အရိုးသားဆုံးဆက်ဆံတာဟာ အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါတဲ့.. ကျနော်လဲ အရိုးသားဆုံးပဲ ဖြစ်ချင်ပါတယ်.. ကျနော်မြတ်နိုးတဲ့စာတွေ ကဗျာတွေနဲ့ဖွဲ့စည်းထားတဲ့ ကျနော့်ရဲ့နားခိုရာကို တကူးတက အားပေးကြလို့ ကျေးဇူးအထူးတင်လျှက်ပါ.. စိတ်အေးချမ်းသာ ရှိကြပါစေလို့ ဆန္ဒပြုရင်း...။ ။

Friday, May 29, 2009

တစ်ခါတုန်းက လွမ်းပုံပြင်

တစ်ခါတုန်းကပေါ့။ ပုံပြင်တစ်ပုဒ်ရှိခဲ့ဖူးပါတယ်။ ပုံပြင်ရဲ့အစမှာ.....

( ခန့် >> ရှင်း )
အပြင်မှာ နှင်းတို့ဝေနေပြန်ပါပြီ။ ဒီလို နှင်းတွေဝေတိုင်း ရှင်းကို ကျွန်တော် တကယ်ပဲ သတိရမိပါရဲ့ဗျာ။ ဒီလို နှင်းတွေ ဝေနေတဲ့ညတစ်ညမှာ ရှင်းကို ကျွန်တော် ကောက်ရလိုက်တာပါ။ ရှင်းဆိုတာ တစ်ချိန်တုန်းကတော့ ကျွန်တော်ရဲ့ချစ်သူပေါ့နော်။ ခုတော့ ကျွန်တော့်ဆီကနေ ပျောက်ဆုံးသွားခဲ့တာ ရက်တို့ ရေတွက်မရနိုင်တော့ပါဘူး။

ရှင်း လို့ ကျွန်တော်က တိုးတိတ်စွာ ခေါ်ခဲ့ရတဲ့ ဖြူစင်ရှင်းဆိုတဲ့ သူမကို ကျွန်တော်ရဲ့ ပညာသင်နှစ် အစမှာပဲ စတင် စုံစည်းခဲ့ရပါတယ်။ ကျွန်တော်က ဟော့ဒီ နှင်းတွေ အမြဲလိုကျတတ်တဲ့ နိုင်ငံတစ်ခုမှာ လာပြီး ကျောင်းတက်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ ကုသိုလ်ကံလို့ပြောရလေမလား။ ကျွန်တော် ခုလိုကျောင်းတက်ခွင့်ကို ရခဲ့တော့ လူပဲဗျာ။ အနဲနဲ့ အများဆိုသလို ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့စိတ် ဖြစ်ခဲ့မိတယ်။ နောက်ပြီး သွေးကြီးမိခဲ့တယ်ဆိုလေမလားပဲ။ ရောက်ရောက်ချင်းမှာတော့ ကျွန်တော့်ပုံစံက မြောက်ကြွကြွဖြစ်နေခဲ့မှာကို မြင်ယောင်နေပါသေးတယ်ဗျာ။ အဲ့ဒီလို အချိန်မှာပေါ့။

ကျွန်တော်တို့ ခုလို ရောက်လာတဲ့ သူတွေတိုင်းက အင်တာနက်ဆိုတာကို ထိတွေ့ခွင့်ရပြီး အွန်လိုင်းမှာ ကောင်မလေးတွေနဲ့ စကားပြောဖြစ်ကြတဲ့သူတွေချည်းပါပဲ။ အဲ့ဒီမှာ ကျွန်တော်လဲ ကောင်မလေးပေါင်းများစွာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်ပဲ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကြောင့် ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ ခင်မင်ခွင့် ဆုံစည်းခွင့်ရခဲ့တယ်။ သူက စကားပြောကောင်းတယ်။ တစ်ခါတစ်ခါကျ လူကြီးလိုမျိုးဖြစ်နေပေမယ့် သူ့ပုံစံက ကလေးတစ်ယောက်နဲ့လဲ တူနေတတ်ပြန်ပါတယ်။ ဆရာလုပ်တတ်တာလဲ လွန်ပါရော။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်မိသွားခဲ့ပါတယ်။

အဲ့ဒီ ချစ်ခြင်းက အစမှာတော့ တကယ်ဟုတ်မဟုတ် ကျွန်တော်ကိုယ်တိုင် သေချာ မသိခဲ့သေးပါဘူး။ ကျွန်တော် သူ့ကို ချစ်တယ်လို့တော့ ထင်ခဲ့တယ်။ ထင်ချင်စရာကောင်းအောင်လဲ သူက ကျွန်တော့်ကို ဂရုစိုက်ခဲ့တယ်။ ကျွန်တော်ကတော့ ဘာရယ်မဟုတ်ပဲ စိတ်ထဲမှာ ဒီလိုပဲ ချစ်တယ်လို့ ထင်မြင်ယူဆခဲ့မိတယ်။ ကျွန်တော့်တို့က အွန်လိုင်းမှာ တွေ့ခဲ့ကြတာ မဟုတ်လား။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ အပျော်လို့ပဲ သတ်မှတ်နေခဲ့မိတယ်။ ဒါပေမယ့် သူက ကျွန်တော်ထင်မှတ်မထားခဲ့လိုက်နိုင်အောင်ကို ကျွန်တော်ဆိုးသမျှကို သည်းခံပေးခဲ့တယ်။ နောက် စိတ်လဲမကောက်တတ်ပြန်ဘူး။ ကျွန်တော်သူ့ကို ရှေ့ထားပြီး တစ်ခြားကောင်မလေးတွေနဲ့ စကားပြောနေလဲ သူက ဒီတိုင်း ငြိမ်ငြိမ်လေး ထိုင်ကြည့်ပေးနေတတ်ခဲ့တာ ကျွန်တော်တကယ်ကို အံ့သြခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်မထင်မှတ်ခဲ့တဲ့ ရှင်းရဲ့ ထိုးနှက်ခြင်းက ပြင်းထန်လွန်းနေခဲ့တယ်။ ကျွန်တော့်ရဲ့အပြစ်တွေမှန်း သိခဲ့ပေမယ့် ရှင်းပေးလာတဲ့ အပြစ်ဒဏ်က ကျွန်တော့်ကို အလဲလဲအပြိုပြိုဖြစ်သွားစေတယ်။ သြော်.. ကျွန်တော့်အတွက်ကတော့လေ...။

အဲ့ဒီတုန်းကပေါ့။ အွန်လိုင်းဆိုတော့ အွန်လိုင်းတွေရဲ့ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ အီးမေးလ် လျှို့ဝှက် နံပါတ်တွေကို ရှင်းသိခဲ့သလို ရှင်းရဲ့ အီးမေးလ် လျှို့ဝှက်နံပါတ်တွေကိုလဲ ကျွန်တော် သိခဲ့တယ်။ ကျွန်တော်က ရှင်းကို ဖြူစင်တယ်လို့ ထင်ခဲ့မိပါတယ်ဗျာ။ တကယ်လဲ ရှင်းက အဲ့လို ထင်ချင်စရာကောင်းလောက်အောင်ကို ပိရိခဲ့တာပါ။ ကျွန်တော်က ရှင်းရဲ့ အီးမေးလ်မှာ ရှင်းနဲ့ သူ့သူငယ်ချင်းတွေ ချက်တင်ထိုင်သမျှကို သေချာ လိုက်ဖတ်တတ်တဲ့ အလေ့အကျင့်တော့ ရှိခဲ့ပါတယ်။ တစ်နေ့မှာပေါ့ဗျာ။ အဲ့ဒီတစ်နေ့ကို ကျွန်တော်ခုထိ မမေ့နိုင်သေးပါဘူး။

အဲ့ဒီနေ့ကလေ ကျွန်တော်က ရှင်းမေးလ်ထဲကို ထုံးစံအတိုင်းပေါ့ ၀င်သွားခဲ့တယ်။ နောက်ပြီး ရှင်းနဲ့ သူ့သူငယ်ချင်းမတစ်ယောက် ချက်ထားတာကို ကျွန်တော် ဖတ်လိုက်မိတယ်။ ဒီမှာ ရှင်းရဲ့ သူငယ်ချင်းမက ရှင်းကို တစ်ခြားယောက်ျားတစ်ယောက်နဲ့ အကြောင်းတွေ မေးနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။ ကျွန်တော် ကိုယ့်မျက်လုံးတောင် ကိုယ်မယုံကြည်လိုက်နိုင်သလိုပါပဲ။ ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့မိပါဘူး။ ရှင်းက ကျွန်တော့် အချစ်ဦးပါ။ ကျွန်တော် ပထမဆုံးချစ်တယ်လို့ပြောခဲ့ဘူးတာ ရှင်းပါ။ ဒါပေမယ့် ကျွန်တော်ချစ်သူ ရှင်းမှာ ကျွန်တော်နဲ့ အပြိုင် တစ်ခြားတစ်ယောက်ရှိနေခဲ့တယ်တဲ့။ ကျွန်တော့်ရင် တစ်ခုလုံး တင်းကျပ်လာတယ်။ ကျွန်တော်လေ ကွန်ပြူတာရှေ့မှာ နာရီပေါင်းများစွာ မလှုပ်မယှက်ထိုင်နေခဲ့မိတယ်။ ဟုတ်မှ ဟုတ်ရဲ့လားလို့လဲ အကြိမ်ကြိမ် ကိုယ့်ဘာသာကိုယ် ပြန်မေးနေခဲ့မိတယ်။

ရှင်း အွန်လိုင်းတက်ပြီး ကျွန်တော့်ကို လာတွေ့တဲ့အချိန်မှာလေ ကျွန်တော်တကယ်ကို မထိန်းနိုင်ပဲ ပေါက်ကွဲခဲ့မိတယ်။ ရှင်းကတော့ အေးဆေးသက်သာစွာနဲ့ပဲ ကျွန်တော့်ကို စကားပြောခဲ့တယ်။ ဒါကတော့ ရှင်းရဲ့ ပင်ကိုယ်ထုံးစံပါပဲ။ ကျွန်တော်ကသာ တစ်ဖက်သတ် အရူးကြီးတစ်ယောက်လို ဖြစ်လို့ပေါ့။ ဒါနဲ့ ကျွန်တော် စိတ်ညစ်ညစ်နဲ့ အွန်လိုင်းမှာ နောက်ထပ် ကောင်မလေးတွေနဲ့ စကားပြောဖြစ်ခဲ့တယ်။ ရှင်းရှေ့မှာပေါ့။ ဒါပေမယ့် ရှင်းက ကျွန်တော်လုပ်သမျှ ဘာဆို ဘာမှ မပြောခဲ့ပါဘူး။ ကျွန်တော်သာ တစ်ခြားမြို့ ကျွန်တော့်ထက်ကြီးတဲ့ အမတစ်ယောက်ရဲ့ပုံကို ကျွန်တော်တို့ နှစ်ယောက်ပဲ သုံးတဲ့ နစ်မှာ တင်ပြီး ရှင်းကို လက်စားချေဖို့ကြိုးစားခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော် အမှားကြီးမှားသွားခဲ့တယ်ဗျာ။ ရှင်းက ကျွန်တော့်ကိုထားသွားတဲ့ အချိန်ကျမှ ကျွန်တော်သိလိုက်ရတာက ရှင်းကို ကျွန်တော် တကယ်ကိုပဲ ချစ်မိနေခဲ့ပြီဆိုတာ။ ဒါပေမယ့် ကျွန်တော်ရလိုက်တဲ့ နောင်တက နှောင်းနောင်တ ဖြစ်ခဲ့ပါပြီ။ ရှင်းကတော့ ကျွန်တော့်ရဲ့ အဝေးမှာပေါ့။ ကျွန်တော်ရှင်းကို သိပ်ချစ်ခဲ့မိပါတယ်ဗျာ။

( ရှင်း >> ခန့် )

ဆောင်းရာသီဝင်လာပေမယ့် ဒီနှစ်အအေးဒဏ်က ထင်သလောက် မပြင်းထန်ခဲ့ဘူးနော်။ ကျွန်မဘ၀မှာ ဆောင်းတွင်းရောက်လာတိုင်း ကြုံခဲ့ရတဲ့ စာမေးပွဲပေါင်းများစွာကလဲ အဆင်သင့် ဆီးကြိုလို့။ အေးသည်ဖြစ်စေ မအေးသည်ဖြစ်စေ ကျွန်မအတွက်ကတော့ စာမေးပွဲတွေနဲ့ နပမ်းလုံးနေကြမို့ ချွေးတို့ပျံတတ်နေခဲ့ပါပြီ။ ကျွန်မရဲ့ အပမ်းဖြေရာဆိုလို့ ကျွန်မရဲ့ ကျောင်းအားချိန်တွေနဲ့ နားချိန်တစ်ချို့တို့မှာ ခေတ်လူငယ်ပီသစွာ အွန်လိုင်းကိုဝင်ပြီး ချက်တင် ထိုင်မိတတ်ပါတယ်။ ဒါပေမယ့် ကျွန်မအတွက်ကတော့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတာလောက်ထက် မပိုခဲ့ပါဘူး။ ဒါပေမယ့်ပေါ့လေ... မမျှော်လင့်ခဲ့မိတာကတော့...။

ဆောင်းတစ်ညနေခင်းမှာပေါ့။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် လူတစ်ယောက်နဲ့ စတင်ဆုံစည်းခဲ့ပါတယ်။ မဟာခန့်ပါလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရင်း ကျွန်မရဲ့ နစ်ကို အပ်လာတဲ့ ထိုလူကို ကျွန်မတစ်ခါမှ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မဆီကို ရောက်လာတဲ့ လူတိုင်းကို ရိုးသားစွာ ခင်ချင်တတ်ခဲ့တဲ့ ကျွန်မရဲ့ ပင်ကိုယ် အကျင့်အတိုင်း ထိုလူကို သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့မိတယ်။

ဒီလိုနဲ့ စကားတွေ ပြောကြရင်း၊ ဓါတ်ပုံ အပြန်အလှန်ပို့ကြရင်း၊ ၀က်ဘ်ကမ်မရာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြည့်ကြရင်း၊ ခင်မင်မှုတွေ ပိုလာတဲ့နောက် ခန့်လို့ ကျွန်မက ခေါ်ရတဲ့သူဟာ ကျွန်မကို ချစ်ခွင့်ပန်ပါတော့တယ်။ အွန်လိုင်းတို့ ထုံးစံ တစ်နေ့ ဒီလို ဖြစ်မယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်က ခန့်ကို အွန်လိုင်းမှာ မြင်မြင်ချင်း နှလုံးသားထဲကနေ ချစ်မိခဲ့တာမို့ ခန့်က ခုလို ဖွင့်ပြောလာတော့ ကျွန်မတကယ်ကို ၀မ်းသာပျော်ရွှင်ခဲ့ရတယ်။ ဒါပေမယ့်လည်းလေ ... အဲ့ဒီ ၀မ်းသာပျော်ရွှင်မှုတွေက နာကျင်ရမှုတွေသာ ဖြစ်လာခဲ့မယ်ဆိုတာ သိခဲ့မယ်ဆိုရင် ကျွန်မခန့်ကို မချစ်မိဖို့ ကြိုးစားခဲ့မိလိမ့်မယ် ထင်ပါရဲ့။ ခုတော့လည်းလေ...။

ခန့်နဲ့ ကျွန်မ ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာ ကျွန်မလေ ပိုပြီး သိသိလာရတာက ခန့်က ကျွန်မကို အပျော်တမ်း ဆော့ကစားခဲ့တယ်ဆိုတာကိုပါ။ ကျွန်မရဲ့အချစ်ကို တန်ဖိုးမထားခဲ့တဲ့ခန့်က ကျွန်မကို တကယ်မချစ်ခဲ့ပါဘူး။ ကျွန်မကို ရှင်းလို့ခေါ်တတ်ခဲ့တဲ့ ကျွန်မရဲ့ခန့်ဟာ ကျွန်မကို ရှေ့မှာထားပြီး ( ကမ်မရာနဲ့ သူ့ရုပ်ကို ပြထားပေမယ့် ) သူကတော့ တစ်ခြားမိန်းမတစ်ယောက်နဲ့ စကားပြောနေတတ်ခဲ့ပါတယ်။ အဲ့ဒါကို ထိုင်ပြီး ကြည့်နေခဲ့ရတဲ့ ကျွန်မ...။ ဆေးလိပ်မသောက်ပါနဲ့လားခန့်ရယ်၊ ကျန်းမာရေးအတွက်မကောင်းဘူးလေ၊ လျှော့သောက်နော်လို့ ကျွန်မပြောကာမှ ကျွန်မရှေ့မှာ ဆေးလိပ်ဖွာပြခဲ့တဲ့ ခန့်ကို ကြည့်ပြီး ရင်နာခဲ့ရတဲ့ကျွန်မ...။ အို ... အမျိုးမျိုးပါပဲလေ။

ခန့်ကြောင့် ကျွန်မနာကျင်ရသမျှကိုလေ ကျွန်မကိုသိပ်ချစ်တဲ့ ကိုကိုတစ်ယောက်သာ နားလည်ပေးနိုင်ခဲ့တယ်။ ကျွန်မ ပထမနှစ်တက်တဲ့ အချိန်ကတည်းက ကျွန်မကို ချစ်ခွင့်ပန်ခဲ့တဲ့ကိုကို့အချစ်ကို စဉ်းစားဆဲကျွန်မဟာ ခန့်နဲ့ တွေ့တဲ့အချိန်မှာတော့ ကိုကို့ကို အပြတ်ငြင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ခန့်ရဲ့ ရက်စက်မှုတွေနဲ့ ကျွန်မရဲ့ အချစ်ကို တန်ဖိုးမထားမှုတွေဟာ ကျွန်မကို ပိုလို့နာကျင်စေခဲ့ရင်းက ကိုကို့အချစ်တွေကို အသိအမှတ်ပြုလာစေဖို့ ဖြစ်လာခဲ့တယ်ဆိုတာ ခန့်တစ်ယောက် သိမှသိပါလေစနော်။

ကျွန်မကိုကို့ကို ရွေးချယ်တော့မယ်လို့ ဆုံးဖြတ်ချိန်မှာ ကျွန်မနှလုံးသားတစ်ခုလုံး နာကျင်အေးစက်နေခဲ့တာ ဘယ်သူများ သိနိုင်မလဲလေ။ ခန့်တစ်ယောက်ကတော့ ကျွန်မရဲ့ခံစားချက်ကို လစ်လျူရှုလို့ ကျွန်မအမြတ်တနိုးရှိခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ သီးသန့်နစ်မှာ အမကြီးတစ်ယောက်ရဲ့ပုံကိုတောင် တင်လိုက်ပါသေးတယ်။ ကျွန်မလေ နားလည်ပေးနိုင်ဖို့ အမြဲကြိုးစားခဲ့ပေမယ့် တစ်ကြိမ်ထက် တစ်ကြိမ်ဆိုသလို ပိုပိုပြီး နာကျင်လာရတာကတော့ ရင်နဲ့ အမျှပါပဲ။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူရဲ့ ယုယကြင်နာ မြတ်နိုး တန်ဖိုးထားခြင်းကို အနဲနဲ့အများဆိုသလို ခံယူချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ခန့်က ကျွန်မကို မချစ်ခဲ့သလို တန်ဖိုးလဲ မထားခဲ့ပါဘူး။ ကျွန်မကို မချစ်ခဲ့တဲ့ ကျွန်မရင်နှင့်အမျှ ချစ်ရတဲ့ချစ်သူကို ကျွန်မလွတ်လပ်ခွင့်ပေးလိုက်ချင်ပါတယ်။
နောက်ပြီး ကျွန်မကို သိပ်ချစ်ပြီး တန်ဖိုးထားလွန်းတဲ့ ကိုကို့ကို ကျွန်မ ကိုယ်ချင်းစာမိတယ်။ ဒါ့ကြောင့် ကျွန်မကို ချစ်တဲ့ ကိုကို့ဆီကိုပဲ သွားဖို့ ကျွန်မဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ကျွန်မနှလုံးသားဟာ သေဆုံးသွားခဲ့ပါပြီ။ ချစ်သောခန့်နဲ့ အတူပေါ့။

တစ်သက်မှာ တစ်ကြိမ်ပဲ ချစ်ခဲ့ဖူးပါတယ်။ အဲ့ဒီတစ်ကြိမ်မှာကတည်းက ကျဆုံးခဲ့ရတဲ့ ကျွန်မ... နာကျင်ခြင်းတွေကို ရင်မှာ ပိုက်ရင်း နှလုံးသားကို သဂြိုလ်လိုက်တယ်။ ချစ်သောခန့်တစ်ယောက် ... သိပါစေ။

နိဂုံး၏နောက်ဝယ် ...

အဲ့ဒီအချိန်ကစပြီး ခန့်ရှင်းဆိုတဲ့ စုံတွဲလေး အွန်လိုင်းပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာ ခုဆိုရင် ပြက္ခဒိန်တချို့တောင် လွင့်ပျယ်ကုန်ခဲ့ပါပြီ။
သုံးနဲ့ လေးလို နီးနေပေမယ့် ကျောခိုင်းအနေအထားဖြစ်နေခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်တဲ့ အဝေးတစ်နေရာစီကနေ
သတိရလွမ်းဆွတ်ခြင်းတွေနဲ့ အတူ...။

19 comments:

တလနွန် said...

ကောင်းပါ့ဗျာ ညီဇော်ရေ။။။။အွန်လိုင်းချစ်သူဇာတ်လမ်း
လေး နှစ်ဖက်အမြင်နဲ့ ရေးထားတော့ ပိုကောင်းသွား
တယ်။။။ညီဇော်လေး ရဲ့ အဖြစ်အပျက်လေးလား။။။။
အဟတ်။
ပျော်ရွှင်ပါစေ ညီဇော်ရေ။။။ဒိုးတော့မယ် ရုံးဆင်းပြီး။။။
ဘိုင်ဘိုင်

ခင်မင်ခြင်းနှင့်
ကိုည

Anonymous said...

ဟေးးးးးးးးးးးးးး ဇော်
ဇာတ်လမ်းလေးဖတ်ပြီးကောင်ပ့တယ်ဟီးးးးးးးးးးး
ကြောက်စရာရယ်လေ....အင်းးးးးးးးအွန်လှိုင်းချစ်သူတွေ
ဟီးးးးးးးးးးးးးးးးးးးးးး မြူးတော့ပါဖူးရယ်လေ
အဲဒါဇော်လားဟင်?????
တိတ်တိတ်လေးလာပြောပြနော်ဇော်
တာ့တာ

မငုံ said...

သိပ်ကောင်းတဲ့ပိုစ့်လေးပါ။

မြစ်ကျိုးအင်း said...

တယောက်ယောက်အကြောင်းတော့သေချာတယ်...။
ဒါမျိုးတွေရှိတယ်လေ..။

yehtutnaung said...

အွန်လိုင်းပေါ်က ချစ်မှုချစ်ရေးရာတွေ များများရေးပါဗျို့ ...။

Sein Lyan Tun said...

ခံစားမိပါတယ်
စာရေးကောင်းတဲ့ ညီမ
မျှော်နေအုံးမည်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

မေလေး said...

ဇော်ရေ...ရင်ထဲကိုတည့်တည့်မှန်သွားတယ်.....
မေကိုပြောနေသလားမှတ်ရတယ်.....................
အချစ်ဆိုတာတခါတလေမယုံနိုင်အောင်ဆန်းပါတယ်

ခင်တဲ့
မေလေး

မယ့်ကိုး said...

ပုံပြင်လေး လာနာသွားတယ်နော်။
စာရေးကောင်းသလို ဇာတ်လမ်းလေးလည်း ကောင်းတယ်။

အိုက်ခီလောက် said...

အွန်လိုင်းအချစ်မကြုံဖူးသေးတော့ ဂျစ်ညီမရယ် ဂျစ်ကို လေး ကို တစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးလေ :P
ဒါမှ ဘယ်လိုလေးဖြစ်မလည်းဆိုတာ သိရမှာ
လက်တွေ့ စမ်းသပ်ချင်လို့ 
ချစ်သူတွေဖြစ်သွားရင်လည်း ငါ့ညီမေ၇းထားတာတွေ ကိုဖတ် ပြီးပြီ ဆိုတော့ အဆင်ပြေမယ်ထင်တယ်နော်
ဒါပေမယ့် စိတ်ထဲဇဝေ ဇဝါ ဖြစ်နေတယ်
ရှင်းနဲ့ ခန့် ဆိုတာလေ အစ ပိုင်း ကဟာလေးတော့ ဆင်တယ် နောက်ပိုင်းကဟာက သူများဟာလားလို့ တွေးမိတာ အလိမ်ပေါ်တော့မယ် ဝေးးးးးးးးးးးးး
ကောင်းတယ်ကွာ ဂျစ်ညီမေ၇းသွားတာ
နေမကောင်းဘူးသာပြောတာ စာတော့ရအောင်ေ၇းတယ်ဗျာ

မိုးစက်အိမ် said...

လွမ်းစရာ ကောင်းတယ်နော် ... ဇာတ်လမ်းလေးက
စာရေးဆရာမ ကလောင်ထက်လို.နေလိမ်.မယ် :)

theinge said...

ဇော်ရေ

ဇော် ၀တ္တုထဲက
ဒီစာသားလေးကို ဖတ်ပြီး
"သုံးနဲ့ လေးလို နီးနေပေမယ့် ကျောခိုင်းးအနေအထားဖြစ်နေခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်တဲ့ အဝေးတစ်နေရာစီကနေ
သတိရလွမ်းဆွတ်ခြင်းတွေနဲ့ အတူ...။ "

သဲသဲ တော့ တကယ်လွမ်းသွားပြီ ။ အဟိ :)

မီးမီးချစ် said...

စိတ်ဆို တာ ပြောရခက်တယ်နော်...မထင်မှတ်ပဲ တယောက်ယောက် အပေါ် ကျဆုံးချင်ကျဆုံးသွားတာ..
ဘယ်လောက် အတွေ့  အကြုံ ရှိရှိလေ

DreamVillage said...

ဒူလေးလည်း အဲ့အတွဲက...

ငါလည်းအခု အဲ့လိုအတွဲမျိုးတစ်တွဲနဲ့ သိနေတယ်.. ဘယ် လို အားပေးရမလဲမသိဘူး.. နှစ်ဘက်စလုံးနဲ့  ငါနဲ့  သူငယ် ချင်းတွေ...
စိတ်ညစ်ပ့ါ ငဇော် ရေ

Anonymous said...

ဒါမျိုးတွေလဲ ရတယ်လား။ အရေးအသားကတော့ ရှယ်ပဲ စာရေးဆရာမကြီး ကျနေတာပဲ. ..။
ဟိ

kyalkalay said...

တကယ် ဖြစ်တာကိုရေးတာလား
ရအောင်မကျိုးစားဘူးလား
လွယ်လွယ်ချစ် လွယ်လွယ်မေ့ လား

kyalkalay said...

ဦးနှောက်နဲ့ချစ်သူရွေးတာမုန်းတယ်

ထင်လင်းအောင် said...

ကြိုက်တယ်ဗျာ....
ဒီလိုပုံစံလေးတွေရေးတာကို...
နောက်ထပ်ဆက်ဖတ်ဖို့ စောင့်မျှော်နေပါတယ်..

မင်းအိမ်ဖြူ Minn Eain Phyu said...

ကောင်းတယ်ဗျာ
အွန်လိုင်းဇာတ်လေး
ဒါပေမယ့် ဘယ်လိုပြောမလဲ အင်း တခါတလေတော့ဖြစ် တက်ပါတယ်နော်
နားလည်မှူလွဲတယ်ပေါ့လေ
ဆက်ရေးပါဗျာ စောင့်ဖတ်နေပါတယ်

Anonymous said...

ဒီဇာတ်လမ်းထဲက ရှင်းလုံးဝ မမှားပါဘူး .. ဘယ်မိန်းကလေးမဆို ကိုယ်ချစ်တဲ့သူက ကိုယ့်ကို တန်ဖိုးထားမြတ်နိုးတာကို အနဲနဲ့ အများလိုချင်ကြတဲ့ သူချည်းပါပဲ ... ခန့် ဆိုတဲ့ကောင်လား .. ဘာခုမှ အသည်းကွဲပါပြီ သေပါတော့မယ် လာလုပ်နေတာလဲ .. အဲကောင် မစွမ်းဆောင်နိုင်လို့ပေါ့ .. မိန်းမတစ်ယောက်ကို တကယ်ချစ်လားမချစ်လားဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မသိဘူးလား .. ကိုယ့်ကိုယ်ထားသွားတော့မှ သူ့ကိုချစ်ပါတယ်တဲ့လား .. အဲလိုကောင်မျိုး ၁၀ ခါပြန် ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်တယ် .... ယောကျာင်္းဆိုတာ ကိုယ်တကယ်မချစ်တဲ့ မိန်းမတစ်ယောက် ဆက်ဆံချင်သလို ဆက်ဆံ ဘာမှ မပြောလိုဘူး .. ကိုယ်တကယ်ချစ်မိတဲ့ မိန်းကလေးတစ်ယောက်ကိုတော့ သူတစ်ချက် မျက်နှာ မပျက်မသွားအောင် စွမ်းဆောင်နိုင်ရတယ် .. ဒါအောက်ကျ ခံတာ မဟုတ်ဘူး ... ချစ်တာ ... ဘယ်မိန်းကလေးမှလည်း ကိုယ့်ကိုယ် ခေါင်းငုံချစ်ခွင့်ပန်တဲ့ ယောကျာင်္းတစ်ယောက်ကို အောက်တန်းကျလိုက်တာလို့ မသတ်မှတ်ပါဘူး ... နောက်ဆုံးတော့ အဲလို ခေါင်းငုံနိုင်တဲ့ ယောကျာင်္းတစ်ယောက်က အနိုင်ရသွားတာပဲလေ ... တကယ်တော့ ရှင်းရဲ့ အချစ်က သေဆုံးသွားခဲ့တာ မဟုတ်ပါဘူး .. အခုမှ ရှင်သန်ဖို့အတွက် ရေလောင်းပေါင်းသင် ခံလိုက်ရတာပါ ...