အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, August 16, 2009

စစ်မှန်သော အရိပ်၌

နွေဦးက လေရူးနဲ့အတူ ဖြန်းခနဲ ကျွန်တော့်မျက်နှာကို လာရိုက်တယ်။ ကျွန်တော် ခပ်ဖြေးဖြေးပဲ ငေးနေလိုက်မိတယ် အဝေးက ကြွေလွင့်သွားတဲ့ သစ်ရွက်တွေကို။

အေးချမ်းလိုက်တာ

ရင်ထဲမှာ တိုးတိုးလေး ညည်းမိတော့ စိတ်က အလန့်တကြားပြန်ကြည့်နေလေရဲ့။ ခံစားမှုတွေ နက်ရှိုင်းနေတာမျိုး တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးဘူးလေ။ ငြိမ်းချမ်းရာ ဆိုတာကို တွေးကြည့်မိတော့ တစ်စစ ၀င်ရောက်လာတာက ဆည်းလည်းသံ တိုးတိုးလေးတွေ။
ဒီကို ရောက်နေခဲ့တာ ဒီနေ့နဲ့ပါဆိုရင် ၃ရက်ရှိနေပြီ။ စရောက်တဲ့နေ့ကတော့ ဘယ်လိုမှ နေသားမကျဘူး။ စိတ်ထဲမှာ အိမ်ပြန်ချင်လိုက်တာ အရမ်းပဲ။ ပြီးတော့ စိတ်က ခုဆိုရင် .. ဆိုတဲ့ အတွေးနဲ့မောလျ နွမ်းနယ်နေတယ် ထင်ပါရဲ့။ ကြည်နူးမှုဆိုတာ မြူတစ်မှုန်တောင် မရှိခဲ့ပါဘူးလေ။

ဇော် .. ငါတို့ သင်္ကြန်လည်မို့။ ငါတို့ ဦးလေးဂျစ်ကားနဲ့ လည်မှာ။ ငါ့အမတွေ အကိုတွေပါမယ်ဟ။ နင့်ကိုခေါ်ချင်တယ်။ လိုက်ခဲ့ပါလား။ စရိတ်ငြိမ်း။ သိလား။

ကျွန်တော် ၀မ်းသာသွားမိတယ်။ ကျွန်တော့်ဘ၀မှာ တစ်ခါမှ ရေမကစားဖူးတာမို့ ရေသိပ်ကစားချင်နေမိတယ်။ ဘာပဲပြောပြောလေ နန္ဒာဆိုတာ ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း။ သုံးတန်းထဲက ပေါင်းလာတာဆိုတော့ သူ့အိမ်မှာ ကျွန်တော်မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူ့အမေက ကျွန်တော့်ကို သမီးအရင်းတစ်ယောက်လို ချစ်သလို မေမေကလဲ သူ့ကို သမီးအရင်းတစ်ယောက်လို ချစ်နေတာ သိတာပေါ့။ သူနဲ့သာ သွားမယ်ဆိုရင် မေမေမငြင်းလောက်ပါဘူးလေလို့ ကိုယ့်ဟာကိုယ် အပိုင်တွက်ပြီး ကြိုပျော်ထားလိုက်မိသေးတယ်။ သင်္ကြန်ကျဖို့က ၃ရက်ပဲ လိုတော့တာ။ ရင်တောင်ခုန်မိပါရဲ့။

မလိုက်ရဘူးသမီး။ မေမေ ခွင့်မပြုနိုင်ဘူး။ အကြောင်းပြချက်မရှိဘဲ မေမေ ခွင့်မပြုတာ။ ဘာလို့လဲလို့ မေမေ့ကို ထပ်မမေးနဲ့။ မေမေက မလိုက်ရဘူးဆိုရင် မလိုက်ရဘူးဘဲ။ နောက်ထပ် အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ထပ်မကြားချင်တော့ဘူး။ သွားတော့။

မေမေ့ရဲ့ တစ်ချက်လွှတ်ငြင်းဆိုမှုအောက်မှာ ကျွန်တော် မေမေ့ကို နှုတ်ခမ်းကိုက်ပြီး ကြည့်လိုက်မိတယ်။ မေမေဟာ ကျွန်တော့်ကို ဘယ်တုန်းကမှ သင်္ကြန်ဆော့ဖို့ အားမပေးခဲ့ဘူး။ ပြီးတော့ ခွင့်လဲ မပြုခဲ့ဘူး။ ကျွန်တော် မေမေ့ကို မကျေနပ်ဘူး။ ကျနော်လဲ လူငယ်ပဲ။ ရေဆော့ချင်တာပေါ့။ ဒါပေမယ့် မေမေက ကျွန်တော့်ကို သင်္ကြန်မှာ မူးရူးပျော်ပါးကြတာမျိုးကို အားကျမှာ သိပ်စိုးရိမ်နေပုံရတယ်။ သင်္ကြန်မှ မဟုတ်ပါဘူးလေ။ အော်ဟစ်ပြီး ပျော်ပါးကခုန်ရတဲ့ ပွဲမျိုးဆို မေမေ ဘယ်တော့မှ ကျွန်တော့်ကို ခွင့်မပြုခဲ့ပါဘူး။
ကျွန်တော် စိတ်ဓါတ်အရမ်းကျသွားတယ်။ လူတစ်ယောက် သိပ်လုပ်ချင်နေတာကို မလုပ်ရတဲ့အခါမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တုန့်ပြန်မှုတစ်ခုပါပဲ။ ကျွန်တော် စိတ်ဓါတ်ကျပြီး ပြန်အရွဲ့တိုက်ချင်လာတယ်။ ထွက်ပေါက်ကို ရှာဖွေလာမိတယ်။

ညလေးဇော် .. မ အကောင့် တို့ ဒီနှစ်သကြန်မှာ ရိပ်သာဝင်မို့။ သထုံမှာလေ။ လိုက်မလား။ လူနှစ်ယောက်လိုနေတယ်။ မိန်းကလေးတွေချည်းပဲ။

ကျွန်တော် ၀မ်းသာသွားမိတယ်။ မေမေ့ကို အရွဲ့တိုက်ဖို့ လမ်းစရပြီလေ။ မအကောင့်ဆိုတာ ( သူ့နာမည်ရှိပေမယ့် ကျွန်တော်က သူ့ရဲ့ accountance အလုပ်ကို အစွဲပြုပြီး သူ့ကို မ account လို့ နာမည်ပြောင်ခေါ်ရာက သူ့နာမည် မအကောင့် ဖြစ်သွားတော့တာ ) ကျွန်တော်နဲ့ သိပ်ခင်တဲ့ကျွန်တော့်ထက် ၁၀နှစ်လောက် ကြီးတဲ့အမကြီးတစ်ယောက်ပါ။ သိပ်အေးချမ်းတယ်။ သိပ်ပြီးချောတယ်။ စိတ်က ( တရားထိုင်တာများပြီး ) ဖြူစင်လို့လားမသိဘူး။ သူ့မျက်နှာလေးက သိပ်ပြီးကြည်မွေ့ချောမောနေသလို ကျွန်တော် အမြဲခံစားရတယ်။ ( သူ့ချစ်သူကတော့ ကံကောင်းတာ။ အဲ့တုန်းက သူ့ချစ်သူက မလေးရှားမှာ အလုပ်လုပ်နေတယ်လေ။ ) သူနဲ့ကျွန်တော်နဲ့ စသိတော့ ရှိုင်းဟုပ်ကုပ္မဏီမှာ သိတာ။ သူက ရောင်းသူ။ ကျွန်တော်က ၀ယ်သူ။ ကျွန်တော်က ကျန်းမာရေးမကောင်းတော့ လင်ဇီးနဲ့ ပိုလန်ကို အမြဲစားရတယ်။ ၅နှစ်တိတိ စည်းစိမ် ပြုတ်မတတ် စားရတာ။
ကျွန်တော့်ကို သူတစ်ယောက်ပဲ ညလေးဇော်လို့ ခေါ်ဖူးတယ်။ သူက အဲ့လို ပြောလာတော့ ကျွန်တော်လဲ ၀မ်းသာအားရ လက်ခံလိုက်တယ်။

ဒီတစ်ခါတော့ မေမေ့ကို ခွင့်မတောင်းဘူး။ ခွင့်တောင်းစရာလဲမလိုဘူး။ ကျွန်တော်လုပ်ချင်ရာကို ကျွန်တော်လုပ်မယ်။ ကျွန်တော့်မှာ ဖေဖေရှိတယ်။ ကျွန်တော် ခပ်တင်းတင်းပဲ တွေးပလိုက်တယ်။ အဲ့လို စိတ်မျိုးနဲ့ ကျွန်တော် ခေါင်းမာခဲ့တယ်။ ကျွန်တော်က ခေါင်းသိပ်မာတယ်။ ပြောစကားနားထောင်မလိုလိုနဲ့ နားထောင်ချင်မှထောင်တယ်။ ကျွန်တော်မှန်တယ်လို့ စိတ်ထဲမှာ ထင်လိုက်တဲ့အရာဆိုရင် ကျွန်တော် ဘယ်သူမှ သိပ်ဂရုမစိုက်တတ်ဘူး။ ပြန်ပြောမှာလဲ မဟုတ်ဘူး။ ဒါပေမယ့် နားထောင်မယ်လို့လဲ မမျှော်လင့်လိုက်နဲ့။ အဲ့လိုမျိုးစိတ်ဓါတ် ကျွန်တော့်မှာ ရှိနေတာ သိပ်တော့မကောင်းဘူးဆိုတာ သိပေမယ့် ကျွန်တော် ခုထိ မပြင်နိုင်သေးဘူး။ အတတ်နိုင်ဆုံး ထိန်းနေတဲ့ကြားထဲက တစ်ချက်တစ်ချက် ပြန်ပြန်ပေါ်လာနေသေးတယ်။

အဲ့ဒီညက ကျွန်တော် မေမေ့ကိုခွင့်မတောင်းဘူး။ ဖေဖေ့ကို ကျွန်တော်သွားမယ်ဆိုတဲ့ အကြောင်းပဲ အသိပေးတယ်။ ဖေဖေက ကျွန်တော် ဘာလုပ်လုပ် စဉ်းစားပြီး သင့်တော်တယ်ဆိုရင် ခွင့်ပြုနေကျပဲ။ နောက်ပြီး ဒီကိစ္စမှာ ကျွန်တော် သိပ်စိတ်ပါနေမှန်းသိတော့ ဖေဖေက ကျွန်တော့်ကို ပိုက်ဆံထုတ်ပေးတယ်။ ဂရုစိုက်ဖို့မှာတယ်။ ဒီလောက်ပဲ။ နောက် သူကိုယ်တိုင် ကားနဲ့ ကားဂိတ်ကို လိုက်ပို့တယ်။ ကျွန်တော်တစ်ခု အံ့သြတာက မေမေက ကျွန်တော့်ကို လုံးဝ မတားတာဘဲ။ ကျွန်တော် သင်္ကြန်လည်မယ်ဆိုတော့ ရန်ကုန်မြို့တွင်းဖြစ်တာတောင်၊ ညနေ အိမ်ပြန်လာမှာကိုတောင် ခါးခါးသီးသီးနဲ့ မလည်နဲ့လို့ တားခဲ့တဲ့မေမေက ခု ကျွန်တော် သူများသူစိမ်းတွေနဲ့ သထုံလို ရန်ကုန်မြို့နဲ့ ဝေးတဲ့နေရာကို တစ်ယောက်တည်းသွားမယ်ဆိုတော့ ဘာမှကို မပြောဘဲ ပြုံးကြည့်နေတယ်။ ကျွန်တော် မေမေ့ကို နားမလည်ခဲ့ပါဘူး။ ကျွန်တော် ၇တန်းနွေရာသီကျောင်းပိတ်ရက်ဆိုတော့ ၁၉၉၉ ခုနှစ်တုန်းကပါ။

တကယ်တမ်း သထုံကိုရောက်တော့ သထုံမြို့ပေါ်မှာမဟုတ်ဘဲ မြို့နဲ့ ဝေးတဲ့ ကေလာသတောင်နဲ့ နေမိန္ဒရတောင်ခြေက တောရကျောင်းလေးတဲ့။ အဲ့အနီးတစ်ဝိုက်မှာ ရွာနဲ့ လူနေအိမ်မရှိဘူး။ မြို့ကို သွားချင်ရင် ဂျစ်ကားနဲ့ သွားရတယ်။ ကေလာသတောင်နဲ့ တောင်ရိုးဆက်နေလို့သာ တောင်နှစ်တောင်ရဲ့ နာမည်ကို ထည့်ပြောရတာ။ အမှန်က နေမိန္ဒရတောင်ခြေမှာ ရှိတာပါ။ ဘုန်းဘုန်းက နေမိန္ဒရတောင်ပေါ်မှာ နေတယ်။ သူတောင်အောက်ကို တရားဟောဖို့ ကြွလာရင် နံနက် အစောကြီး ၅နာရီထဲက ထလာရတာတဲ့။ တောင်အောက်ကျောင်းကို ရောက်တော့ နံနက် ၉နာရီ။ အဲ့ဒါကို သူတစ်ပါးထဲ ဓါတ်မီးမပါ ဘာမပါ ကြွတာနော်။ နေမိန္ဒရတောင် ဆိုတာ ချောမွေ့တဲ့လမ်းတော့မဟုတ်ပါဘူး။ တောင်တစ်ခုလုံး သစ်ပင် ၀ါးပင်တွေနဲ့ ဖုံးအုပ်နေပြီး လူသွားလမ်းကျဉ်းကျဉ်းလေးကိုမှ တစ်ခါတလေ ကျောက်တုံးကြီးတွေနဲ့ ပြည့်နေတတ်သေးတယ်။ ကျွန်တော်တို့ နံနက်ခင်း အလင်းရောင် စူးစူးအောက်မှာ သွားရင်တောင် မြွေပါးကင်းပါးကြည့်ပြီး ခလုတ်မတိုက်အောင် မနဲကြည့်သွားနေရတဲ့လမ်းတွေကို ဘုန်းဘုန်းက နံနက်၅နာရီနဲ့ ည၉နာရီ ကို သွားလာနေတာဟာ အံ့သြစရာပဲ ထင်ပါရဲ့။

လေတစ်ချက်အဝေ့မှာ အဝေးက ထန်းပင်တွေ လှုပ်ခတ်သွားတာ မြင်လိုက်ရတော့ ဒီအချိန် ရန်ကုန်မှာ နန္ဒာတို့ ကားနဲ့ လည်နေကြလောက်ပြီဆိုတဲ့အသိက ရင်ကို ခပ်ပြင်းပြင်း ၀င်ဆောင့်လာသလိုပါပဲလား။ ရုတ်တရက် ၀မ်းနည်းမှုက ကြီးစိုးလာနေတယ်။ ကျွန်တော်ဘာလို့ မလွတ်လပ်ရတာလဲ။
ရုတ်တရက်တောင်ပေါ်ကို လှမ်းမျှော်ကြည့်လိုက်တော့ ဥဒေါင်းတွန်သံကို ကြားလိုက်ရတယ်။

သာယာလိုက်တာ ...

မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတော့ အတွေးကလဲ ၀င်လာတယ်။ ကျွန်တော်သာရန်ကုန်မှာဆိုရင် ဒီလိုမျိုး စိတ်ချမ်းသာနိုင်ပါ့မလား။ စိတ်အေးချမ်းတဲ့ ပျော်ရွှင်မှုမျိုး ကျွန်တော် ရနိုင်ပါ့မလား။ လူတွေက ရေတွေနဲ့ ၀ိုင်းပက်ကြလို့ တစ်နေကုန် စိုနေပြီး ချမ်းကလဲ ချမ်းဦးမယ်။ ပြီးတော့ ရေပက်အားကိုလဲ ခံရဦးမယ်။ နားလဲညည်းဦးမယ်။ လူငယ်ပီပီ ပျော်တော့ပျော်မှာပါ။ ဒါပေမယ့် ဒီလိုမျိုး စိတ်ရော လူရော အရာခပ်သိမ်း အေးချမ်းတာမျိုး ရှိနိုင်ပါရဲ့လား။ ကျွန်တော့်ရင်ထဲမှာ အတွေးပေါင်းစုံတို့ ခိုတွဲလာတယ်။ လွတ်လပ်မှုအစစ်အမှန်က ဘာပါလိမ့်။

နံနက်ခင်းကနေ နေ့လည်ခင်းကို ကူးပြောင်းတော့မှာမို့ နေလုံးနီနီက ခပ်ဝေးဝေးကနေ တောင်ခါးပန်းတွေဆီကို တစ်ဖြေးဖြေးချည်းကပ်နေတယ်။ တောင်ထိပ်ဆီကို စိတ်က လှမ်းကြည့်လိုက်မိတော့ တိမ်တစ်ဆုပ်ကို အရှိန်နဲ့ ၀င်တိုက်လိုက်သလို ဖြစ်သွားလို့ ကမန်းကတန်း တောင်းပန်လိုက်ရသေးတယ်။ ကျွန်တော်လဲ အဲ့လို လွင့်မျောလိုက်ရရင် ကောင်းမှာ။ စိတ်က အဲ့ဒီတိမ်တစ်ဆုပ်ကို စီးပြီး တောင်နှစ်တောင်ကို ပတ်လိုက်မိတယ်။

သြော် ... ကေလာသနဲ့ နေမိန္ဒရရဲ့ ရာဇ၀င် ... ရာဇ၀င်တွေနဲ့ ဖွဲ့တည်၊ မျက်ရည်တွေ သွန်းဖြိုး သွေးတို့ စီးဆင်းခဲ့ဖူးရာ ...
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဟောဒီ ကျွန်တော်ရပ်နေတဲ့ တောင်ခြေ စေတီလေးဆီထက်ကနေ အနော်ရထာတို့ လူစု တောင်ပေါ်ကို အလုအယက်တက်ဖို့ ကြိုးစားနေခဲ့ဖူးတာပဲ။ ဟိုးအဝေးဆီက တောင်ခါးပန်းမှာ တည်ထားတဲ့ ဘုရားနဲ့ ကျောင်းမှာ မနူဟာ ငိုနေခဲ့တယ်လေ။ မျက်ရည်တို့ တစ်သွင်သွင်စီးဆင်းရင်း ကျမ်စာထုပ်ကို ရင်မှာပိုက်လို့ ကျမ်းစာထားရာ အခန်းမှာ ငိုကျွေးနေခဲ့တာ သိပ်ချစ်ရတဲ့ မိဖုရားကြီးတောင် မနှစ်သိမ့်နိုင်တော့တဲ့အထိ။ ကေလာသနဲ့ နေမိန္ဒရကြားက တောင်ခါးပန်းငယ်မှာ မနူဟာရဲ့ မျက်ရည်တို့ သွန်းလောင်းခဲ့ဖူးတယ်။ မနူဟာရဲ့ သစ္စာဆိုသံတွေ ပဲ့တင်ထပ်ဖူးတယ်။ အနော်ရထာရဲ့ ဓါး နေရောင်မှာ ၀င့်ခနဲ လက်သွားခဲ့ဖူးတယ်။ အဲ့ဒီလိုပဲ လူပေါင်းများစွာလဲ ကမ္ဘာပေါ်က ပျောက်ကွယ် .. သူတို့သွေးနဲ့ အပင်တို့ ရေသောက်မြစ်တွေ ဖွဲ့တည်ခဲ့ဖူးတယ်။

သြော် ... မနူဟာရယ် .. မင်းရင်ခွင်ကို ငါ လှမ်းငေးကြည့်နေပါတယ် ...
မင်းရဲ့ ငိုကြွေးသံနဲ့ တပ်မဟာမှူး ကိုယ်ရံတော်ရဲ့ အနော်ရထာတို့ ကျမ်းစာခန်းထိ ၀င်လာနေပြီလို့ လျှောက်တင်သံအဆုံး မင်းရှိုက်လိုက်တဲ့ ရှိုက်သံဟာ ငါ့ရင်ကို ရိုက်ခတ်နေတယ် မနူဟာ။ တင်းကျပ်လွန်းတဲ့ စိတ်တစ်ခုနဲ့ မင်း အမြတ်တနိုးဖက်တွယ်ထားခဲ့တဲ့ ဒီကျမ်းကို မင်းတစ်ရှိုက်မက်မက် နမ်းလိုက်တယ်ဆိုတာ ငါ ခံစားမိလိုက်ပါတယ် ချစ်သော မနူဟာ။

စိတ်အစဉ်က မနူဟာကို လှမ်းသတိရလိုက်မိတယ်။ ဒီမြေဒီရေမှာပဲလေ။ မနူဟာ နန်းတည်ခဲ့တာ။ မနူဟာက ကေလာသကို ဘယ်လောက်ချစ်သလဲဆိုရင် သထုံမှာတောင် နန်းမတည်ပဲ ကေလာသတောင်မှာ နန်းတည်ခဲ့တယ်။ ခုလို နံနက်ချိန်ခါတွေမှာ သူ နန်းရင်ပြင်တံခါးဝကနေ သထုံကို ဘယ်နှစ်ခါလောက်များ လှမ်းကြည့်နေခဲ့မှာပါလိမ့်။ သူ့မျက်ဝန်းမှာ သာသနာ ( အဆုံးအမ ) နဲ့အတူ ရပ်တည်နေတဲ့ မွန်တို့ ဌာနေကို ဘယ်လောက်များ ဂုဏ်ယူနေမှာပါလိမ့်။ မနူဟာရဲ့ နူးညံ့တဲ့စိတ်တစ်ချို့ ရင်ထဲ တစ်စိမ့်စိမ့်စီးဝင်လာသလို။

တောင်နဲ့ ပင်လယ် ဘယ်ဟာကို ပိုကြိုက်သလဲ လို့ ကျွန်တော် သိပ်ချစ်ရတဲ့ နန္ဒာ့ကို မေးခဲ့ဖူးပါတယ်။ သူက ပင်လယ်ကမ်းခြေကိုပဲ ကြိုက်တာတဲ့။ ရေလဲ ဆော့ရသလို ကမ်းခြေမှာ အပမ်းဖြေရတာ သိပ်နှစ်သက်ဖို့ ကောင်းတယ်ဇော်ရဲ့တဲ့။ နောက် ကျွန်တော် သိပ်ချစ်တဲ့ဆရာမကို အလားတူမေးခွန်း မေးကြည့်ခဲ့ဖူးပါတယ်။ ဆရာမကလဲ ကမ်းခြေပါပဲတဲ့။ ကျွန်တော် နဲနဲတော့ အံ့သြမိတယ်။ ဒီလောက်မာယာများတဲ့ ပင်လယ်ကို လူတွေ ဘာ့ကြောင့်ချစ်ကြသလဲဆိုတာကို။ သူက သိပ်လှပါတယ်။ လူရဲ့စိတ်ကို နွေးထွေးစေတယ်။ ဒါပေမယ့် လှသလောက် သိပ်မာယာများတယ်။ ဒါပေမယ့် လူတွေက နှစ်သက်ကြတယ်။ ဒါလူ့သဘာဝများလား။

ကျွန်တော်ကတော့ တောင်ကိုပဲ နှစ်သက်မိတယ်။ ကျွန်တော့်ကို ခရီးတစ်ခုထွက်ဖို့ လာခေါ်တိုင်းတောင်ဆိုရင် လိုက်တတ်ပြီး ကမ်းခြေဆိုရင်တော့ အခုထိ ကျွန်တော် ငြင်းဆန်နေဆဲပါပဲ။ ( ဒီမှာတောင် ကျွန်တော် ကမ်းခြေတစ်ခါမှ မသွားဖူးဘူး။ ၁နှစ်ရှိပြီ။ )
တောင်ပေါ်ကနေ တောင်အောက်ကို လှမ်းကြည့်လိုက်လို့ မြင်လိုက်ရတဲ့ မြင်ကွင်းတွေ.. ဟိုးခပ်ဝေးဝေးမှာ စီးဆင်းနေတဲ့ မြန်မာ့မြေရဲ့ သွေးကြောဖြစ်တဲ့ မြစ်ငယ်တွေ ... အရာရာဟာ ကဗျာဆန်လွန်းလှတယ်။ ကျွန်တော့်သက်တမ်းတစ်လျှောက် တောင်ပဲ တက်ခဲ့ဖူးတယ်။ ပင်လယ်ကို မသွားဖူးခဲ့ဘူး။ ကျိုက်ထီးရိုးတောင်၊ သာမညတောင်၊ ချင်းတောင်၊ ခါကာဘိုရာဇီ၊ ကေလာသ၊ နေမိန္ဒရ၊ မိတ္ထီလာတောင်၊ ပုဂံက တောင်လေးတောင်၊ ပုပါး၊ မန္တလေး အစုံပါပဲ။

အတွေးနယ်ချဲ့နေတာ ဘယ်လောက်တောင် ကြာသွားလဲ မသိ။ ကျွန်တော့်ခြေထောက်တွေ ရပ်တာ ကြာလွန်းသွားလို့ တင်းကျပ်လာတော့မှ သတိထားလိုက်မိတယ်။ နေလုံးတောင် တောင်ထိပ်ရောက်ဖို့ အားယူနေပြီကိုး။ ကျွန်တော့်ဘေး ခရေပင်ပေါ်က ဥသြငှက်တစ်ကောင်က ပီပီသသကြီး ကျွန်တော့်ကို နှုတ်ဆက်လာတယ်။ တစ်ခါမှ မကြားဖူးခဲ့တဲ့ကျွန်တော် ... နဲနဲတော့ လန့်သွားမိတယ်။ ပြီးမှ ကျွန်တော်လဲ သူ့ကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
မင်္ဂလာရှိတဲ့ နံနက်ခင်းလေးပါဗျာ ... ။


ကျွန်တော့်အာရုံထဲမှာတော့ အေးချမ်းလွန်းတဲ့ ခံစားမှုတွေကြောင့် လတ်ဆတ်နေသလိုပါပဲ။ ငြိမ်းချမ်းချင်းဆိုတာနဲ့ လွတ်လပ်မှုဆိုတာကို တပြိုင်နက် ခံစားလိုက်ရတဲ့ခန အရာအားလုံးကို တွယ်တာမဲ့ဖြစ်လာတာ မဆန်းဘူးထင်ပါရဲ့။ ဟိုးမိုးကုတ်စက်ဝိုင်းဆီ ကျွန်တော် အတားအဆီးမရှိ ပျံသန်းသွားချင်ပါတယ်။ အနှောင်အဖွဲ့တွေ ကင်းရာဆီပေါ့။

ကျွန်တော်စိတ်ကူးတွေနဲ့ လွင့်မျောနေတုန်း နောက်ဘက်ဆီက ခပ်ဖြေးဖြေးလှမ်းလာနေတဲ့ ခြေသံနဲ့အတူ ကျွန်တော့်အနားကို ကပ်လာတဲ့အရိပ်တစ်ခုကြောင့် တောင်တွေကို ငေးနေရာကနေ လှည့်ကြည့်လိုက်မိတော့ တိုးတိတ်ပြီး ပီသအေးဆေးတဲ့အသံနဲ့အတူ ဝေယျာဝစ္စတွေ ကူလုပ်ပေးနေတဲ့ အမကြီးရဲ့

ယောဂီလေး ... ဆွမ်းစားချိန်ရောက်ပြီမို့ ဆွမ်းစားကြွပါဘုရား ... တဲ့။

( ဒီစာမူလေးကို ကျွန်တော်ချစ်သော ကျွန်တော်၏အကို ကိုချမ်း ( ချမ်းလင်းနေ )ရဲ့
သြဂုတ်လ ၁၆ရက် မှာကျရောက်တဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ပေးပါတယ်ခင်ဗျာ။ ကိုချမ်းမှာ ကျွန်တော်နဲ့ တူနေတာတစ်ခုက တရားထိုင်တာကိုပါပဲ။ အေးချမ်းမှုကို ကြိုက်နှစ်သက်တဲ့ စိတ်ဓါတ်တူ အကိုတစ်ယောက်မို့ ကျွန်တော် လေးစားချစ်ခင်မိပါတယ်။ ဒီ့အတွက် ကျွန်တော့်ရဲ့ ဘ၀မှာ ပထမဆုံး တရားစခန်း စ၀င်ဖြစ်တဲ့ ၁၉၉၉ ခုနှစ် ဧပရယ်လ သင်္ကြန် ဘုန်းဘုန်း ဦးဆန္ဒာဓိကရဲ့၁၀ရက် တရားစခန်း ရွှေပါရမီတောရ ( နေမိန္ဒရတောင်ခြေ ) မှာ တွေ့ကြုံခဲ့ရတဲ့ စိတ်ခံစားချက်တစ်ခုကို တတ်သလောက် ရေးဖွဲ့ပြီး လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ကိုချမ်း မွေးနေ့မှသည် ဘ၀တစ်ခု ချုပ်ငြိမ်းသည်အထိ ချစ်သော ဇနီးသည် ( ကိုဝင်းကြည် ) ၊ မိသားစုနဲ့အတူ စိတ်အေးချမ်းကြည်လင်စွာ ရှိနိုင်ပါစေလို့ ဆန္ဒပြုရင်း ...။ )

19 comments:

မိုးစက်အိမ် said...

ရေးးးးးး အကိုတစ်ကွ ဟဲဟဲ
ကုသိုလ် လုပ်တာကောင်းတဲ. အလုပ်မို.
သာဓုပါညီမရေ ... ခုရော အရွှဲ.တိုက်
တတ်သေးလား မေကြီးကို :D

ကိုလူထွေး said...

ဘယ်နေ့များ ကျနော်တော့ လူလောကကို ညည်းငွေ့လို့ သာသနဘောင်ကိုပဲ အပြီးဝင်တော့မယ်လို့ ကြားရမလဲ မသိဘူး...

းဝ)

စည်သူ said...

တိန်.. တိန်.. တိန်...

အင်.. မှတ်ပလား.. ဒီလောက်မာတဲ့ခေါင်း..းP

အမ်.......
ဟူတ်တယ်ဟ.. ဘာမှမဖြစ်ဘူး...းD

လွမ်းတယ်ညီမရေ..
ကေလာသနဲ့ နေမိန္ဒရ

အကိုတို့က မွန်ဆိုတော့.. အဖိုး အဖွားတွေပြောတာ ကြားဖူးကြတယ်.. အကိုတို့ရဲ့ .. ဘိုး .. ဆိုရင် အဲနေရာကို ခနခန ရောက်တယ်...

အဲဒါကြောင့် နားရင်နေလို့ပါ..

ညီမပြောလိုက်မှ
ကွယ်လွန်သွားပြီဖြစ်တဲ့
အဖိုးနဲ့အဖွားကို အရမ်းသတိရသွားတယ် ညီမရေ..

ပျော်ရွှင်ပါစေညီမရေ
စည်သူ။

လင်းကြယ်ဖြူ said...

သာဓု..သာဓု..သာဓု
အေးချမ်းခြင်းရဲ့ နေရာ
သာယာခြင်းရဲ့ အရပ်
တည်ငြိမ်ခြင်းရဲ့ ဒေသ
ကြည်နူးမှုတို့ရဲ့ နယ်နမိတ် ကလေးထဲမှာ ..
အမှန်တကယ် ပီတိဖြစ်စရာပါပဲ နော်....

ပျော်ပါစေ

ကိုချမ်းကိုလည်း မွေးနေ့ နှုတ်ခွန်းဆက်ပါတယ်...

မေဇင် said...

ဟုတ်ပါတယ် ဇော်... တကယ် စစ်မှန်တဲ့ အေးငြိမ်းရာ အမှန်ကို တရားထိုင်ကြည့်ပြီး အမှန်ကို မြင်တတ်သွားရင် တွေ့ပါလိမ့်မယ့်... နောင့် ကတော့ ခုထိ မတွေ့သေးဘူးကွယ်...း)

yangonthar said...

ညီဇော်က အလိမ္မာလေးပါ .... :D

ဧရာဝတီသား said...

နေမိန္ဒရ ရဲ့ရာဇာဝင်တွေကို ကိုလေးလည်း ဖတ်ဖူး၊ကြားဖူးလို့ စိတ်ဝင်တစား နဲ့ လေးလေးနက်နက် ဖတ်သွားတယ်။ အင်မတန် နတ်ကြီးတဲ့ နေရလို့ သိရတယ်။ ရောက်တော့ မရောက်ဖူးဘူး၊ အခု ညီရေးထားတာ ဖတ်လိုက်မှ တကယ်သွားချင်စိတ် ဖြစ်မိတယ်။ တနေ့နေ့ တော့ ရောက်အောင်သွားဦးမယ်လေ။
အဲ ... ဒါနဲ့ သွားခဲ့ဖူးတဲ့ တောင်ထဲမှာ ခါကာဘိုရာဇီ ဆိုတာ တကယ်သွားဖူးတာလား ? :)
ကိုလေးလည်း ဧရာဝတီသား သာဆိုတယ် အကြောင်းမတိုက် ဆိုင်လို့ ကမ်းခြေကို တစ်ခေါက်မှ မရောက်ဖူးသေးဘူး။ ( မသွားချင်လို့ တော့မဟုတ်)၊ တောင်တွေကတော့ တက်ရပါရဲ့၊ ကျောင်းပြီးကတည်းကပဲ။ ရှမ်းပြည်နယ် နဲ့ ကရင်ပြည်နယ် မှာ နေခဲ့ရတော့ ဧရာဝတီသား ကျွန်တော် တောင်တွေနဲ့ အကြောင်းဆုံလှတယ် လို့သာ ညီးလိုက်ချင်တော့တယ် ညီရေ။
စာဖတ်လို့လည်း ကောင်းပါရဲ့။
စာထဲကအတိုင်း ချမ်းမြသာယာ ရှိပါစေဗျာ
ခင်တဲ့

ဝက်ဝံလေး said...

ဟိုလေ ဇော်ရေ နံပါတ်လာယူတာ သိလား လာပြန်ဖတ်မယ်နော် သိလား ဂတိ ဂတိ မိန်းမ ဂတိ ငှက်ဂတိ မတည်ရင် ဟိဟိ

ဝက်ဝံလေး said...

လာပြန်ဖတ်တယ် ဇော်ရေ သထုံကိုရောက်ဖူးတယ် ငယ်ငယ်တုံးကဆိုတော့ မမှတ်မိတော့ဘူး ဘာပဲ ဖြစ်ဖြစ်ရိပ်သာဝင်တယ်ဆိုတော့ သာဓု သာဓု သာဓု သုံးကြိမ်ခေါ်သွားတယ်နော်

ဘိုင် တာ့တာ

Angel Shaper said...

အလိမ္မာလေး ငဇော်ရေ...
နောက်လ အိမ်ပြန်ရင် မေကြီးကို အရွဲ့ တိုက်ဦးမှာလား။
ဟိဟိ။။။
ဘကြီးချမ်းကိုလဲ ဒီနေရာက မွေးနေ့ နှုတ်ခွန်းဆက်ပါတယ်။

ငှက်ငယ်လေး said...

တူမားတွေများလိမ္မာ စ

jr.lwinoo said...

ဇော်ရေ..
တူပြန်ဘီ..ဒေါ်လေးလည်း တက္ကသိုလ်ပြီးတဲ့အထိ တစ်ခါမှ သင်္ကြန်မလည်ဖူးဘူး။
သူငယ်ချင်းတွေလာခေါ်ကြတာ သူတို့တွေ အမေ့ကို ပူဆာရင်း အိမ်မှာ အိပ်ပျော်သာသွားကြတယ်။ မထည့်ဖူးဆရာ။ အဲတုန်းကတော့ ငိုရ၊ အမေ့ကို စိတ်ဆိုးရနဲ့။ ပစ်မှားမိခဲ့မိတယ်။
ဒေါ်လေးက ဇော့်ထက်ဆိုးတယ်ဆိုရမယ်။ :)

မယ့်ကိုး said...

စာလေးကောင်းလိုက်တာ ညီမလေးရေ... ဒီလိုအသိပါတဲ့စာလေးတွေကို ကြိုက်လိုက်တာ။
အစ်မလည်း သင်္ကြန်ဆို ဘယ်မှ မသွားဘဲ တရားစခန်းဝင်တတ်တယ်။ လူသိပ်မရှုပ်ရင်ပေါ့။

Anonymous said...

တရားသံတွေ၊ အလိုမကျမှုတွေ၊ ဇွတ်လုပ်တတ်တာတွေ၊ သမိုင်းစာတွေ ထုံမွှန်းသောစာတပုဒ်ပါပဲဗျာ..။ ဖတ်ရတာ အရသာစုံပါပေတယ်...။

သီဟသစ် said...

ညီမဇော်ရေ

ကြည်နူးစရာစာလေးကို ဖတ်သွားရင်း အတွေးလေးတွေကို သဘောကျသွားတယ်ကွာ

ငါလည်း ကမ်းခြေကို ပိုသဘောကျတယ် ခုကျပြန်တော့လည်း ရှမ်းတောင်တန်းကြီးတွေကို လွမ်းမိသလိုလိုပါပဲလေ

မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
သီဟသစ်

Beauty Studio USA Branded Store said...

ဝမ်းသားအဲလဲ ကျေးဇူးတင်မိပါတယ် ဇော်ရေ။အခန်းက နတ်ကဆိုင်သွားပြင်ရလို့ နှစ်ရက် ငုတ်တုတ်နဲ့ အခုညနေမှရလာတာ မနက်တရေးနိုးထရင်း ဇော်စာကိုဖတ်ရတော့ အရမ်းသဘောကျသွားတယ်။ ကျေနပ်မှုအပြည့်နဲ့ ဇော်လက်ဆောင်ကို စိတ်သဏ္ဍာန်ကြည်နူးမှု အပြည့်လေးနဲ့ သိမ်းထားပါမယ်။ကျေးဇူးကမ္ဘာဆိုင်ပါဇော်။သာဓု၊သာဓု၊သာဓု ကုသိုလ်ရေးသာများများ ဆက်သာလုပ်ပါ။လူသားတွေကို အချိန်ရတိုင်း၊ သတိရတိုင်း မေတ္တာပို့ပေးပါဇော်။မှန်ကဲ့သို့သော ရောင်ပြန်တွေ ဟပ်ပါလိမ့်မယ်။အကယ်၍ တရားထိုင်ချင်စိတ် မရှိသေးတဲ့အချိန်တွေဆိုရင်ပေါ့။ ကမ္ဘာကြီးပေါ် လူသားတွေ ငြိမ်းအေးစွာရပ်တည်နိုင်အောင် တရားနှင့် မေတ္တာသည်သာ အကောင်ဆုံးထာဝရ အဖော်ပါ။သူတို့မှာ မနာလိုရှင်း၊ဝန်တိုကင်းကြပါတယ်။ဇော်ဘဝမှာ အစစအရာရာ မနာလိုရှင်း၊ဝန်တိုကင်းပါစေကွယ်။

Unknown said...

ဟယ်...တောင်ကြိုက်တာခြင်းတူနေတယ် ကျေှးဇူးပဲ ညီမရေ အခုမှ ကိုချမ်းပြောလို့ ဖတ်လိုက်တာ ပေးတဲ့ဆုနဲ့ပြည့်ပါစေကွယ်။
ခင်မင်လျှက်
ပွင့်ဖြူ

မိုးခါး said...

စာဖတ်ရင်း ခေါ်ရာနောက် လိုက်သွားမိတယ် .. အေးချမ်းတယ် .. ဘယ်အရာနဲ့ နှိုင်းမရနိုင်ဘူး ..

sanayminthar said...

ဇော်ရေ
နေမိန္ဒတောင်မှာအရမ်းစည်ကားနေပါပြီး၊လာလည်ပါအုံးကွယ်။