အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Wednesday, August 26, 2009

တော်ဝင် သစ်ပင်

လေအချို့တိုးဝှေ့ကျီစယ်သွားလို့ တစ်ဖျတ်ဖျတ်လွင့်နေတဲ့ ပ၀ါစိမ်းလေကို ခြုံရင်း တစ်ရွေ့ရွေ့လှမ်းလာနေတဲ့ ခပ်ဝေးဝေးက အစိမ်းနဲ့ အဖြူရောင် အရိပ်လေးတစ်ခု ...။
အုံ့မှိုင်းရီဝေနေတဲ့တောင်ပတ်လည် ၀န်းရံခတဲ့ ဒီမြေဒီရေနဲ့များ လိုက်လျောညီထွေ ရှိပါရဲ့လားလို့ ငါ .. ပြေးမေးလိုက်ချင်ပါရဲ့။
နုငယ်လွန်းလှတဲ့ အရိပ်လေးတစ်ခု။

ပင်ပန်းတကြီးနဲ့ လှမ်းလာနေရတဲ့ ခြေလှမ်းတိုင်းမှာ အားသစ်တွေ သွန်းလောင်း .. ရှေ့ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ကြယ်ပွင့်လေးတွေဆီ အရောက်သွားနေလေရဲ့။

နုငယ်တဲ့နှလုံးသားလေးတစ်စုံနဲ့ ကြမ်းတမ်းတဲ့ လေထုထဲမှာ မျောလွင့်ရင်း ကြယ်တွေကို အလင်းပေးဖို့ နင် ... ထွန်းလင်းခဲ့တာလား လမင်းငယ် ...
ခပ်ဖြေးဖြေးလေး သွားနေတယ်ဆိုပေမယ့် မဝေးတော့တဲ့ အနာဂါတ် တစ်ခုမှာ နင့်အတွက် အလင်းတို့ ခင်းကျင်းထားခဲ့ပြီ။

မောပန်းလို့ နွမ်းလျနေပေမယ့် နင့်အပြုံးတိုင်းမှာ အသက်ရှိနေတယ်ဆိုတာ ငါ့ ရင်ရဲ့ တစ်နေရာမှာ မှတ်တမ်းတင်လိုက်မိပါတယ် လမင်းငယ် ...
ပြုံးလိုက်တိုင်း အရည်လဲ့လာတဲ့ မျက်ဝန်းလေးတစ်စုံကို သောက်ရှူးကြယ်အလား ငါ ထင်မှတ်မိပါရဲ့ ...
နှုတ်ခမ်းဖျားက သကြားမထည့်ပါပဲ ချိုမြိန်နေတဲ့ စကားသံတွေနဲ့အတူ ကြယ်တွေကို အားမငယ်စေဖို့ နင် ရပ်တည်နေခဲ့တယ် ...

မြူတို့ မှိုင်းဝေနေပါတယ် လမင်းငယ် ... ဒါပေမယ့် နင် တောက်ပလျက်ရှိဆဲဆိုတာ ... ကြယ်ပွင့်တိုင်းရဲ့ ရင်ထဲမှာ ငါ .. လှမ်းမြင်နေရလေရဲ့ ..
ဟိုးတစ်နေရာမှာတော့ ငါ .. ရှိနေပါတယ် ... ကောင်းကင်ကိုမော့ကြည့်ရင်း နဲ့...

ရာသီစက်ဝိုင်းတို့ ကူးပြောင်းလို့ မိုးမခပင်တွေတောင် အားသစ်လောင်းခဲ့တာ အကြိမ်ကြိမ်...
နင့်ကို ခွဲသွားလဲ အပြုံးမပျက် ဂုဏ်ယူနေတတ်ခဲ့တာ ...
ခပ်လှမ်းလှမ်းက လှေကားလေးတစ်စင်းကိုများ အားကျနေလေရော့သလား လမင်းငယ် ...

အပျံသင်စ ငှက်ငယ်တိုင်းရဲ့ နွေးထွေးခိုလှုံရာ ကောင်းကင်ရင်ခွင်အဖြစ် နင် ရပ်တည်နေခဲ့တာ ရာစုနှစ် ဘယ်နှစ်ခုထိများပါလိမ့် ...
ဟောဒီချင်းတို့တောင်တန်းမှာ .. နင့်ရဲ့ သမိုင်းကို နင်ကိုယ်တိုင် ရေးထိုးနေခဲ့တာ .. လတ်ဆတ်တဲ့ နံနက်ခင်းတွေတောင် မှိန်ဖျော့ကုန်ပြီ ...

တောင်တစ်တောင်ကနေ တစ်တောင်ကို ကူးဖို့ နင့်မှာ ဘယ်လိုအင်အားတွေကိုများ သောက်သုံးခဲ့တာလဲလို့ ငါ မေးစမ်းကြည့်ပါရစေ ...
ရင်တစ်ခုကို စတေးလို့ မြူတို့ဆိုင်းနေတဲ့ တောင်ခြေကျေးရွာထဲမှာ နင် ရင်းနှီးထားခဲ့ရတဲ့ အရင်းအနှီးတွေကို ငါမြင်နေရတယ် လမင်းငယ် ...

အချိန်တန်လို့ နင့်ရင်ကို ခြေစုံကန် ... အပင်တွေ ခုန်ကူးတာတောင် ... အေးချမ်းစွာ ၀မ်းမြောက်နိုင်တဲ့ နင့်နှလုံးသားထဲ ငါ ... ခနလောက် ၀င်ကြည့်ပါရစေလား ..

မာနနဲ့ရယူလိုမှုတွေကို ခ၀ါချ .. မွှေးမြမြ သင်းပျံ့နိုင်တဲ့ ပန်းတစ်ပွင့်အဖြစ် ငါ မခိုင်းနှိုင်းရက်ခဲ့ပါဘူး။ ပန်းဆိုတာ အချိန်တန်တော့ မြေခ ကြွေကျရပေမယ့် နင် ဆိုတဲ့ ကျောက်တိုင်တစ်ခုကတော့ လှေချည်းပဲကျန်တောင် အလံလှဲပါဦးမလားဟင် ...

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်တယ် ဆိုတဲ့ စကားပုံကို နင့်အတွက် ငါ သတိရလိုက်မိတယ်။ ဒါပေမယ့် နင့်သစ်ပင်မှာ နားခဲ့တာ ငှက်တစ်သောင်းမှ မကတော့တာ။ နင်ကတော့ မတ်မတ် ရပ်တည်နေဆဲပါ ...

ပန်းတစ်ပွင့်ရဲ့ရာဇ၀င်ကို သူတို့တွေ ပြုစုကြတယ်ဆိုရင် .. ငါကတော့ နင်ဆိုတဲ့ သစ်တစ်ပင်ကို ရေလောင်း ပေါင်းသင်လိုက်ချင်ပါတယ်။
ငှက်တို့ ဆက်လက်နားခိုနိုင်ဖို့ ...


( ကျွန်တော် ရန်ကုန်တက္ကသိုလ်တောင်တက်အသင်းနဲ့အတူ ချင်းပြည်နယ်ကိုရောက်ခဲ့စဉ်တုန်းက နံနက်ခင်းတစ်ခုရဲ့ လတ်ဆတ်ခြင်းနဲ့အတူ တွေ့လိုက်ရတဲ့ တောင်ပေါ်ရွာရဲ့ ကျောင်းဆရာမလေးတစ်ယောက်ကို အမှတ်ထင်ထင် လှမ်းကြည့်ဖြစ်ခဲ့တဲ့ မြင်ကွင်းလေးကို သတိရစွာ ရေးဖွဲ့လိုက်မိပါတယ်။ )




23 comments:

ကိုလူထွေး said...

ဆလံပေးပါတယ်...
ဇော်ဆိုတဲ့ကောင်က တော်တော်ကို မြာပွေတာကိုးးးးးD

းဝ)

yangonthar said...

ရေးတတ်လိုက်တာ ညီဇော်ရာ ချင်းတောင်တန်း
ပေါ်က သာနေတဲ့ လမင်းလေး ကမ္ဘာမြေကို
ဆွတ်ပျံ့ မှုတွေ ပေးနေတဲ့ လမင်းလေး .... စာ
သားတွေကတော့ ဂွတ်ရှယ်ပဲ ညီဇော်ရေ
“အေးချမ်းစွာ ဝမ်းမြောက်နိုင်တဲ့ နင့်နှလုံးသားထဲ
ငါ ခနလောက် ဝင်ကြည့်ပါရစေလား ”
မိုက်တယ် စာသားတွေကို ခိုက်တယ်
အေးမြသာယာပါစေဗျာ
ကိုရန်ကုန်

yangonthar said...

ဒါနဲ့ ဆရာမလေးက လှလား ညီဇော် :P

Anonymous said...

တောင်ပေါ်ဆရာမလေး.. စေတနာရှင်မလေး.. သူလာနေပြီ.. ရင်တွင်းအမောဆို့နှင်းတွေစို...
(သီချင်းဆိုတား)

ရေးထားတာလေးသိပ်ကောင်းတာပဲ။ မျက်လုံးထဲလည်းမြင်တယ်။ သူ့နေရာကလည်း ခံစားပေးလို့ရတယ်။ စေတနာ၊ ၀ါသနာ၊ အနစ်နာလေ..။

လင်းကြယ်ဖြူ said...

ကျောင်းခန်းထဲလဲ ပင့်ကူအိမ်တွေ အခိုင်အမာနေရာဖွဲ့
စာသင်ခုံတွေလည်းဖရိုမရဲ ပိုးစားချကိုက်နဲ့
ခေါင်းလောင်းကြီးလည်းအိပ်ပျော်နေဆဲ အသံမမည်နိုင်ရှာတယ်..စာအံသံတွေကြားနိုင်ရေးအတွက်.အားလုံးအတွက်ကွက်လပ်ဖြည့်လိုက်
တော့ကွယ်
ကျေးလက်က ဆရာ သူငယ်ချင်းရေ
စိတ်ဓါတ်လေးဖြူစင်သန့်ရှင်းတယ်
အားလုံးအတွက်တာဝန်တွေထမ်းဆောင်တဲ့
မင်းတို့ အတွက်တို့ ဂုဏ်ယူလိုက်ပါတယ်...

ပီတိကိုစားအားဖြစ်နေရရှာတဲ့ အထူးသဖြင့် ကျေးလက်က ဆရာဆရာမ များအတွက်
ကို ငှက် ရဲ့ သီချင်းလေးကို သတိရမိပါတယ်..

ပျော်ပါစေ..ဘော်ဒါရေ

နှင်းနဲ့မာယာ said...

ဇော်တစ်ယောက် မြင်သမျှ တွေးသမျှ စာတွေ ဖြစ်ကုန်ပီ..
ညီမလေးက တဖြည်းဖြည်း တော်လာတယ်...
ဒီပို့လေးဖတ်ပြီး
မီးအိမ်ရှင်မလေးသီချင်းလေးကို ပြေးမြင်မိတယ် ညီမလေးရေ....

မနှင်း

Angel Shaper said...

ဟိတ် ဇော်ကြီး
ရေးတတ်လိုက်တာတော်။
ကောင်းချက်ကယ်။။။
ငါ ချင်းလေး ဂုဏ်ယူသွားပါတယ်နော်။

ကြည်ဖြူပိုင် said...

ဒီပို့စ်လေးကိုဖတ်နေရင်းနဲ့.....မီးအိမ်ရှင်သီချင်းလေးကိုသတိတရနဲ့ညည်းသွားမိတယ်...သက်မွန်မြင့်ရဲ့ကျောင်းစိမ်းဝတ်စုံလေးနဲ့လမ်းလျှောက်သွားပုံကိုပါမြင်ယောင်ရင်းး

မေဇင် said...

ဇော်ရေ.... တကယ်ပဲ မြင်ယောင်လာမိတယ်... ဆရာမ လေး တစ်ယောက်ရဲ့ ဘ၀ နဲ့ ပုံရိပ်ကိုပေါ့... ဇော် တော်တယ်..။း))

အိုက်ခီလောက် said...

ကျေးလက်ဆရာမလေး တစ်ကယ်ဂုဏ်ယူပါတယ်
အမှောင်ကြားထဲမှာအလင်းပြပေးနိုင်တဲ့လူလေ
မသိနားမလည်တဲ့ရိုးသားတဲ့တိုင်းရင်းသားကို အလင်းရောင်ပေးပြီးလမ်းသစ်ကိုခေါ်သွားတဲ့လူ
ဖတ်ပြီး ကောင်းလိုက်တာကို ညည်းထွားလိုက်တာအခါခါပါပဲ
ဂျစ်ညီမ ဘာမှမပြောလိုဘူး ဆက်ချ :D

NweYoe said...

ဖတ်သွားတယ် ဇော်......

မိုးစက်အိမ် said...

ငဇော်နင်ကတော. ချာမတောင် အလွတ်မပေးဘူး
( စာရေးတာပြောတာပါ ) :P ... စာဖတ်ရတာ
ထက် ကဗျာတခုကို ဖွဲ.သီထားသလိုမျိုး ခံစားရတယ်
အကိုခံစားရတာကိုပြောတာပါ ...

မိုးခါး said...

မြင်ယောင်မိတယ် ဇော်ရေ ..း)

မိုးခါး said...

မြင်ယောင်မိတယ် ဇော်ရေ ..း)

သားကြီး said...

လျှပ်တစ်ပြက်နံနက်ခင်းကို
အရောင်စိုစိုလေးဖွဲ့နွဲ့သွားတာ
လှလို့ ပလို့ ပါပဲဗျာ
ဟီးဟီးး
ဆလံပေးပါတယ် :)

မင်းနေဝေး said...

အဖွဲ့ကောင်းတယ်နော် ....
သေချာဖတ်ပြီးခံစားသွားပါတယ်ဗျာ ....

ရင်ခွင်ဟောင်း said...

ဇော်ရေ ......
အချိန်ကုန်ခံပြီး ဘလော့ဆီကို လာလည်ခဲ့လို့ ကျေးဇူးပါ....
ဇာတ်သိမ်းပိုင်းကို ကွက်ပြီးဖတ်တယ်ဆိုရင် ....
ဇာတ်သိမ်းပိုင်းရဲ့ အောက်နားမှာရေးထားတဲ့ ....
"အားရပါးရ စီဘောက်စ်မှာ ဝေဖန်နိုင်ပါတယ် ကောင်းသမျှ ဆိုးသမျှကို လက်ခံဖို့ အဆင်သင့် ပါ" ဆိုတဲ့ စာကြောင်းလေး နဲ့ အညီ ဇော် ကြိုက်သလိုဝေဖန်နိုင်ပါတယ်.. ( ရန်တွေ့ဖို့လည်း မလိုအပ်ဘူး ... ရန်သူတွေလဲ မဟုတ်ပါဘူး )
ဇာတ်သိမ်းပိုင်းပဲ ဖတ်ပြီး ဘာရေးမှန်းမသိပဲ ကွန်မန့် အရှည်ကြီး ပေးသွားတဲ့ အတွက်လဲ ကျေးဇူးအထူးတင်ပါတယ် ..
ဇော်နဲ့ မဆိုင်ပဲ "လိပ်ကို တိုင်ပတ်နေသလိုပဲ"ဆိုပြီး စာကိုကွက်ဖတ်သွားရုံနဲ့ အားရပါးရ ဝေဖန်တတ်တဲ့ ဇော်ရဲ့ စာဖတ်အားကို လဲ လေးစားပါတယ် ..... ကျွန်မရဲ့ ဇာတ်သိမ်းပိုင်းမှာပဲ တောင်းဆိုထားတဲ့ စာလေးကိုလဲ မြင်စေချင်ပါတယ် .. ( ကျွန်မဟာ ဘလော့ဂ်ဂါ တယောက်မဟုတ်တာ ကျွန်မဘလော့ကို လာရောက်လည်ပတ်ကြသူတိုင်း ကြည့်တာနဲ့သိကြမှာပါ .....
အဲ့ဒီအတွက် စာအရေးအသား. စာလုံးပေါင်းအမှားအယွင်းများရှိခဲ့ရင် ဖြည့်စွက်ပြီး ဖတ်ပေးကြပါရန် နဲ့ နားလည်ပေးကြဖို့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ် ...... )
အားလုံးကို လဲ ကျွန်မ စာဖတ်ပြီး ... ဖီးမငုတ်စေချင်ပါဘူးရှင် .....
ဘလော့စရေးတဲ့သူတိုင်းခံစားဖူးမှာပါ .. သူတို့ရဲ့ ပို့စ်တင်ပြီးသွားပြီဆိုတာနဲ့ ..သူတို့မျှော်လင့်နေတာ.. ကွန်မန့် နဲ့ စီဘောက်စ်က အော်သံလေးတွေပါ...
ကျွန်မ လဲ အဲ့ဒီလိုပါပဲ ..ကောင်းသည်ဖြစ်စေ ..ဆိုးသည်ဖြစ်စေ .. ကျေနပ်ပါတယ်
လူတိုင်းတော့ ဘ၀မှာ အကောင်းဆုံးဖြစ်ချင်ကြတာပါ ..
ဇော် ရဲ့ ကို့ လို ကျွန်မတွေ့ခဲ့တဲ့ သူကို လည်းအဲ့ဒီလိုမျိုးမြတ်မြတ်နိုးနိုး ချစ်စေချင်တာပေါ့ရှင်.. ( ၀မ်းသာပါတယ် ... ဘ၀တလျှောက်လုံး ဇော်ချစ်တဲ့ ကိုနဲ့ ထာဝရ လက်တွဲနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ) ...
" အသွင်တူမှ အိမ်သူ ဖြစ်တယ်"ဆိုတဲ့ ရှေးမြန်မာ စကားပုံ အတိုင်း... ဇော် ရဲ့ ကို ဆီက ကြားမယ့် ဝေဖန် ကွန်မန့် လေးကို လဲ မျှော်လျက်ပါ ..
မမေလေး မပေးခင် ဇော် ကျွန်မဘလော့ ကို ရောက်ခဲ့ဘူးပါတယ် .. ဇော်မွေးနေ့ မတိုင်ခင်က ပေါ့...
အကြောင်းမစပ် ....
ရင်ခွင်ဟောင်း က လဲ ဇော် ကို ဝေဖန်ပါရစေရှင် ...
ဇော်ဆီကို ခဏခဏ ရောက်ပါတယ် .. ဇော် ရဲ့ စာဖတ်အားကို လည်းချီးကျူးပါတယ် .... အဓိက ကို ရောက်ဖို့ အတွက် ဖော် ရဲ့ သွယ် ၀ိုက်ပြီး ရေးတတ်တဲ့ စကားလုံးလှလှလေးတွေ ကို လဲ ကြိုက်တယ် ... လိုနေတာတစ်ခု က .....
ဝေဖန် ကွန်မန့်တွေကြီးပဲပေးဖို့ထက် ... အားပေးစကားလေးတွေ.. လိုအပ်ချက်တွေ ကိုလည်း ဝေဖန် ကွန်မန့်နဲ့ အတူတွဲပို့သင့်တယ် လို ထင်တယ် ...ဒါမှ ရေးတဲ့သူတွေ အားရှိမှာပေါ့ ..... ဒါဟာ စာပေကို မြတ်နိုးတဲ့သူ စာပေကို ၀ါသနာပါ တဲ့သူတွေ ကူညီရိုင်းပင်းတတ်တဲ့ စိတ်လေး လို့တော့ ကျွန်မထင်တယ် ... ( တတ်ပြီး.သိပြီးသား သူတွေက မတတ်သေး မသိသေးတဲ့ သူတွေကို ကူညီသလိုပဲပေါ့ရှင် .... )
ကျေးဇူးတင်ပါတယ် ..အရာအားလုံးအတွက် ...

ဝက်ဝံလေး said...

ချစ်ညီမလေး ဇော်ရေ

အဟေးအဟေးးး ခေါ်လို့ကောင်းသားဟ ဟိဟိ ခေါ်ကြည့်တာ နော် စိတ်မဆိုးဘူးဟုတ်
ဒါနဲ့ ချာမလေးက ချောလား ငင်

သီဟသစ် said...

ဇော်ရေ

ဖွဲ့တတ်လိုက်တာကွယ်
ငါ့အစ်မ ကျောင်းဆရာမကို စာကူးပြီး ပို့အုံးမှပဲ
:)

ခင်မင်စွာဖြင့်
သီဟသစ်

မြစ်ကျိုးအင်း said...

ဒီလိုအဖွဲ့အနွဲ့မျိုးဖတ်ပြီးရင် ဆရာမလေးတွေလည်း ဘယ်လောက်ဝေးလံတဲ့နေရာဖြစ်ဖြစ် သွားရဲကြမှာပဲ။
ဖွဲ့ထားတာလေးများ ငေးယူရတယ်။

ဝသန်မိုး said...

ဇော် ရဲ့ အရေးအသားတွေကတော့
လွှတ်ကောင်းပဲ ကွာ။
ချီးမကျွေးပဲ အဲလေ ယောင်လို့
ချီးမကျူးပဲ ကို မနေနိုင်ဘူး

မိုးမိုး

ဧရာဝတီသား said...

ညီရေ
ကိုလေး အခုထိ ဖတ်ခဲ့ သမျှ၊ ညီရေးတဲ့ ပိုစ့်လေးတွေ ထဲမှာ ဒါလေးက အကြိုက်ဆုံးပဲကွ။ အရေး အဖွဲ့လေး အရမ်းကောင်းတယ်။ ညီမြင်ခဲ့တဲ့ လှပတဲ့ မြင်ကွင်းလေးကို ကိုလေးလည်း မြင်ယောင်လာရတယ်။

တောင်တစ်တောင်ကနေ တစ်တောင်ကို ကူးဖို့ နင့်မှာ ဘယ်လိုအင်အားတွေကိုများ သောက်သုံးခဲ့တာလဲလို့ ငါ မေးစမ်းကြည့်ပါရစေ ... အဲဒီ့ အရေးအဖွဲ့လေးကို အကြိုက်ဆုံးပဲ။

မောင်မိုက်တဲ့ ညမှာ အလင်းပေးတဲ့ လမင်းငယ် တစ်စင်းကိုလည်း လေးစားရပါတယ် ညီရေ။

Anonymous said...

တကယ့်ကိုတော်ဝင် ပါပေတယ်ဗျာ.. လေးစား အားကျမိပါတယ် ကျနော်တို့တော့ သူ့လို မသွားနိုင်ဘူးလေ...။ ဟီး