အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, August 23, 2009

ကောင်းကင် ကြွေချိန်

ကျွန်တော် ပထမဆုံး ကျောင်းသွားအပ်တဲ့နေ့။ အဲ့ဒီနေ့က မိုးမရွာဘူး။ ကောင်းကင်တစ်ခုလုံးက ကြည်ကြည်လင်လင်ပါပဲ။ အနောက်တောင်က တိုက်ခတ်လာတဲ့လေတစ်ချို့ကတော့ ပင့်သက်ကို ရှိုက်နေတယ်။ သစ်ပုပ်ပင်ကြီးအောက်မှာ ကျွန်တော် ခနတော့ သွားထိုင်လိုက်မိတယ်။ လမ်းပေါ်မှာ သွားလာနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို ကျွန်တော် အတိုင်းအဆမရှိ ငေးကြည့်ချင်မိတယ်။ လွတ်လပ်စွာ ပျံသန်းဖို့ ပြင်နေကြတဲ့ လိပ်ပြာတောင်ပံရိုက်သံကို နားထောင်ရင်း ဟိုးခပ်ဝေးဝေးကနေ လွင့်လာနေတဲ့ စံပယ်တစ်အုပ်ကတော့ လေနဲ့အတူ ယိမ်းကနေလေရဲ့။ ကျွန်တော့်ပတ်ဝန်းကျင်မှာ အလင်းတို့ စူးရှနေခဲ့ပြီ။

ကျွန်တော် လက်ကနာရီကို မြှောက်ကြည့်လိုက်တော့ နံနက်၁၀နာရီခွဲ။ သူငယ်ချင်းတွေနဲ့ ဦးချစ်မှာ ချိန်းထားတာကို သတိရလို့ စိတ်ကူးတွေ လွင့်မျောနေရာကနေ ထလိုက်ပြီး ဦးချစ်ရှိရာကို လှည့်ထွက်လိုက်မိတော့ ကျွန်တော့်ရှေ့ကနေ ကျောင်းသူသုံးယောက် ဖြတ်သွားကြတယ်။ ဘာရယ်မဟုတ် ကျွန်တော်လဲ သူတို့နောက်က လိုက်သွားမိသလို ဖြစ်သွားတယ်။ ဘာဆိုင်တာမှတ်လို့။ သူတို့လဲ သူတို့ခြေထောက်နဲ့ သွားတာ။ ကျွန်တော်လဲ ကျွန်တော့်ခြေထောက်နဲ့ ကျွန်တော်။ လမ်းမကြီးကတော့ ရပ်မလိုလိုနဲ့ ဆန့်ဆန့်ကြီး။

သွားနေရင်းက ရှေ့ကကောင်မလေးအုပ်စုရဲ့ အစွန်က ကောင်မလေးက ရုတ်တရက် ထိုင်ချလိုက်တယ်။ ကျွန်တော် လန့်သွားမိတယ်။ လမ်းမကြီးလဲ လန့်သွားပုံပဲ။ ကျွန်တော့်ကို ခပ်မော့မော့ မျက်လုံးလှန်ကြည့်တယ်။ ကျွန်တော်လဲ မသိဘူးလေ။ ကောင်မလေးက လမ်းမပေါ်ကျနေတဲ့ ( သူ့လက်ကိုင်ပ၀ါလေး ထင်ပါရဲ့ ) ကို ကောက်ပြီး ပြန်ထလိုက်တယ်။ ဆံနွယ်တို့က ၀ဲကနဲ။
လမ်းမကြီးက သက်ပြင်းချပြီး ကျွန်တော့်ကို မျက်စိတစ်ဖက် မှိတ်ပြတယ်။ ဘယ်လိုလဲဆိုတဲ့ သဘော။ ကျွန်တော်ကတော့ ပခုံးတစ်ချက်ပဲ တွန့်ပြလိုက်တယ်။ ဒီလိုနဲ့ သူတို့က သူတို့ ခြေထောက်နဲ့ သူတို့ဆက်သွားတယ်။ ကျွန်တော်လဲ ကျွန်တော့်ခြေထောက်နဲ့ ကျွန်တော် ဆက်လျှောက်လာခဲ့တယ်။ ဦးချစ်ကိုတောင် လှမ်းမြင်ရပေါ့။
ဦးချစ်ရောက်တော့ ကျွန်တော်သူငယ်ချင်းတွေ ရောက်နေကြပြီ။

လာကွာ သီဟ။ ငါတို့က မင်းနောက်ကျနေလို့ ဘာများဖြစ်နေလဲလို့။ အဆင်ပြေလားကွ။

ခုံတစ်လုံးကို ဆွဲပြီး ကျွန်တော်ဝင်ထိုင်လိုက်တယ်။ ကိုကိုအောင် အမေးကို ဘာမှပြန်မဖြေအား။ စားပွဲထိုးကို လှမ်းခေါ်ပြီး ကျွန်တော်သောက်နေကျ ကော်ဖီမစ်ပလိမ်း တစ်ခွက်ကို လှမ်းမှာလိုက်တယ်။ ပြီးမှ ကျွန်တော်သူ့ကို ကြည့်လိုက်တော့ သူက ကျွန်တော် လုပ်သမျှ လိုက်ကြည့်နေတာနဲ့ ကြုံတယ်။ ကျွန်တော် တစ်ချက် ပြုံးပြလိုက်တယ်။

မဟုတ်ပါဘူး ကိုအောင်ရာ။ ငါက သစ်ပုပ်ပင်အောက်မှာ ခနထိုင်နေတာပါ။
ကျောင်းအပ်တာက အကုန်အဆင်ပြေပါတယ်။ မင်းတို့ရော။ ဟိုကောင် စိုင်းလင်းထွန်း မလာသေးဘူးလား။

ကျွန်တော်တို့ သူငယ်ချင်းအုပ်စုက လေးယောက်။ အကုန်လုံးက ငယ်သူငယ်ချင်းချည်းမို့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်တော့ အတော်ခင်တွယ်မိကြတယ်။ ကျွန်တော့်ရှေ့ရောက်လာတဲ့ ကော်ဖီတစ်ခွက်ကို ကျွန်တော့်အကျင့်အတိုင်း ဖြေးဖြေးချင်း သောက်ရင်း ကိုကိုအောင်၊ ပိုင်စိုး တို့နဲ့ ရောက်တတ်ရာရာ ပြောရင်း စိုင်းလင်းထွန်းအလာကို စောင့်နေမိကြတယ်။

ကြက်သား မပါတဲ့ ထမင်းကြော်တစ်ပွဲ။

ကျွန်တော့်မျက်စောင်းထိုးက အသံလေးတစ်သံကြောင့် ကျွန်တော် ရုတ်တရက်လှမ်းကြည့်ဖြစ်လိုက်တော့ စားပွဲထိုးလေးကို လက်ညှိုးလေးတစ်ချောင်းထောင်ပြီး မှာနေတဲ့ လက်ကိုင်ပ၀ါ ကောက်တဲ့ကောင်မလေးကို ကျွန်တော်တွေ့လိုက်ရတယ်။ မှာပုံကလဲ ကြက်သားမပါတဲ့ ထမင်းကြော်တဲ့။ စားပွဲထိုးလေးက ဒါဆို ၀က်သားနဲ့လားလို့ ပြန်မေးတာကို သူမက မဟုတ်ဘူးတဲ့ ကြက်သားမပါတဲ့ ထမင်းကြော်တဲ့။ စားပွဲထိုးလေးက ဒါဆို အသဲအမြစ်နဲ့လား ကြက်ဥနဲ့လား ဆိတ်သားနဲ့လား အသီးအရွက်နဲ့လား စုံနေအောင် မေးတာကို သူမက ခေါင်းလေးတစ်ခါခါနဲ့ ကြက်သားမပါတဲ့ ထမင်းကြော်ပဲ မှာနေတယ်။ စားပွဲထိုးလေး အတော်ကို စိတ်ရှုပ်ပြီး ငိုချင်နေမှန်း သိသာတယ်။ ကျွန်တော် သဘောကျသွားမိတယ်။

နောက်တော့ သူတို့ ဘယ်လိုပြေလည်သွားမှန်းမသိပါဘူး။ စားပွဲထိုးလေးက သူမရှေ့မှာ ထမင်းကြော်တစ်ပန်းကန်လာချပေးလိုက်တာကို တွေ့လိုက်ရတယ်။ သူမကတော့ ခပ်တည်တည်ပါပဲ။ ချပေးတဲ့ ထမင်းကြော်ကို ဟန်ဆောင်ခြင်းကင်းစွာ စားနေတယ်။ ကျွန်တော် သူမကို မျက်စိမလွှဲမိဘဲ ငေးမိသွားတယ်။ ဒါကို ရိပ်မိလိုက်တဲ့ ပိုင်စိုးက

အဲ့ဒါ ငါတို့နဲ့ မေဂျာတူတဲ့ မေလငယ် လေ။

ကျွန်တော် ပိုင်စိုးကို ရုတ်တရက်လှည့်ကြည့်မိလိုက်တော့ ပိုင်စိုးက ကျွန်တော့်ကို ပြုံးစိစိနဲ့ ကြည့်နေတာ မြင်လိုက်ရတယ်။ ကျွန်တော် နဲနဲတော့ ရှက်သွားမိတယ်။ ကျွန်တော်ကတော့ သူမကို စံပယ်လို့ပဲ ရင်ထဲက တိုးတိတ်စွာ ခေါ်လိုက်မိတယ်။ သူမပုံစံက စံပယ်တစ်ပွင့် လေအပင့်မှာ လွင့်မျောလာသလို ပရမ်းပတာဆန်တယ်။ ဒါပေမယ့် လှပမှုနဲ့ ၀ဲလွင့်မှုက သိပ်ဟန်ချက်ညီတော့ သစ်ပင်တွေတောင် ခစားရမယ့် လေလွင့်စံပယ်လေးပေါ့။ ကျွန်တော် ပြုံးလိုက်မိတယ်။
ကော်ဖီတွေတောင် ချိုကုန်ပြီ စံပယ်။


ဒီလိုနဲ့ ကျွန်တော်တို့ အတန်းတွေ စတက်ကျတော့ စံပယ်က အခန်းရဲ့ ရှေ့၊ ၀င်ပေါက်ရဲ့ ထောင့်ဆုံးမှာ ထိုင်သလို ကျွန်တော်က အခန်းရဲ့ နောက် အတွင်းပိုင်း ထောင့်ဆုံးမှာ ထိုင်ခဲ့မိတယ်။
ဟိုးအနောက်ဆုံးကနေ ဟိုးအရှေ့ဆုံးကို လှမ်းကြည့်ရတာ မသက်သာပါဘူး စံပယ်။ ဘေးစောင်းလေးမြင်နေရတဲ့ နင့်ရဲ့မျက်တောင်လေးတွေ အပင့်က လေအရူးမှာ ဝေ့လူးနေတဲ့ လိပ်ပြာလေးတွေလိုပါပဲလားစံပယ်။

ကျွန်တော် ကဗျာတစ်ပုဒ်ကို စာအုပ်ရဲ့ နောက်ဆုံးမှာ ချရေးလိုက်မိတယ်။

လေအရူး နွေဦးနဲ့
ငါ့ရင်ကို ၀င်ရိုက်
နင်ပိုင်စိုးသွားသလား
မိစံပယ်။

ကျွန်တော်တို့ ကျောင်းစာသင်နှစ်တွေ ကုန်ဆုံးသွားတဲ့အထိ ကျွန်တော်ရဲ့ စံပယ်ကို ကျွန်တော် အဝေးကနေပဲ လှမ်းငေးနေခဲ့မိတယ်။ ကျွန်တော့်ရဲ့ စံပယ်ကတော့ လန်းဆန်းစွာ ပွင့်အာလို့ ပျားပတုန်းတွေတောင် ၀ိုင်းလည်လို့။
ဥယျာဉ်မှူးတစ်ယောက်ရဲ့ မြတ်နိုးခြင်းနဲ့ နင့်ကိုငါ ချစ်မိပါတယ် စံပယ်။
ကျွန်တော့်အိမ်ဘေးမှာ စံပယ်ပင် စိုက်ခဲ့မိတယ်။ ကျောင်းကပြန်လာတိုင်း ရေလောင်းရင်း ကျွန်တော် အိပ်မက်တွေ မက်ခဲ့ရတယ်။ ပန်းပင်လေးကတော့ အပြုံးမပျက်။

ငါ့ရဲ့ ပန်းတွေလဲ ပွင့်ခဲ့ပါပြီ စံပယ်။ သူငယ်ချင်းတွေ တိုက်တွန်းချက်နဲ့ ဖွင့်ပြောဖို့ကြိုးစားတိုင်း နင့်ရဲ့ အေးစက်စက် မျက်ဝန်းတစ်စုံကြောင့် ငါ့မှာ စကားလုံးတို့ပျောက်ဆုံး အသံတို့ စွံအခဲ့ရတာ အကြိမ်ကြိမ်။ ဒီလိုနဲ့ ငါလဲ နေမြင့်လို့ အရူးရင့်ခဲ့ရပါတယ် စံပယ်။ ငါ့ရဲ့နှလုံးသားမှာတော့ စံပယ်ရုံရဲ့ အမြစ်တို့ ရစ်တွယ်လို့။

သီဟမျိုးဆက် .. နံနက်ဖြန် ငါတို့အိမ်မှာ ငါ နှုတ်ဆက်ပွဲလုပ်စရာရှိတယ်။ တစ်ခန်းလုံးကို
ဖိတ်တာ။ ငါ စင်ကာပူကို ပညာတော်သင်သွားတော့မှာမို့။ နင်လာဖြစ်အောင်လာပါ။

ကျွန်တော့်ရှေ့ကို ဖိတ်စာတစ်ခုရောက်လာတယ်။ ပြောပြီးလှည့်ထွက်သွားတဲ့ စံပယ် .. ကျွန်တော့်နန်းကိုတောင် ကွန်းခိုမသွားခဲ့ပါဘူး။ ရှေ့မှာရောက်နေတဲ့ စာအိတ်အပြာလေးထဲက ဖိတ်စာဆိုတာချည်းကို ကျွန်တော်မုန်းလိုက်မိချင်ပါတယ် စံပယ်။ ကျွန်တော့်နှလုံးသားကို ကားစင်တင်ဖို့ ကြေငြာလိုက်တဲ့စာလိုပါပဲ။
နင့်နှလုံးသားထဲ ငါခနလောက် ၀င်နေပါရစေလားစံပယ်။ ဟိုးခပ်ဝေးဝေးမှာကျနေတဲ့ စံပယ်တွေကို ဖွဲ့သီလို့ နင့်နှလုံးသားမှာ ပန်ပေးကြည့်ချင်ခဲ့မိတယ်။

အဲ့ဒီနေ့က ကျွန်တော် ပိုင်စိုးနဲ့အတူ စံပယ့်အတွက် လက်ဆောင်အဖြစ် ကျွန်တော်ကိုယ်တိုင် ကျွန်တော်စိုက်ထားခဲ့ရတဲ့ စံပယ်ပင်က စံပယ်ပွင့်လေးတွေကို ခူးလို့ သီကုံးထားရတဲ့ စံပယ်ပန်းကုံးတွေနဲ့ အတူ ကျွန်တော့်ကဗျာတစ်ပုဒ် စံပယ့်ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော်ကတော့ မသွားတော့ပါဘူး။

မခမ်းနားချင် နေပါစေ ငါ့ကျဆုံးခန်းမှာ အလွမ်းအကြောင်း လေသံမှကို မဟချင်ခဲ့မိပါဘူး။ ဒီလိုနဲ့ နွေဦးမှာ လေရူးနဲ့အတူ ၀င်ရောက်အမြစ်တွယ်ခဲ့တဲ့ စံပယ်ဆိုတဲ့ပန်းတစ်ပွင့် ဝေးလွင့်လို့ သွားတော့မှာလားစံပယ်။ ငါ့ကောင်းကင်မှာတော့ အစိမ်းရင့်ရင့်ဖြာလို့။

(တကယ်ပါကောင်မလေးရယ်)
နင်မချစ်တတ်လို့
ရူးတယ်ပဲဆိုဆို
(ငါက)
မချစ်ရက်လောက်အောင်ကို
ချစ်တတ်ခဲ့ဖူးတယ်။

19 comments:

ရွက်လွင့်ခြင်း said...

အရေးအသားကောင်းပါတယ် ညီမဇော်
မဖတ်ရတာ ကြာတော့ လက်တက်လာပြီလို့  ထင်တယ်
အားပေးလျှက်ပါ

Yu Ya said...

မချစ်ရက်လောက်အောင်ကို
ချစ်တတ်ခဲ့ဖူးတယ်။

အဲဒီစာသားလေး ကြိုက်သွားတယ်ဇော်ရေ..

yu ya

လင်းကြယ်ဖြူ said...

ကောင်မလေး...
ကောင်မလေး...တဲ့..
ကောင်းတယ်..ဆက်ဆွဲ

နေဒေးသစ် said...

ပေါ့ပေါ့လေးမဟုတ်ဘူး ဆိုတာ သိပေမယ့်
ဖျော့ဖျော့တွေးပြီး ဖတ်ခဲ့တာ ..
ဒါပေမယ့် အဆုံးသတ်မှာတော့
အပြုံး တစ်ချို့တောင် အသက်မဆက်နိုင်တော့ဘူး ..

ဇော်ရေ ..
အချစ်အကြောင်း သီဖွဲ့ ပြတဲ့ အိမ်တွေထဲမှာတော့
ဇော့်အိမ်က အံ့မခန်းပါပဲ ..

နေဒေးသစ်။

yangonthar said...

ညီဇော်ရေ
ကောင်းတယ်ကွာ
စာသားလေးတွေက ဖူးစသစ်စ
ပန်းလေးတွေလို အနုအရွအလှအပတွေနဲ့ 
ပျော်ရွှင်ပါစေ
ကိုရန်ကုန် :D

ဝသန်မိုး said...

ငါ့ညီမ ကလည်း တယ်ဟုတ်ပါလား
အရေးအသားတွေ က ဖူးသစ်လှပ နုရွ
နေတာပဲ
ဆက်ရေး ညီမဇော်ရေ အားပေးနေမယ်

ခင်တဲ့
အကိုဝသန်မိုး(မိုးမိုး)

ကိုလူထွေး said...

ကျနော်ကျနော်ပြောတတ်တဲ့ဇော့်ကို တခါတလေ ယောက်ျားလေးလို မြင်လာတယ်...

းဝ)

ဝက်ဝံလေး said...

အောက်ဆုံးက ကဗျာလေးက ကိုယ်တိုင်ရေးတာလားဟင် အရမ်းကောင်းတယ် အဲဒါလေး ကြိုက်တယ် ကူးမလို့ဟာကို ကူးလို့ရဘူးနော် ဇော် ဟုတ်လား
ထားပါလေ အကုန်လုံး ဖတ်သွားတယ်သိလား

မိုးစက်အိမ် said...

အလိုလုပ်နဲ.လေ ငဇော်ရ အင်တာနက်ခေတ်လေဟာ
စင်ကာပူလည်း ဘာဖြစ်လည်း အွန်လိုင်းတက်ခိုင်းလိုက် :)

မြစ်ကျိုးအင်း said...

လိုက်သွားလို့ လွယ်ပါတယ်လို့ ရုပ်ဝတ္ထုဆန်ဆန် မပြောချင်ဘူး....။
ဒါဟာ လှပတဲ့ ကဗျာလေးတပုဒ် မဟုတ်လား။
စိတ်နှလုံးသားနဲ့ပဲ ခံစားပေးလိုက်တယ်။

ထိထိရှရှနဲ့ ရေးတာကောင်းတယ်။

Anonymous said...

ရေးထားတာလေးကောင်းတယ် စံပယ်.. အဲ... မဇော်ရေ။

Anonymous said...

အလွမ်းဒါဏ်ခံရှိပါတယ်ဆိုနေမှ။
ဇော်ဇော်ရေ ကောင်းတယ်ဗျသိလား။
အားပေးနေမယ်။ ကိုယ်တိုင်စင်ပေါ်မှာ ကပြခွင့်
မရပေမယ့်လဲ စင်အောက်ကနေလက်ခုပ်တီးပြီး
အားပေးနေမယ်နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်ဘလော့ကနေ အနားယူလိုက်လို့ပါ။

Anonymous said...

ဟင့်...သေပြီဆရာပေါ ခုလောက်ဆို ကောင်မလေးက စလုံးမှာ ကဲနေလောက်ပြီ အဟိ

jr.lwinoo said...

ဇော်ရေ..
ဝတ္ထုတွေအမြဲလာဖတ်ဖြစ်ပါတယ်။
ဒေါ်လေးဂျူ

သားကြီး said...

ကော်ဖီတွေတောင်ချိုကုန်ပြီစပယ်ရေ နှိပ်ဟ :)
ခုတော့လည်းချစ်ကောင်းလိုကော်ဖီတွေခါးကုန်
ပြီထင်ပ ..။
စံပယ်တွေပျိုးလို့သာစောင့်နေရစ်ပါလေ
တနေ့နေ့တော့.....။

မယ့်ကိုး said...

ဒီလိုယောက်ျားလေးဖက်က သဘာဝကျကျလှလှပပ ရေးနိုင်တဲ့ ညီမလေးကို သိပ်အားကျတယ်။
အားပေးမြဲနော် ညီမလေး...

ဂျရတ် said...

ဟဲဟဲ...........

ကောင်းပါတယ်ဗျာ ...စာသားလှလှလေးတွေ ဒီထက်ရေးနိုင်ပါစေ...ကျွန်တော်ကတော့ ကောင်မလေးတွေကိုပြောဖို့ 
တော်ကီ ( ၂ ) ကြောင်းလောက် အသည်းအသန် အလွတ်ကျက်သွား
ပါတယ်....

မိုးခါး said...

မချစ်ရက်လောက်အောင်ကို ချစ်တတ်ခဲ့ဘူးတယ် ..
မိုက်တယ် ..း) ၀မ်းတောင် နည်းသွားတယ်

ဧရာဝတီသား said...

မခမ်းနားချင် နေပါစေ ငါ့ကျဆုံးခန်းမှာ အလွမ်းအကြောင်း လေသံမှကို မဟချင်ခဲ့မိပါဘူး။

သိပ်ကောင်းတဲ့ စာသားလေး ပါလား ညီရေ။ ခံစားရပါလားကွယ်။ ကိုလေးကလည်း အသည်းကွဲ တဲ့ အကြောင်းဆို တယ်ဖတ်ချင်တာ မဟုတ်ဘူး။ အခုတော့ ဖတ်မိပြီး ခံစားရပြန်ပြီ။ :(