ငါတစ်ကယ်မှ မပိုင်တာ.. ဘုရားပေးလဲ ငါတစ်ကယ်မပိုင်တော့ ရလဲ ခဏပေါ့ဟာ..
အဲ့ဒါကြောင့် ငါ့ရဲ့ အပြင်ဘက်မှာ မဟုတ်တဲ့ အတွင်းက စိတ်အသိဥာဏ် အဆင့်မြင့်ဖို့ပဲ ငါလိုချင်တာဟ..

ကျွန်တော်က မွေးနေ့မတိုင်ခင်ညမှာ ဘုရားက ဆုတစ်ခုကိုတောင်းဖို့ အမြဲခွင့်ပြုကြောင်းနဲ့ အဲ့ဆုကို ဘုရားက အပြည့်အ၀ပေးမှာဖြစ်တဲ့အကြောင်း ပြောမိတော့ သူက ကျွန်တော့်ကို ပြန်ပြောခဲ့တဲ့စကားစုလေးဟာ ကျွန်တော့်အတွက်တော့ အလင်းတန်းတစ်ခု ဖြာကျလာသလိုပါပဲ။ ကျွန်တော့်သူငယ်ချင်း သူ့ကို ကျွန်တော် ပိုတန်ဖိုးထားလာမိခဲ့တယ်။
ပြီးတော့ ကျွန်တော် သူနဲ့စကားပြောရတာ သိပ်စိတ်ချမ်းသာရသလို ခံစားလာရတယ်။ သူဟာ လရဲ့ ဆွဲငင်အားနဲ့များ ရပ်တည်နေရော့သလားလေ ...။

နင့်မွေးနေ့ ဘာလိုချင်လဲ မင်း လို့ ကျွန်တော်က မေးဖြစ်ခဲ့တော့

နင်အဲလိုမေးတာထဲက ငါဘာမှ မလိုချင်တော့ဘူး..
ငါ နောက်ပြောတာ မဟုတ်ဘူး
သေသေချာချာစဉ်းစားပြီးမှ ပြောတာ
ဘာဖြစ်လို့လဲသိလား
နင်အဲလို မေးထဲက နင့်ဆီက တစ်ခုခု ရပြီးပြီလို့ ငါခံစားရလို့ပေါ့...
ငါ့ကို အဲ့လိုမေးမယ့်သူတစ်ယောက်မှ မရှိဘူး...
ငါ့မွေးနေ့မှန်း မှတ်မိတဲ့သူတောင် မရှိပါဘူးဟ.. ငါ့မေမေက လွဲလို့ပေါ့..

ကျွန်တော်စိတ်ထဲမှာ တစ်စုံတစ်ခု ပါးပါးလေး စီးဆင်းသွားခဲ့ဖူးတယ်။ အဲ့ဒီ ပါးပါးလေးမှာ ကျွန်တော့်ရဲ့ ခင်မင်မှုနဲ့ တန်ဖိုးထားမှု အနက်ရှိုင်းဆုံး ပါဝင်နေခဲ့တယ်။ ကျွန်တော့်ကို ဒီလိုသူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးခဲ့လို့ ဘုရားကို ပိုပြီးကျေးဇူးတင်ခဲ့မိတယ်။

သေချာတာတစ်ခုကတော့ ငါဟာ လွန်ခဲ့တဲ့ ၂၃ နှစ်လောက်က လောကထဲကို ရောက်လာတာပါလားလို့ သတိရပြီး.. အဖေ နဲ့ အမေတို့ ကို ကျေးဇူးတင်မိမှာပဲ..ဟ
အဲ့ဒါက ပထမဆုံးလေ..
နောက်ပိုင်း အဲ့ဒီတစ်နေ့လုံး .. ကောင်းမယ်ထင်တာတွေ ငါလုပ်မယ်..
နင်ပြောတာတွေလဲ လုပ်မယ်..
အဲ့ဒီနေ့မနက်မှာ နင်ပြောသလိုဆုတောင်းမယ်..
ပြီးရင် ဆုတောင်းပြည့်တယ်လို့ ငါ့ကိုယ်ငါ သဘောထားပြီ.. တစ်နေ့လုံး.. ငါ အရိုးသားဆုံးဖြစ်အောင်နေမယ်..
ငါ့စိတ်ကို အသန့်ရှင်းဆုံးဖြစ်အောင် ထားမယ်လေ ..

နံနက်ဖြန် နင်ဘာလုပ်မလဲ မင်း လို့ ကျွန်တော်မှတ်မှတ်ရရမေးခဲ့မိတော့ သူကျွန်တော့်ကို ဖြေပေးခဲ့တဲ့ အဖြေဟာ သိပ်ကို ပြည့်စုံပါတယ်။ ပြီးတော့ ကြည်လင်မှုကိုလဲ ကျွန်တော်ခံစားလိုက်ရတယ်။ ကျွန်တော့်သူငယ်ချင်းဟာ သိုးဖြူလေးတစ်ကောင်ကို ကိုယ်စားပြုနေတယ်လို့ ကျွန်တော် မှတ်ချက်ချလိုက်မိတယ်ဆိုရင် လွန်မယ်မထင်ပါဘူး။

ခုတော့လဲလေ .. ကျွန်တော်ခင်မင် တန်ဖိုးထားရတဲ့ ကျွန်တော့်သူငယ်ချင်း မင်း (မင်းအောင်ခိုင်) ရဲ့ ၂၃နှစ်ပြည့် မွေးနေ့ကျရောက်လို့လာခဲ့ပါပြီ။ လူတိုင်းကို ဘုရားက ဖန်ဆင်းတယ်ဆိုရင် .. (ကျွန်တော့်ရဲ့ သူငယ်ချင်း) သူ့ကို ဖန်ဆင်းထားခဲ့တဲ့ ဘုရားကို ကျွန်တော်သိပ်ကျေးဇူးတင်ပါတယ်။ သူဟာ ကျွန်တော့်အတွက် ငြိမ်းချမ်းခြင်းသင်္ကေတ ဖြစ်နေခဲ့လိုပါ။

မွေးနေ့မှာ ပျော်ရွှင်ပါစေ မင်း ... အရာအားလုံးကိုယ်စား ငါ လှိုက်လှဲစွာ ဆန္ဒပြုလိုက်ပါတယ်။
နင်ပျော်ရွှင်စေဖို့ ...



17 comments:

လင်းကြယ်ဖြူ said...

ပျော်စရာ မွေးနေ့လေးတစ်ခုအတွက် ခံစားချက် လှလှလေးကို အားပေးသွားပါတယ်..
မွေးနေ့မှာ အရင်ဦးစွာ မိဘ နဲ့ ကိုးကွယ်ရာကို သတိရလိုက်တာ ကောင်းတဲ့ စရိုက်လေးပါပဲ..
ပျော်ပါစေ...

နေဒေးသစ် said...

ခင်မင်မှုဆိုတဲ့ အတိုင်းအတာ နယ်ပယ်ကို ကန့်သတ်တားဆီးထားလို့ မရဘူးဆိုတာ ဇော်က အလေးနက်ဆုံး ဖွင့်ပြတယ် ..
သူငယ်ချင်း ဆိုတာ တကယ်တော့ ဘဝတစ်ခုထဲက တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာတွေပါ ..
သူငယ်ချင်း ကို တန်ဖိုးထားတတ်တဲ့ ဇော့်ရဲ့ ခင်မင်မှု မေတ္တာတရားနဲ့ အတူ .. ဇော့်သူငယ်ချင်း တစ်ယောက် မွေးနေ့မှာ အေးမြငြိမ်းချမ်းနိုင်ပါစေ ..

နေဒေးသစ်။

ဝက်ဝံလေး said...

မွေးနေ့ မှာ ပျော်ရွှင်ပါ စေ ဇော့်ရဲ့သူငယ်ချင်း မင်းရေ ယခု ၂၃ ပြည့်မွေးနေ့မှသည် နောက် နှစ်ပေါင်း ၁၂၀ တိုင်အောင် ရှည်စေသော်ဝ်.....

Angel Shaper said...

သူငယ်ချင်းဆိုတဲ့ အနက်ကို လေးလေးနက်နက်လေး ဖွင့်ပြတတ်တဲ့ ငဇော့်ကို လေးစားပါတယ်ကွယ်။
ဇော့်သယ်ရင်း မင်းတစ်ယောက် ပျော်ရွှင်စရာမွေးနေ့လေး လာမဲ့ နှစ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပြီး စစ်မှန်ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာများ ပိုင်ဆိုင်နိုင်ပါစေလို့  တောင်းဆုခြွေခဲ့ပါတယ်နော်။

တောင်ပေါ်သား said...

လာခံစားတယ်ဝေးးး ပျော်ရွှင်မူများနဲ့ အားလုံး ပြည့်စုံနိုင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

စည်သူ said...

အရေးအသားတွေ
အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကောင်းတယ်ညီမရေ..

အနန္တော အနန္တ ကိုသတိတရရှိလို့ ချီးကျူးပါတယ်..

ပျော်ရွှင်ပါစေ...

အိုက်ခီလောက် said...

မွေးနေ့ မှာ ဆုတောင်းနဲ့ တစ်ထပ်တည်းကျပါစေ
ဆုတောင်းပေးလိုက်တယ် မင်း ဆိုတဲ့ သူငယ်ချင်းရေ
စစ်သားဆိုပေမယ့်လည်း အမြင်မကြည်ပါဘူး
ကောင်းတာလုပ်တဲ့လူက ကောင်းကျိုးခံစားရမှာပါ
မကောင်းတာလုပ်တဲ့လူက မကောင်းတာကို အနည်းနဲ့ အမြန် ပြန်ခံစားရမှာပဲ
ဂျစ်ညီမကလည်း ရိုးသားတယ် ပွင့်လင်းတယ်
ဘာမှမပြောလိုပါ ဒါတောင်ပေရှည်သွားတယ် :D

မေဇင် said...

အဲ့လို သူငယ်ချင်းလေး..ကောက်တွေ့ရရှိထားတဲ့ ဇော့် အတွက် ၀မ်းသာသလို ... ဇော့် လိုမျိုး သူငယ်ချင်းလေး ရထားတဲ့ မင်း အတွက်လဲ ၀မ်းသာပါတယ်..။ ပျော်ရွှင်ပါစေ...း)

littlebrook said...

ဟက်ပီဘတ်ဒေးပါ ဇော်ရဲ့ သူငယ်ချင်း...
း)

မငုံ said...

ကောက်ရထားတဲ့ ဇော်သူငယ်ချင်းလေး မွေးနေ့မှစ ပျော်ရွှင်မှု့တွေနဲ့အတူ စိတ်ချမ်းသာပါစေလို့ ဆုတောင်းတယ်နော့။

ဧရာဝတီသား said...

ညီရေ၊ ဒီလိုသူငယ်ချင်း တစ်ယောက်ကောက်ရတာ ငါ့ညီတော်တော် ကံကောင်းတယ်ကွ။ လူတိုင်းက ဘ၀ မှာ တစ်ကြိမ်တော့ မြတ်မြတ်နိုးနိုးချစ်ခွင့် .. ကျရှုံးခွင့်ရှိတယ်ဟ .. အဲဒီ့ အယူအဆ လေးကို အရမ်းနှစ်သက်မိတယ် ညီရေ။ တန်ဖိုးထား မြတ်နိုးတတ်သူတွေ အတွက် သိပ်ကောင်းတဲ့ စကားလေးပဲ ညီရေ။

မွေးနေ့မှာ ပျော်ရွင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

မင်းနေ said...

အားကျမိပါရဲ့ဗျာ ....

သားကြီး said...

ကျနော်ကလည်းထပ်တူဆန္ဒပြုလိုက်ပါတယ်
အရာအားလုံးကိုယ်စားပေါ့
မွေးနေ့မှာပျော်ရွှင်ပါစေ...
သူ့ကိုမမျှော်လင့်ဘဲကောက်ရခဲ့တာမဟုတ်
ပါဘူး ဘုရားသိကြားတွေက လက်ထဲကို
သေသေချာချာ ထိုးထည့်ပေးလိုက်ကြတာပါ
ချစ်ခြင်းတိုင်းတန်ဘိုးရှိပါစေ....။

yangonthar said...

ညီဇော့် မှာ ဒီလိုသူငယ်ချင်းတစ်ယောက်ရှိတဲ့ အ တွက် ဝမ်းသာတယ်
ပျော်ရွှင်ပါစေ
:D

Anonymous said...

ခံစားချက်တွေ ခံစားချက်တွေ လန်းတယ်ဗျာ စာသားတွေ မိုက်တယ်..။

မြစ်ကျိုးအင်း said...

မွေးနေ့မှာပျော်ရွှင်ပါစေ

နိင်ငံအတွက်ပြည်သူအတွက်တန်ဖိုးရှိတဲ့သူ ဖြစ်ပါစေ

စာဖတ်သူ said...

ပို့စ်အရေးအသား ကောင်းတာလား
ရေးသူရဲ့ သယ်ရင်း တော်ကီတွေက ညှက်တာလား ..?
စဉ်းစားလို့မထိ

ဘာပဲဖြစ်ဖြစ် ဖတ်ရတာ အရသာတွေ့၏


လေးစားလျက်
စာဖတ်သူ