အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, August 2, 2009

အသိ

မြူမှုန်ကမ္ဘာထဲက
ဘာမဟုတ်တဲ့ ငါ
အတ္တတွေနဲ့ တိုက်ခိုက်ဖူးရဲ့၊
မာနတွေနဲ့ မာကျောဖူးရဲ့၊
ဒေါသတွေနဲ့ ရိုင်းစိုင်းဖူးရဲ့၊
မောဟတွေနဲ့ တွေဝေဖူးရဲ့၊
ရလိုမှုတွေ အစိမ်းလိုက်မျိုချ
သမုဒယတွေ နှောင်ဖွဲတမ်းကစား
စွဲလန်းခြင်းများနဲ့ မီးပုံရှို့တယ်။


အခွံအလွတ်ကြီးထဲ
အခေါင်းပွ ဘ၀တွေကြီးပြင်း
နာမည်တစ်လုံးကျန်ဖို့
ငါတို့ ... အသက်ရှင်သန်ရမတဲ့လား။

အပရိကတွေကြား
တတိတိအစားခံနေရတာ
ခဏတိုင်းသေနေမှန်း
မေ့မေ့လျော့လျော့နဲ့
ငှားရမ်းယူထားတဲ့
သေခြင်းရဲ့ရှင်သန်မှုကို
တယုတယတွယ်ဖက်
အသက်ရှူနေရတာ
အဓိပါယ်တွေးရခက်တယ်။

ယထာဘူတကျကျ
အစအနတွေ ရသမျှစုနေမိ
အယူမှန်ဖို့
အမြင်သန်ဖို့လိုအပ်လို့
ငါ့အမှောင်တိုက်ထဲ
ငါ့ကိုယ်ငါ ထွန်းညှိဖို့က
ငါမရှိမှ အေးမယ်။

အရှုပ်တွေကို ထုပ်မှာလား
အရှုပ်တွေကို ထုတ်မှာလား

မေးခွန်းများစွာကြားမှာ
အမှန်အမှားသိသူ ဖြစ်ရစေ။
ခရီးသွားငါ့အား
အလင်းတရားတို့ လင်းရစေ။
အဖြစ်၊ အပျက်တို့
ငါ မျက်အပ်မြင်ရစေ။
ပညတ်တို့ကင်းလွတ်ရာ
ငါ့ခန္ဒာ မျက်မှောက်ပြုရစေ။

ငါ့အတွေးများထဲ
ငါ့ဟာငါပျောက်ရှနေမိ
နောက်ဆုံးပြန်ကြည့်တော့
ငါ က ကျန်ခဲ့ပြန်ရော ... ။ ။

လင်းစက်ရာ
၂၆၊၁၁၊၀၈
သူတစ်ယောက်ကိုချစ်တယ်ဆိုတာ
နှလုံးသားက အရှုံးပေးဖို့ အဆင်သင့်ဖြစ်သွားတာ။


16 comments:

မေဇင် said...

မေးခွန်းများစွာကြားမှာ
အမှန်အမှားသိသူ ဖြစ်ရစေ။
ခရီးသွားငါ့အား
အလင်းတရားတို့ လင်းရစေ။
အဖြစ်၊ အပျက်တို့
ငါ မျက်အပ်မြင်ရစေ။
ပညတ်တို့ကင်းလွတ်ရာ
ငါ့ခန္ဒာ မျက်မှောက်ပြုရစေ။

ဒီအပိုဒ်လေး ကြိုက်တယ်ဇော်.... ကောင်းတယ်နော်.. .ကဗျာလေးက

Anonymous said...

အတ္တတွေနဲ့ တိုက်ခိုက်ဖူးရဲ့၊
မာနတွေနဲ့ မာကျောဖူးရဲ့၊
ဒေါသတွေနဲ့ ရိုင်းစိုင်းဖူးရဲ့၊
မောဟတွေနဲ့ တွေဝေဖူးရဲ့၊
ရလိုမှုတွေ အစိမ်းလိုက်မျိုချ . . . . .

ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ

ကိုလူထွေး said...

အရှုပ်တွေကို ထုပ်မှာလား
အရှုပ်တွေကို ထုတ်မှာလား

သံတူကြောင်းကွဲ စကားလုံးနှလုံးကို တွဲသုံးပြသွားတာ အတုယူစရာ...

ကိုလူထွေးကတော့ ဒီကနေ့အထိ ဘာကို ထုတ်လုပ်ပြီး ဘာကို ထုပ်ပိုးသလဲ သေသေချာချာ မသဲကွဲသေးဘူး...

မိုးစက်အိမ် said...

ကဗျာလေးက လုံးဝ ပြည်.၀တယ်
ငဇော်ရာ ပညတ်တို့ကင်းလွတ်ရာ
ငါ့ခန္ဒာ မျက်မှောက်ပြုရစေ။
အဲစကားလေး အကြိုက်ဆုံးပါဘဲ...

Anonymous said...

ငါ့အတွေးများထဲ
ငါ့ဟာငါပျောက်ရှနေမိ
နောက်ဆုံးပြန်ကြည့်တော့
ငါ က ကျန်ခဲ့ပြန်ရော ... ။ ။
အဲဒီအတွေးလေးကြိုက်တယ် အဆင်ပြေပါစေကွာ ဇော်

နေမင်းသံစဉ်...

jr.လွင်ဦး said...

ငါဆိုတာပျောက်ရင် ရဟန္တာဖြစ်ပြီတဲ့ဇော်ရေ့။
ပုထုဇဉ်ဆိုတော့ ဒီလိုပေါ့။
သူတစ်ယောက်ကိုချစ်တယ်ဆိုတာ
နှလုံးသားက အရှုံးပေးဖို့ အဆင်သင့်ဖြစ်သွားတာ .. ဆိုတာလေးကို ကြိုက်တယ်။ :)

ဧရာဝတီသား said...

ရှေ့ကလူတွေ ပြောသွားလို့ ကြိုက်စရာ အပိုဒ်မကျန်တော့ဘူး၊ တပုဒ်လုံး ကုန်သွားပြီလေ။
အဲဒီတော့ တပုဒ်လုံးကို ကြိုက်တယ်ကွာ၊ တပုဒ်လုံးကောင်းတယ် :)

လင်းကြယ်ဖြူ said...

ငါ့အတွေးများထဲ
ငါ့ဟာငါပျောက်ရှနေမိ
နောက်ဆုံးပြန်ကြည့်တော့
ငါ က ကျန်ခဲ့ပြန်ရော ..
...........

ငါဆိုတဲ့ နယ်နမိတ်...ငါကျော်ဖို့ကြိုးစားရင်း
ငါ လမ်းပျောက်လို့.....ငါ့ခြေရာတွေ ငါပြန်ကောက်နေရင်းနဲ့ကို .....ငါ့ကိုယ်ငါ ပျောက်ဆုံးနေပါတယ်..ညီမရယ်....
ပျော်ပါစေ

Angel Shaper said...

အော် ငှားယူထားတဲ့ သေခြင်းရဲ့ ရှင်သန်မှုကို ဖက်တွယ် အသက်ရှုရတာ အဓိပ္ပာယ်တွေးရ ခက်သတဲ့လား။ အယူမှန်ဖို့ အမြင်သန်ဖို့လဲ လိုပါသေးတယ်။ မှန်ပါတယ်။ ချပြရရင်တော့ တပုဒ်လုံးပါပဲ။ အရမ်းကောင်းပါတယ်။ အသိလေးအတွက် လေးစားပါတယ်။ အသိတရားလေး ပြန်ပြီး သွတ်သွင်းရဦးမယ်။ မေ့လျော့တတ်လို့....

Anonymous said...

ခေါင်းထဲမှာ လက်ခနဲအလင်းတခုပေါ်လာသလိုခံစားရ
တယ်။ ကျေးဇူးပါ ကဗျာကောင်းတပိုဒ်အတွက်

ကိုလေး

စည်သူ said...

ပြည့်စုံသော ကဗျာတစ်ပုဒ်ပါ..။

“ငါ”ကိုသတိရသွားလို့..

“ငါ” ကိုသတိမရအောင်

ကြိုးစားဖို့ အသိပေးလိုက်သလိုပါပဲ...

ပျော်ရွှင်ပါစေ..
စည်သူ..။

တလနွန် said...

အခွံအလွတ်ကြီးထဲ
အခေါင်းပွ ဘ၀တွေကြီးပြင်း
နာမည်တစ်လုံးကျန်ဖို့
ငါတို့ ... အသက်ရှင်သန်ရမတဲ့လား။

ဒီအပိုဒ်လေးကြိုက်တယ်။ ကဗျာတစ်ပုဒ်လုံးက ကောင်းတယ်။ လင်းစက်ရာ လို့ တွေ့ တယ်။
ညီဇော် ရဲ့  အခြားကလောင်နာမည်လား?

ကိုရေတမာ said...

အသက်ရှင်နေသမျှ မေ့မေ့လျော့လျော့မနေဖို့။ အသိခေါက်ခက် အ၀င်နက်မဖြစ်ဖို့ သတိရသွားတယ် လင်းစက်ရာ

နဒီမိုးညို said...

ကဗျာလေး..ကကောင်းလိုက်တာ..
သေခြင်းရဲ့ရှင်သန်မှုကို
တယုတယတွယ်ဖက်
အသက်ရှူနေရတာ
အဓိပါယ်တွေးရခက်တယ်။
ဒီအပိုဒ်လေး..ကြိုက်တယ်..ဇော်ရေ..
(နဒီ..အချစ်နဲ့ ..မိုးညိုအချစ်က..ထပ်တူပါပဲ..
အစစအရာရာ ၉၉% တူလို့ ထူးဆန်းတဲ့အချစ်
လို့ .ကဗ္ဗည်းတင်းထားတယ်..း)..)

သားကြီး said...

တော်တော်ဖွဲ့တတ်တာပဲ
စာသား ရစ်သမ် အကုန်လှတယ်
တော်တော်များများလည်းပြောပြီးကုန်ပြီဆိုတော့
ကျနော်ပြောစရာမကျန်တော့ပါဘူး
ကဗျာက“လှတယ်” ဒါပဲသိတော့တယ်

ငှက်ကလေး said...

ကောင်းတယ် ဇော် ကဗျာလေးက တကယ်ကောင်းပါတယ်
အလာနောက်ကျတာ ခွင့်လွှတ်နော် သိလား
ဘိုင်
ပျော်ရွှင်ပါစေကွယ်