အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Thursday, August 13, 2009

တစ်စုံတရာ

မောင် မလေးကို ချစ်လို့ လက်ထပ်ခဲ့တာ မဟုတ်ဘူး ဆိုတာကို မလေးအစထဲက သိပါတယ်။ မလေးကို မောင်က မောင့်မေမေရဲ့ သဘောဆန္ဒတစ်ခုကို မလွန်ဆန်နိုင်လို့ လက်ထပ်ခဲ့တယ်ဆိုပေမယ့် မလေးတို့ မြန်မာဓလေ့ထုံးတမ်းစဉ်လာအရ အကြင်လင်မယားဖြစ်ပြီးတဲ့နောက် မလေးဟာ မောင့်ရဲ့ အိမ်သူသက်ထားဖြစ်တယ်ဆိုတာလောက်တော့ အသိအမှတ်ပြုဖို့ကောင်းပါတယ်မောင်။ ခုတော့ ...

မလေးက မောင့်မေမေရဲ့ အကိုအကြီးဆုံး မောင့် ဘဘရဲ့ မိန်းမ ကြီးမေပြုံးရဲ့ ညီမ အငယ်ဆုံးက မွေးတဲ့တူမတစ်ယောက်၊ ငယ်လေးထဲက အဖေနဲ့ အမေ ဘုရားဖူးသွားရင်း ကားမှောက်ဆုံးပါးခဲ့တာမို့ ကြီးမေကပဲ တာဝန်ယူစောင့်ရှောက်ခဲ့ရတာ မလေး ဆယ်တန်းရောက်တဲ့အထိ။ မလေးဆယ်တန်းရောက်တဲ့နှစ်ကြတော့ ကြီးမေပြုံးနဲ့ ဘဘတို့နေထိုင်ရာ မန္တလေးကနေ ရန်ကုန်က မောင့်မေမေတို့ အိမ်ကို ဆယ်တန်းတက်ဖို့ ပို့ခြင်းခံခဲ့ရတယ်။ ကလေးမရခဲ့တဲ့ ဘဘနဲ့ ကြီးမေပြုံးတို့ရဲ့ သမီးအရင်းပမာ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ အေးဆေးတည်ငြိမ်စွာ နေတတ်လာတဲ့ မိန်းကလေးတစ်ယောက်မို့ မောင့်မေမေ ကြီးကြီးက မလေးကို သမီးတစ်ယောက်လို သိပ်သဘောကျ နှစ်သက်ခဲ့တယ်ဆိုတာ မလေးသိပါတယ်မောင်။ ဒါ့ကြောင့်မို့လဲ မလေးလို မိမရှိ ဘမရှိ မိန်းကလေးတစ်ယောက်ကို မောင့်မေမေက မောင့်လိုတစ်ဦးတည်းသောသားနဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တာပေါ့။

မလေး ဆယ်တန်းကို ဂုဏ်ထူးလေးခုနဲ့ အောင်တော့ ဘဘတို့ ကြီးမေပြုံးတို့ မောင့်မေမေ ကြီးကြီးခင်တို့ ပြုံးပျော်နေကြတာကို မြင်ရတော့ မလေး စိတ်ချမ်းသာလိုက်တာ မောင်ရယ်။ မောင်ကိုယ်တိုင်တောင် မလေးကို တော်လေးဝင်က တော်သားပဲလို့ ချီးကျူးခဲ့တာကို အမှတ်ရမိပါသေးတယ်။ မလေး ဆေးတက္ကသိုလ်တက်တော့ မလေးကို မောင့်မေမေကပဲ ကြီးမေပြုံးနဲ့ ဘဘက ကျောင်းဆရာ အစိုးရ၀န်ထမ်းတွေမို့ ကျောင်းစရိတ်ကို သူတာဝန်ယူမယ်ဆိုပြီး အကုန်လုံးအစစ အရာရာ တာဝန်ယူခဲ့တယ်ဆိုတာ မောင်အသိပါ။ မလေးအတွက်ကတော့ မောင့်ဖေဖေနဲ့ မေမေဟာ မလေးရဲ့ ကျေးဇူးရှင်တွေ ဖြစ်ခဲ့ရတာကြောင့် မလေးကို မောင်နဲ့ လက်ထပ်ပေးချင်တယ်လို့ စကားစလာတော့ မလေးဘယ်လိုငြင်းရမလဲ မောင်ရယ်။ နောက်ပြီး မလေးကိုယ်တိုင်ကလဲ မောင့်ကို ....

မလေးရဲ့ တက္ကသိုလ်ကာလတစ်လျှောက်လုံး ဖြူစင်ခဲ့တယ်ဆိုတာကို အကိုတစ်ယောက်ပမာ တခါတရံ ကျောင်းပို့ကျောင်းကြို လုပ်ပေးတတ်တဲ့ မလေးမသိတဲ့ အင်္ဂလိပ်စာတွေကို ရှင်းပြပေးတတ်တဲ့ မလေးက ကိုလေးလို့ အမြတ်တနိုးခေါ်ခဲ့ရတဲ့ မောင် သိမှာပါလေ။ မလေးထက် ၂နှစ်ပဲ ကြီးပေမယ့် မလေးကိုအမြဲတမ်း အကိုကြီးတစ်ယောက်လို စာပဲ ကြိုးစားနော် တော်လေးဝင်။ စာသင်နေတဲ့အချိန်မှာ ဘာသံညာသံမှ ငါမကြားချင်ဘူး ဆိုပြီး ပြောတတ်ခဲ့တဲ့ကိုလေးကို မလေး ကြိတ်ပြီး တိတ်တိတ်လေး သဘောကျနေခဲ့မိတယ်ဆိုတာကို မောင်မသိတတ်နိုင်ခဲ့ဘူးမဟုတ်လားမောင်။
မလေးကိုဆို လူတိုင်းက မလေးလို့ ချစ်စနိုးခေါ်တတ်ကြပေမယ့် မောင်တစ်ယောက်သာ တော်လေးဝင်လို့ နာမည်အပြည့်အစုံ ခေါ်တတ်ခဲ့တာ မလေး မောင်တို့ အိမ်ကို ရောက်ကတည်းကဆိုတာ မလေး သတိပြုမိပါတယ်။ မလေးကိုဆို ခပ်တည်တည်နဲ့ နေတတ်ခဲ့တဲ့ မောင်ဟာ သူတစ်ပါးအပေါ်မှာတော့ ချိုသာ ဖော်ရွေလွန်းပြန်ပါတယ်။

မလေး ဆမ လက်မှတ်ရတဲ့အချိန်မှာ မထင်မှတ်ဘဲ မောင့်မေမေနဲ့ ဖေဖေက မလေးကို မောင်နဲ့ နေရာချထားပေးချင်တယ်ဆိုပြီး စကားစလာတော့ မောင်က မလေးရှေ့မှာတောင် ဟန်မဆောင်နိုင်စွာ ခါးခါးသီးသီးငြင်းခဲ့တယ်။ မလေးနေရာက ၀င်ကြည့်ပါဦး မောင်ရယ်။ မလေးက မိန်းကလေးပါနော်။ တစ်သက်လုံးဖြူဖြူစင်စင်နဲ့ နေလာခဲ့တဲ့ မိန်းကလေးပါ။ မောင့်ရဲ့ အဲ့လို ခါးခါးသီးသီးဖြစ်မှုဟာ မလေးရင်ကို ထိရှစေတယ်ဆိုတာ မောင်သတိပြုမိဖို့ကောင်းပါတယ်နော်။ မောင် မလေးကို မလိုချင်လဲ မလေးကွယ်ရာမှာ မောင့်မေမေတို့ကို ပြောလို့လဲ ရရဲ့နဲ့ မလေးကိုတမင်များ ထိခိုက်အောင်လုပ်တာလားလို့ မလေး မိုက်မဲစွာ တွေးမိခဲ့ဖူးပါတယ်။ ဒါပေမယ့်မောင်ရယ် .. မလေးဆိုတာ မောင့်ကိုသာ ချစ်ခဲ့မိဖူးတဲ့သူမို့ ....

မောင့်မေမေရဲ့ တစ်ချက်လွှတ်အမိန့်အောက်မှာ သားလိမ္မာပီသစွာ
ဘယ်တုန်းကမှ ကလန်ကဆန် ပြန်မလုပ်ခဲ့ဖူးတဲ့ မောင်ဟာ မလေးကို စိတ်မပါဘဲ လက်ထပ်ခဲ့ရတယ်ဆိုတာ မလေး အစကတည်းက သိခဲ့ပေမယ့် မောင်ရယ် .. မလေး ဘယ်လိုငြင်းရမလဲနော်။ မောင့်မိဘတွေဟာ မလေးအပေါ်မှာ မိဘရင်းနဲ့မခြားစောင့်ရှောက်ခဲ့တာ။ မလေးဆရာဝန်ဖြစ်တဲ့အထိ မလေးကို တာဝန်ယူခဲ့တာတွေကို မလေး ကျေးဇူးကန်းလို့မရဘူးဆိုတာ မောင်သိသင့်ပါတယ်လေ။
မလေးတို့ မင်္ဂလာဆောင်မှာ မျက်ရည်လေးစမ်းစမ်းနဲ့ ပြုံးပျော်ပြီး စိတ်ချမ်းသာနေတဲ့ ကြီးမေပြုံးနဲ့ ဘဘကို မြင်ရတော့ မလေးရင်ထဲမှာလေ မလေးကို မမွေးခဲ့ပေမယ့် မိမဲ့ဘမဲ့ တစ်ကောင်ကြွက်ဘ၀ကို သမီးအရင်းတစ်ယောက်လို သူတို့ရဲ့ အစိုးရ၀န်ထမ်းလစာလေးနဲ့ လောက်ငှအောင် ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျွေးမိဘတွေကို စိတ်ချမ်းသာအောင်လုပ်ပေးနိုင်ခဲ့လို့ မလေးပျော်ရွှင်ခဲ့မိပါသေးတယ်မောင်။

မလေးတို့ လက်ထပ်ပြီးတဲ့နောက်မှာ မောင့်မေမေက မလေးတို့ကို အိမ်ခွဲပေးခဲ့လို့ ဘောက်ထော်က အိမ်ဝိုင်းလေးကို မလေးတို့ ပြောင်းလာတဲ့နေ့ကို မလေးမှတ်မိနေပါသေးတယ်။ မလေးကို စိတ်ရှုပ်စွာနဲ့ တစ်ချက်ကြည့်ပြီး အိမ်အသစ်မှာ မလေးကို တစ်ယောက်ထဲထား ထွက်သွားတဲ့မောင်ဟာ အဲ့ဒီနေ့ ညဥ့်အတော်ကြီး နက်မှ အရက်တွေ မူးပြီး ပြန်လာခဲ့တယ်။ ပြီးတော့ မလေးကို မင်းကို ငါမချစ်ဘူးကွ တော်လေးဝင်။ မင်းကြောင့် ငါ့ချစ်သူနဲ့ ကွဲရတာ။ ငါတို့ ချစ်ခြင်းကို ခွဲတဲ့မင်းကို ငါမုန်းတယ် လို့ အော်ကြီးဟစ်ကျယ်ပြောရင်း မူးမူးနဲ့ အိပ်ပျော်သွားတဲ့ မောင့်ကိုကြည့်ရင်း မလေး တစ်ညလုံး မျက်ရည်ကျခဲ့ရတယ်ဆိုတာ မောင်သိမှ သိပါလေစ။

အိမ်ထောင့်သက်တမ်းတစ်လျှောက်လုံးမှာ မလေးဘက်က မောင့်အပေါ် မယားဝတ္တရားဆိုတာထက် သာလွန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ အစစ တာဝန်ကျေခဲ့ပေမယ့် မောင်ကတော့ မလေးကို စကားတောင် ဟဟမပြောတတ်ခဲ့တော့တာ။ တစ်အိမ်တည်းနေပြီး မျက်နှာချင်းမဆိုင်တာ။ အိမ်ကိုညဥ့်အတော်နက်မှ ပြန်တတ်ခဲ့တာ။ မလေးထိုင်တဲ့ မြောက်ဒဂုံက ဆေးခန်းကို ယောင်လို့တောင် လှည့်မကြည့်ခဲ့တာ။ မလေးကို ဘာလိုလဲ တစ်ခွန်းမှ မေးဖော်မရခဲ့တာ။
မလေးကို မောင် ဥပေက္ခာပြုခဲ့တာတွေဟာ မလေးရင်ကို ထိရှကြေကွဲစေပါတယ်မောင်။ မလေးက မိန်းမသားပါ မောင်ရယ်။ လက်ထပ်ထားပြီးပြီဆိုပေမယ့် ယောက်ျားတစ်ယောက်ကို ချစ်တယ်လို့ ဘယ်လို ပြောရပါ့မလဲနော်။ မလေးတို့ မိန်းကလေးတွေဆိုတာ ယောက်ျားလေးကို ချစ်နေလဲ လျှို့ဝှက်ထားခဲ့ရစမြဲမဟုတ်လား။ မလေးကျေနပ်ပါတယ်မောင်။ မလေးချစ်တဲ့မောင်နဲ့ ခုလို တစ်မိုးအောက်မှာ အတူရှိနေတယ်ဆိုတဲ့ ခံစားချက်ကတင် မလေးအတွက် အရာအားလုံးပြီးပြည့်စုံခဲ့ပါတယ်။ မလေး မောင့်ကိုချစ်တယ်။

မလေးတို့ အိမ်ထောင်သက် တစ်နှစ်ပြည့်ကာနီးလေးမှာပါပဲ။ မလေးမမျှော်လင့်ခဲ့မိပါဘူးလေ။ မောင်လုပ်နေတဲ့ ကုပ္မဏီကို မောင့်ရဲ့ ချစ်ဦးသူက မရ အရ အလုပ်လျှောက်ပြီး ခန့်ထားခံခဲ့ရတယ်။ ပြီးတော့ မောင့်ကို ပြန်ဆက်သွယ်တယ်။ မောင်ကလဲ အစပိုင်းက ခပ်တည်တည်ဆိုပေမယ့် ချစ်ဦးသူဆိုတဲ့ စိတ်ကြောင့် လိုက်လျောမှုတွေ ရှိလာတယ်။ ဒါတွေကို မလေးသိပါတယ်မောင်။ မလေးကို မောင့်အကြောင်း ပြောပြမယ့် ပြောချင်နေကြတဲ့ ပတ်ဝန်းကျင်က လူတွေ အများကြီးရှိတယ်ဆိုတာ မောင်သိဖို့ကောင်းတာပေါ့နော်။ အရင်ကထက် အိမ်ပြန်နောက်ကျတတ်လာတဲ့မောင်၊ အရက်တွေ မူးအောင်သောက်တတ်လာတဲ့မောင့်ကို မလေး ဘယ်လိုမှ မကြည့်ရက်ခဲ့တာ အမှန်ပါ။

ဆိုက်အင်ဂျင်နီယာ မောင်နဲ့ ပစ္စည်းအ၀ယ်စာရင်းကိုင် မောင့်ချစ်ဦးသူတို့ ဘယ်လောက်ထိ အဆက်ဆံရှိကြတယ်၊ အတူစား အတူသွား အတူလာဖြစ်နေကြတယ်ဆိုတာ မလေး တမင်မေ့ထားလဲ မသိချင်ယောင်ဆောင်လဲ မလေးသိသိနေရတာပါပဲ မောင်ရယ်။ မလေးနေရာက ၀င်ပြီး ခံစားကြည့်ပေးဖူးရဲ့လားလို့ မောင့်ကိုမေးလိုက်ချင်ပါတယ်။ မလေးမှာ အဲ့ဒီအခွင့်အရေး မရှိခဲ့ဘူးဆိုပေမယ့် မလေးက မောင့်ရဲ့တရားဝင် မယားတစ်ယောက်ပါလေ။ ဒါပေမယ့် မလေးကြောင့်မို့ ဘယ်သူမှ စိတ်မဆင်းရဲစေချင်ခဲ့လို့ မောင့်မေမေနဲ့ ကြီးမေပြုံးကိုတောင် မလေး ဖွင့်မပြောပြခဲ့ဖူးပါဘူး။ မလေးထိုက်နဲ့ မလေးကံလို့ပဲ မလေးခံယူထားခဲ့လို့ပါ။

ဒါပေမယ့် မောင်ရယ်။ မောင် ရှားရှားပါးပါး ပြန်စားခဲ့တဲ့ ညစာစားပွဲမှာ မလေးက မောင့်ကို ကိုလေး .. မခင်ဦးနဲ့ ပြန်ဆက်နေတယ်ဆို။ မလေးကို လူတွေပြောကြလို့ပါ .. လို့ ခပ်အေးအေး မေးခဲ့မိတာကို မောင်က ရုတ်တရက် ထမင်းစားပွဲကထပြီး ထွက်သွားတယ်။ မလေး လန့်ပြီး စိတ်မကောင်းလဲ ဖြစ်ခဲ့မိတယ်။ ဒါ့ကြောင့်နောက်ကနေ လိုက်ပြီး မလေးက တောင်းပန်တာကို မောင်က မလေးကို ထပ်ပြောလို့ဆိုပြီး တစ်ခါမှ ရွယ်တောင် မရွယ်ခဲ့ဖူးတဲ့ မလေးပါးကို ရိုက်ခဲ့တယ်။ နောက်ထပ်ပြောရင် မင်းနဲ့ ငါ လမ်းအခွဲပဲ တဲ့။ အဲ့စကားပြောပြီး လှည့်မကြည့်စတမ်းထွက်သွားခဲ့တဲ့ မောင့်ကျောပြင်ကို မလေး ခပ်ငေးငေးကြည့်နေခဲ့မိပေမယ့် မလေးရင်ထဲမှာ နာကျင်ရလွန်းလို့ ဘာဆိုဘာမှ မကျန်တော့လောက်အောင်ကိုပါပဲမောင်။

အဲ့ဒီနောက်ပိုင်းကစလို့ မောင်ဟာ အပြင်မှာတောင် အိပ်တဲ့ရက်တွေ ရှိလာခဲ့တယ်နော်။ တစ်အိမ်လုံးမှာ မလေးတစ်ယောက်တည်းပါမောင်။ မလေးလဲ အားငယ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။ တစ်ညလုံး လင်ယောက်ျားပြန်အလာကို မိုးအလင်းစောင့်ရတဲ့ အချိန်တွေလောက် ရင်နာရတာ မရှိတော့ပါဘူးလေ။ မလေးကျတဲ့မျက်ရည်ကိုလူမြင်ရင် မောင့်ကို အပြစ်တင်ကြမှာစိုးလို့ မလေး တိတ်တဆိတ် ကြိတ်ငိုခဲ့ရတာတွေ မောင်မြင်နိုင်ခဲ့ရင် သိပ်ကောင်းမှာလို့ မျှော်လင့်ခဲ့မိပေမယ့် မောင်ကတော့ ပေါ်မလာခဲ့ပါဘူး။
မောင်ရယ် .. မလေးမှာ ၀ဋ်ကြွေးတစ်စုံတရာရှိခဲ့မယ်ဆိုရင် ကျေပါစေတော့လေ ...။

တစ်နေ့ညနေခင်းပေါ့မောင်ရယ်။ မလေးဆေးခန်းထိုင်နေတုန်း ဆေးခန်းမှာ မလေးတစ်ယောက်တည်းရှိနေတဲ့အချိန် မောင့်ချစ်ဦးသူရောက်လာခဲ့ပြီး
တော်လေးဝင် .. မင်းကို ဗညားမွန်က မချစ်ဘူးဆိုတာ မသိဘူးလား။ မင်းကြောင့် သူအမြဲစိတ်ဆင်းရဲရတယ်ဆိုတာ ငါ့ဆီမှာ အမြဲတမ်း ရင်ဖွင့်နေကျမို့ ငါမကြည့်ရက်နိုင်တော့လို့ ငါလာတွေ့ရတာပဲ။ မင်း ဘာလို့ ဗညားမွန်ဘေးမှာ ဆက်ရှိနေသေးတာလဲ တော်လေးဝင်။ မင်းကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေတဲ့ ဗညားကို ငဲ့ညှာသင့်တယ်။
ဒီလိုစကားမျိုးတွေကို မျက်နှာမာမာနဲ့ လာပြောသွားတဲ့ အဲ့ဒီ မောင့်ချစ်ဦးသူကိုလေ မောင့်မျက်နှာတစ်ခုတည်းနဲ့ မလေး ဘာဆိုဘာမှ ပြန်မပြောလိုက်ပါဘူးမောင်။ ဒါဟာ မလေး မောင့်ကို ချစ်လို့ပါ။ ဒါပေမယ့် မလေးဟာ ပညာတတ်အမျိုးသမီးတစ်ယောက်ဆိုတာ သိခဲ့ဖို့ကောင်းပါတယ်လေ။

အဲ့ဒီည မောင်ပြန်လာတော့ မလေးကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရတယ်ဆိုတဲ့ မောင့်ကို မလေး တိတ်တိတ်လေး ငေးကြည့်ခဲ့မိတယ်။ မောင်ကတော့ မလေးကို သတိမပြုမိစွာပဲ အိပ်ယာဝင်သွားတယ်။ အဲ့ဒီညက မလေးတစ်ညလုံးမအိပ်ဘဲ မောင့်ကို ထိုင်ကြည့်နေခဲ့မိတယ်မောင်။ မလေးရင်ထဲမှာလေ ...

မောင် ..
အချစ်ဆိုတာ ကိုယ်မျှော်လင့်တိုင်းလဲ ပြန်ရနိုင်တာမဟုတ်မှန်း မလေးသိလိုက်ရတဲ့နောက်မှာ မလေးချစ်မိတဲ့သူကို မလေးကြောင့် စိတ်မဆင်းရဲစေချင်ပါဘူး။ မောင့်ကိုမပြောပြဖြစ်ခဲ့တဲ့ အရာတစ်ခု မလေးမှာ ရှိနေခဲ့ပါတယ်မောင်။ အဲ့ဒါကတော့ မလေးမှာ သွေးကင်ဆာဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ မလေးသိထားခဲ့ပေမယ့် ဒါကို မလေးကုဖို့ မကြိုးစားခဲ့ပါဘူး။ မလေးမှာ ရှင်သန်လိုစိတ်မရှိခဲ့ပါဘူးမောင်။ မိဘမဲ့တစ်ကောင်ကြွက်မို့ မောင့်တစ်မျက်နှာ တစ်ရွာထင်ခဲ့မိတဲ့မလေးအဖို့ အရာအားလုံးဟာ ...

မလေးကြာကြာမနေရတော့ဘူးဆိုတာ သိနေတာမို့ မလေးအတတ်နိုင်ဆုံး မလေးရဲ့လူနာတွေကို မလေးဂရုစိုက်ခဲ့တယ်။ နောက်ပြီး မလေး မန္တလေးကို ခနပြန်ချင်တယ်လို့ မောင့်ကို ခွင့်တောင်းတော့ မောင်က ရှောရှောရှူရှူပဲ ခွင့်ပြုခဲ့တာမို့ ကြီးမေပြုံးနဲ့ ဘဘကို ကန်တော့ဖို့ အခွင့်အရေးရခဲ့တယ်။ ဒီအတွက် မောင့်ကို ကျေးဇူးတင်ပါတယ်မောင်။
သမီး မလေးရယ်။ ပိန်သွားလိုက်တာ။ နေမကောင်းဘူးလားကွယ်။ မျက်နှာကလဲ ဖြူဖတ်ဖြူရော်နဲ့။ ဒီကိုတစ်ယောက်တည်းလာရလားကွယ်။ မောင်ဗညားရော
လို့ မေးလာတဲ့ ကြီးမေရဲ့ အမေးကို မလေးကောင်းကောင်းပြန်မဖြေနိုင်ခဲ့ပါဘူး။ မလေး တစ်သက်နဲ့တစ်ကိုယ် ကြီးမေတို့အပေါ် ဒီတစ်ခါပဲ လိမ်ညာခဲ့လိုက်မိတယ်။ မောင်အလုပ်တွေများနေလို့ လိုက်ချင်ပေမယ့် မလိုက်နိုင်တဲ့အကြောင်း။ ကြီးမေကတော့ ဘာမှ ဆက်မမေးတော့ပေမယ့် စိတ်ထဲကောင်းပုံမရတာတော့ မလေးသိပါတယ်။ ဒါပေမယ့် မောင်ရယ်။ မလေးမှာ တကယ်ကို စကားလုံးမရှိခဲ့လို့ပါလေ။

မန္တလေးကပြန်လာပြီးတော့ မလေး မောင့်မေမေနဲ့ ဖေဖေကို သွားကန်တော့တယ်။ လူကြီးတွေရှေ့ အတတ်နိုင်ဆုံး မလေးရဲ့ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့မျက်နှာကို ဖုံးဖိဖို့အတွက် မလေးတစ်ခါမှ မသုံးခဲ့ဖူးတဲ့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ သုံးခဲ့မိတယ်။ မောင့်မေမေ ကြီးကြီးခင်ကတောင် အိမ်ထောင်ကျမှ အလှပြင်တတ်လာတယ်ဆိုပြီး မလေးကို ပြုံးလို့ စနောက်ခဲ့သေးတယ်။ လူကြီးတွေ စိတ်ကျေနပ်နေကြတာ မြင်ရတော့ မလေး စိတ်ချမ်းသာမိရတယ်မောင်။ ဘာဖြစ်ဖြစ် မလေးနောင်တမရပါဘူးလေ။ အရာအားလုံးဟာ မလေးရဲ့ကံပါပဲ။

မလေးကို မောင့်အပေါ်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ခဲ့မိသမျှတွေအတွက် ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း ကန်တော့ပါတယ်။ ဘာပဲဖြစ်ဖြစ် မလေးကျေနပ်ပါတယ်။ မလေး မောင်နဲ့အတူ အချိန်တစ်ခုမှာ အတူရှိနေခွင့် ရခဲ့လို့ပါ။ ကျေးဇူးတင်ပါတယ်မောင်။
မလေးရဲ့ ဆေးခန်းကို ငွေကြေးမတတ်နိုင်တဲ့ လူသားတွေအတွက် မလေး မပိတ်ရက်နိုင်ခဲ့လို့ မလေးကျောင်းတုန်းက သိပ်ခင်ခဲ့ရတဲ့ သူငယ်ချင်း ငုဝါကို လွှဲပေးခဲ့ပြီးပါပြီ။ မလေးလုပ်စရာရှိတာ အကုန်လုပ်ပြီးတဲ့နောက်မှာ မလေး အရာအားလုံးနဲ့ဝေးရာ အေးမြတဲ့ တရားရိပ်ကိုရောက်နေခဲ့ပါပြီ။
မလေးအတွက် ၁လလောက်သာ ကျန်တော့တဲ့ အချိန်ကို မလေး အေးမြတဲ့အရိပ်တစ်ခုမှာ ခိုလှုံဖို့အတွက် မလေးအရာအားလုံးကို အနှောင်အဖွဲ့ကင်းစွာ ချန်ထားခဲ့ပါတယ်။ မလေးမှာ ပိုင်ဆိုင်ရာ ဘာမှ မရှိပါဘူးမောင်။ မလေးမှာ မောင့်ကိုချစ်ရတဲ့ အချစ်တောင် ပိုင်ဆိုင်ခွင့်မရခဲ့ပါဘူးလေ။

ဒီစာကို မောင် ဖတ်နေတဲ့အချိန်မှာ မလေး မောင်နဲ့ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့် မောင့်ဆီ ဘယ်တော့မှ ပြန်လာလို့ မရတော့မယ့် ခရီးဝေးတစ်ခုကို အပြီးတိုင် ထွက်ခွါနေလောက်ပါပြီ။
ဘ၀တစ်ခုမှာ ချစ်ခွင့်တစ်ခါပဲ မလေး ကြုံခဲ့ဖူးပါတယ်။ အဲ့ဒီတစ်ခါမှာပဲ မလေးနှလုံးသားသေဆုံးခဲ့တယ်။ အဲ့ဒီနှလုံးသားရုပ်ကြွင်းကို ဒီစာနဲ့အတူ မောင့်အတွက် မလေးနောက်ဆုံးထားခဲ့တယ်။ မောင် ပျော်ရွှင်စေဖို့ ..

စာလေးအဆုံးသတ်တဲ့အထိ ကျွန်တော်ေ၀၀ါးစွာ ဖတ်နေမိသည်။ စာကြောင်းတွေ ပြီးဆုံးသွားတဲ့နောက် ကျွန်တော့်မျက်ဝန်းမှာ မြူတို့ ဖွဲ့သီ၏။ ထို့အတူ တစ်စုံတရာကလဲ ရင်ကို ပြင်းထန်စွာ ၀င်ရောက်၏။ ထိုအရာကား နောင်တနှင့်အတူ ချစ်ခြင်းတရား ...။

25 comments:

Angel Shaper said...

ငါ တစ် လားဟ.....
ငဇော်က ဒီလိုလေးလဲ ရေးသတဲ့လား။
ဖတ်လို့ ကောင်းလိုက်တာဟာာာာာာာာာ
မေလေးနဲ့ ထပ်တူ ကြေကွဲနေတယ် ငဇော်ရေ....

ဝက်ဝံလေး said...

မလေး ကို သနားလိုက်တာ ဇော်ရယ် အရေးလေး ကောင်းလိုက်တာ ဖတ်ပြီး သက်ပြင်းအရှည်ကြီး ချသွားတယ် သိလား ကြားရလားဟင် တို့ချလိုက်တဲ့ သက်ပြင်းအရှည်ကြီးလေ ဖူးးးးးးးးးးး တဲ့

ဝက်ဝံလေး said...

ဒေါ်အိန်ဂျယ် ဒီမယ် ရှင်လဲ ရှေ့နေငှားထား ဇော့်ဆီမှာ ၁ လာယူလို့ အခုပဲ နောင့်အိမ်မှာ ကျုပ် ကြယ်ရယ် မေလေးရယ် ကိုသားကြီးရယ်ကို တရားစွဲဖို့ လုပ်ထားတယ် ကြယ် နဲ့ မေလေးက comment တွေ အများကြီးယူမှု နဲ့ ကိုသားကြီးက ကျုပ်ထက် စောဦးစွာ comment ပေးမှု ကဲ အခု ရှင်လဲ ရှေ့နေရှာထား ဒါပဲ ဟွန်းးးးးးးးးးးး တီးတယ် ကွာ ဘာဖစ်ရဲ ဘာဖစ်ရဲ ဟွန်းးးးးးးးးးးးးးး

ဟီးးဟီးးး ဇော် ဖတ်ပြီးမရယ်နဲ့နော် ဟားဟားးးးးးးးးးး နာပဲ ရယ် မယ် ဟဲဟဲ

ဝက်ဝံလေး said...

အံမယ် မေလေးတဲ့ ဒေါ်အိန်ဂျယ် ရှမ်းပြန်ပီ မလေးပါ ဒေါ်အိန်ဂျယ်ရဲ့ ဟဟဟ ဒေါ်တပ်ခေါ်ထားတယ်နော် မကျေနပ်ရင် တတ်နိုင်ဘူး ဟီးးးဟီးးးး

ဝက်ဝံလေး said...

အော် ဒါနဲ့ ဇော် တစုံတရာ ဆိုတော့ နှစ်စုံဆိုရင် နှစ်ရာ ကျမှာပေါ့နော် ဟုတ်လား ဟီးးးးးး လျှော့တော့ဘူးလား လို့ ဟဲဟဲ ဈေးဆစ်ကြည့်တာ ရမလားလို့ မရလဲနေတော့ ဝယ်တော့ဘူး ပျံတော့မယ် ဖလပ် ဖလပ် လိုက်ထော်နဲ့နော် သိလား ဟွန်းးးး ဂယ်ပျံပီ ဘိုင်

မြစ်ကျိုးအင်း said...

သူတကယ်ရော နောင်တ ရပါ့မလား...။
တချို့အရာတွေက လဲရတာ မတန်ဘူးနော်..။

လင်းကြယ်ဖြူ said...

အဲ့ဒီနှလုံးသားရုပ်ကြွင်းကို ဒီစာနဲ့အတူ မောင့်အတွက် မလေးနောက်ဆုံးထားခဲ့တယ်။ မောင် ပျော်ရွှင်စေဖို့ ..

မောင် ဇော် မောင် ရယ်...
ကောင်းလိုက်တာကွယ်...တအားပဲ..စာလေးကလေ..

ပျော်ပါစေ

ရန်ကုန်သား said...

ကောင်း၏ အလွန်ကောင်း၏ ညီဇော် စာရေးကောင်း၏ တကယ်ပြောတာ ညီဇော်ရ လွမ်းမောမောကြီး ကျန်ခဲ့တာ ..... အဟုတ်

ပျော်ရွှင်ပါစေညီဇော် .... (ကိုရန်ကုန်)

မယ့်ကိုး said...

ဇာတ်လမ်းလေးရော စာလေးရောကောင်းတယ် ညီမလေးရေ...

ဧရာဝတီသား said...

ဇာတ်နာ ရင် မဖတ်ချင်ပါဘူး ဆိုမှ၊ ငါကလည်း ဖတ်မိပြန်ပြီ။ တစ်ခုပဲ ပြောစရာရှိတယ်၊ စာရေးဆရာက မတရားဘူး ... ဒါပဲ။
ကိုယ်ပေးတယ့် အချစ်ပြန် မရတဲ့ ဇာတ်ကောင်ကို သွေးကင်ဆာ ဖြစ်ခိုင်းရသလား?

Beauty Studio USA Branded Store said...

တစ်စုံတရာဟာ ကြယ်တွေကြွေအောင်ပြုလုပ်နေတာလား။အီး ငိုချင်သွားပြီ။နောက်ဆို သေကွဲမကွဲခိုင်းပါနဲ့ ဇော်ရာ။ရှင်ကွဲဆိုတော်သေး။
ဆက်ပြီးကျုလိုရာတွေးပြီးဖြေရသေးတယ်။အခုတော့ ဇာတ်ဆရာက သေဆိုတော့လဲ သေရတော့ မပေါ့။ဇာတ်လမ်းတမ်ပိုတွေက အရမ်းမြင့်နေလို့ ရင်ထဲ ဖတ်သောဖတ်သတ်ဖြစ်ကျန်နေရစ်ပြီလေ။

မေဇင် said...

သနားလိုက်တာဟာ....အဲ့ဒီ မောင်စုတ် နောက်ဆုံးမှ လာပီး နောင် တရနေတယ်...ဟွန်း

မေဇင် said...

သနားလိုက်တာဟာ....အဲ့ဒီ မောင်စုတ် နောက်ဆုံးမှ လာပီး နောင် တရနေတယ်...ဟွန်း

မေဇင် said...

သနားလိုက်တာဟာ....အဲ့ဒီ မောင်စုတ် နောက်ဆုံးမှ လာပီး နောင် တရနေတယ်...ဟွန်း

တလနွန် said...

ညီဇော် အလွမ်းအဆွေးတွေ တော်တော်ရေးနေရော်။
ဒီစာဖတ်တာ ခံစားချက်တစ်ချို့ တွေတောင် မြူတွေဆိုင်းသွားတယ်

စည်သူ said...

စာလေးအဆုံးသတ်တဲ့အထိ ကျွန်တော်ေ၀၀ါးစွာ ဖတ်နေမိသည်။ စာကြောင်းတွေ ပြီးဆုံးသွားတဲ့နောက် ကျွန်တော့်မျက်ဝန်းမှာ မြူတို့ ဖွဲ့သီ၏။ ထို့အတူ တစ်စုံတရာကလဲ ရင်ကို ပြင်းထန်စွာ ၀င်ရောက်၏။ ထိုအရာကား နောင်တနှင့်အတူ ချစ်ခြင်းတရား ...။

ဟဲဟဲ.... ဘာမှပြောတော့ဘူးနော်.......

အကြောင်းသိမယ်ဆိုတာ....
နာက.. နရုတ်တီးလေ
မျက်ကျိထဲကို ချန်ဝင်ပလိုက်မှာ..းP

ပျောင်ရွှင်ပါစေ
စည်သူ.။

Yu Ya said...

ဇော်ရေ... အဟီး.. ကျွန်တော် နှာဆေးနေလို့ ဒီပို့စ်လေးကို ဘာမှ မမန့်တော့ဘူး။

Mogok Thar said...

လှပတဲ့ ချစ်ခြင်းတစ်ခုနဲ့ သစ္စာတရား ကို ရေးခြယ်တဲ့ ဆေးချက်တွေ
သိမ်မွေ့သလောက် လွမ်းမောစေအောင်
ကားချပ်တစ်ခုလုံး တုန်ယင် လှုပ်ခတ်..။

တော်လေးဝင်ရေ.. သံသရာ အထပ်ထပ် မြတ်နိုးတတ်သူ၊
ကိုယ်ကချစ်ခင်ပြီး ကိုယ့်ကိုချစ်ခင်မဲ့သူနဲ့သာ
မင်းဆုံပါစေကွာ လို့ဆုတောင်းပေးရုံကလွဲပြီး
ကိုယ် ဘာများတတ်နိုင်အုံးမှာလဲ။ ကိုယ် ဘာများ တတ်နိုင်မှာ.. လဲ ကွယ်..။

Anonymous said...

ဝထ္ထုကောင်းတပုဒ် ဆိုတဲ့စကားထက်ပိုပြော
ချင်တယ်ဇော်ဇော်ရေ။ ခံစားချက်တွေနဲ့ အိမ်ကို
ပြန်သွားပြီ။
ထပ်ပြီးကြိုးစားထားနော်။

သီဟသစ် said...

ညီမဇော်ရေ

ရက်စက်ပါ့ မလေးကိုသတ်ပစ်တယ်
:D

ဖတ်လို့ကောင်းလိုက်တာ မနားတမ်းဖတ်သွားတယ်

ခင်မင်စွာဖြင့်
သီဟသစ်

Angel Shaper said...

ဟိဟိ... ငဇော်ရေ...ဒေါ်မေလေး ရန်လာရှာတယ်ဟ။
သူ့ ကို သွေးကင်ဆာပေးဖြစ်သလားပေါ့။ အဟုတ် ကို မသိတာ ဟိဟိ။
ဒီအပျိုကြီး ဘာလာဂေါက်တာလဲလို့ ဟိဟိ...
ကြည့်စမ်းးး ထိပ်ဆုံးကနေ ရှမ်းပြထားတယ်။။။။
မေလေးတဲ့။ ဟုတ်ဘူး မလေးပါ ဗျိုးးးးးးးးးး
မေလေး ရေ ကျန်းမာစွာ ပျော်နေပါတော့နော်။ ဟိဟိ
မလေး ပါ။ မလေးပါ။ မလေး ပါ ဗျိုးးးးးးး
ငှက်စုတ် နာမယ်။နေဦး ကိုသားကြီးဆီလေးဂွ ငှားပြီး တွေ့ ရင် တော့ လေးဂွစာ ကျွေးပစ်မယ်။
နာ့ကိုများ ရာရာစစ လာကျယ်တယ်။။။ ဟင်းးးးးး လူပါးဝတယ်နော်.. အဲ ငှက်ပါးဖောင်းတယ်နော် ဟိဟိ

Anonymous said...

ဟင့်...ဟင့်..အစ်..ဟင့် ငိုချင်လိုက်တာ.....တောက် နေရာခြင်းများလဲလိုက်ခြင်ပါရဲ့ကွာ... အတော်အသုံးမကျတဲ့လူ.. သူ့နေရာ ကျုပ်ဆိုလို့ကတော့ တောက်.... ပွဲသိမ်းပြီ.. အဟီး....။

ရွှေပြည်သူ (ShwePyiThu) said...

အစအဆုံး ခံစားသွားပါတယ် ညီမလေးဇော်။ ဖတ်ပြီး စိတ်မကောင်းဘူး ညီမလေးရယ်။ ကံဆိုးရှာတဲ့ တော်လေးဝင်နော်...

ဝေလေး said...

နောင်တဆိုတာတော့ နောင်မှရတတ်တာပဲလေ...
ဘာပဲဖြစ်ဖြစ် နောင်တရသွားတယ်ဆိုတာတော့ နည်းနည်းတော်သေးတယ်ထင်တာပဲ....

မိုးခါး said...

း(
ငိုချင်လိုက်တာနော်
ရိုက်သတ်ပြစ်ဖို့ပဲကောင်းတယ် အဲဒီယောကျာ်း .. ဇော်လုပ်တာနဲ့ ဥပုသ်နေ့ ဥပုသ်လည်း မရ အကုသိုလ်ဖြစ်သွားဘီ :D