အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Sunday, May 10, 2009

အိုဘယ့်အရှင် မွေးမိခင်

ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း
ယောင်းမတို့ရှင်။

ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်
ချစ်၍မ၀၊ ကြည့်၍မဆုံး
တပြုံးပြုံးဖြင့်
ရှိသည့်သူမှာ အဘယ်နည်း။

ငယ်စဉ်ခါက ရပ်ဝန်း
ဆာသည့်ချိန်ခါ၊ နို့ချိုတိုက်ကြွေး
ထွေးပွေ့ချော့မြူ၊ ဖေးကူမသည်
ဤသို့ဤနှယ် အထိန်းတည်း။

ကြီးစခါဝယ်၊ ကိုယ်ဟန်မူယာ
လိမ္မာယဉ်ကျေး၊ ပြုမူရေးဖို့
ဘယ်သို့ဘယ်ပုံ၊ ဘယ်၍ဘယ်က
ဆိုဆုံးမသည်
ဤသို့ဤနှယ် ဆရာတည်း။

နေထွက်ရယ်မှ နေ၀င်
မောပန်းနွမ်းလျ၊ ရှိစေကာမူ
သားတို့ရုပ်ရည်၊ သီတာမြည်သား
ရေကြည်ချမ်းမြ၊ ၁ပေါက်ကျက
ဆိုသည့်စာဝယ်၊ အပ်ကျမှန်သည်
ဤသို့ ဤနှယ် အဖော်တည်း။

ထိုထိုအရ၊ စိတ်ပြည့်ဝသည့်
လောကပင်လယ်၊ တုနှိုင်းမမြင်
ရှိပါချေချိမ့်၊ ဤသည့်သူမှာ
ရင်တွင်မြတ်နိုး၊ တစ်ဦးတည်းမို့
အကျွန်ဆိုသည်
မာတာမိခင် ဖြစ်ပေ၏။

သြော်...
မိခင်သည်သာ တစ်ဦးတည်း။


( စာကြွင်း >> ဒီကဗျာလေးက မေမေ့အတွက် ကျွန်တော် လက်တမ်းချရေးလိုက်တဲ့ အိုင်ချင်းကဗျာလေးပါ။ နှစ်တစ်နှစ်ရဲ့ အမေများနေ့နဲ့ အဖေများနေ့မှာ အမှတ်တရ မေမေနှင့်ဖေဖေကို ကန်တော့စရာနဲ့ ကန်တော့ခဲ့ပါသော်လည်း ဒီနှစ်မှာတော့ အဝေးကပဲ ဒီကဗျာနဲ့ ကျွန်တော်ချစ်သော ကျွန်တော်၏ မေမေကို ကန်တော့လိုက်ပါတယ်ဗျာ။
ပူဇော်ထိုက်သူကို ပူဇော်တတ်ကြတာ မြန်မာလူမျိုး ဗုဒ္ဒဘာသာဝင်တိုင်းရဲ့ မင်္ဂလာတရားပါ။ ထို မင်္ဂလာတရားနဲ့အညီ ကျွန်တော်သည်လည်းလေ...။
)

9 comments:

Anonymous said...

လွှတ်ကောင်းပါ့ဗျာ .....

Anonymous said...

ရေးတတ်လိုက်တာ ငါ့ညီမရေ .... သဘောကျမိပါရဲ့ .. ရေးတတ်ချင်မိပါရဲ့ ... အမေများနေ့နှင့်အတူ အမေနှင့်တကွ အမေ့ရဲ့ သားသမီးများ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

yehtutnaung said...

အိုင်ချင်းကဗျာလေး ဖတ်သွားပါတယ်ဗျာ။

မိဘမှန်း သိတတ်တဲ့
သမီးအလိမ္မာမို့ 
အထူးမှာစရာ မလိုပါ
ဂရုထားမှုသာ ပိုပါစေ။

ပုံ/ ဘကြီး နေညို

Sein Lyan Tun said...

ဒီကဗျာလေးကိုလဲ
အကိုပညာရေးဝန်ကြီးဖြစ်ရင်
သင်ရိုးထဲထည့်သုံးမယ်နော့်
ခင်တဲ့
ဖိုးစိန်

တောင်ပေါ်သား said...

ကဗျာလေး လာခံစားပါတယ်
မိဘတွေကို ရိုသေတာ ကောင်းလှပါတယ် အမေ့ကိုလဲ သတိရသွားတယ်ဗျာ


လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

ကျောင်းသားဘ၀ထဲက ဝေးကွာနေတဲ့ အိုင်းချင်း ကို ခုမှပဲ ပြန်ထိတွေ့ခွင့်ရတော့တယ်..။ငါ့ညီမ တော်တယ်..။
ဒီကဗျာလေးကလည်း ညီမရဲ့မေမေကို ပေးတဲ့ အကောင်းစားလက်ဆောင်လေးပါပဲ..။
...ခင်မင်သောအားဖြင့်...

mysterysnow said...

ညီမလေးရေ အိုင်ချင်း ကဗျာကောင်းကောင်းလေး
လာခံစားသွားတယ်နော်...

အိုက်ခီလောက် said...

အင်း ကောင်းလိုက်တာ ရေးသွားတာ တန်းနေရောပဲ
ညည်းအကိုတော့အဲ့လိုရေးတတ်ဖူး
အားလုံးအမေ့ကို လွမ်းနေကျတာ သတိရနေကျတာ
ပြောနေရင်းနဲ့အမေ့ကို သတိရပြီးပြန်ချင်လာပြီ

Beauty Studio USA Branded Store said...

ဗမာတွေရဲ့ ပင်ကိုကဗျာရေးဟန်ပါ။ ကောင်းတယ်ဟေ့။ဒီလိုလက်စွမ်းတွေများများ ပြနိုင်ပါစေ။